စစ်ပြေးဒုက္ခသည်များသတင်း

စစ်ပွဲကြောင့် ကောင်းလုံနဲ့ နမ်ဟာ ​ဒေသခံ ၆၀၀ ​ကျော် မုံးကိုးမြို့သို့ ထွက်ပြေးလာ

ရှမ်းပြည်နယ်​မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်၊ ​ကောင်းလုံ ကျေးရွာအုပ်စု၊ နမ်ဟာရွာဘက်တွင် စစ်​​​ကောင်စီနဲ့ MNDAA တပ်တို့ကြား ယနေ့ နံနက်ပိုင်းက စတင်ပြီး တိုက်ပွဲ ပြင်းထန်လာတာကြောင့် နမ်ဟာ နဲ့ ​ကောင်းလုံဒေသခံ ၆၀၀ ​ကျော် မုံးကိုးမြို့သို့ ထွက်​ပြေးတိမ်း​ရှောင်လာကြောင်း ဒေသခံ တစ်ဦးက ​ပြောသည်။

“ဘယ်နှ​ယောက်​သေတာ ဘယ်​လောက် ပျက်စီးတာက အတိအကျ မသိရ​သေးဘူး။ အဲ​လောက်ပဲ မြင်ခဲ့တာ။ ​မြန်မြန် ​ပြေးလာခဲ့လို့။ ရွာမှာ အ​လောင်း​​တွေတောင် ဘာမှ မလုပ်ရ​သေးဘူး။ ပြန်ပြီး သွားရှင်း ရအုံးမှာ။ အ​ခြေအ​နေကြည့်ပြီး ငြိမ်ရင်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

​ထွက်ပြေးလာသော ကောင်းလုံ ကျေးရွာသားအများစုမှာ မုံးကိုး ကချင်ဘုရားကျောင်းဝင်းတွင် ခိုလှုံနေကြပြီး၊ နမ့်ဟာ ဒေသခံများမှာ ​မုံးကိုးရှိ ဆွေမျိုး အသိအိမ်များနှင့် ဘုန်းကြီး​ကျောင်းတွင်  ခိုလှုံနေကြကြောင်း သိရသည်။

ယနေ့ နံနက်တိုက်ပွဲဖြစ်ပွားခဲ့သောနေရာမှာ ကောင်းလုံရွာနဲ့ နမ်ဟာရွာ အနီးတွင်ဖြစ်ပြီး မုံးကိုးမြို့မှ ၅ မိုင်ခန့်သာ ကွာဝေးသည်။

“လမ်း​လျှောက်ဆင်းလာတာ ၂ နရီ ​လောက် ကြာတယ်။ တချို့က ဆိုင်ကယ်နဲ့ လာခဲ့ကြတယ်။ ကြောက်လန့်တကြား ​လော​လော နဲ့ ဘာမှ မပါလာဘူး။ အစားအ​သောက်နဲ့ ​စောင်​တွေ လိုမယ်ထင်တယ်။ အ​ခြေအ​နေ မသိရ​သေး​တော့ ဘာမှ မသိ​သေးဘူး။ လူဦး​ရေ က အတိအကျ မသိ​​သေးဘူး။ ခုမှ လုပ်​နေတုန်း” ဟု လက်ရှိ စစ်​ရှောင်များကို စီမံ​ခန့်ခွဲနေသူက တစ်ဦးက ​ပြောပါသည်။

ယနေ့ နံနက်အစောပိုင်းက စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ကြား တိုက်ပွဲကြောင့် နမ့်ဟာရွာ အိမ်တစ်အိမ်တွင် လက်နက် ကြီးကျည်က​ရောက်ပြီး မိသားစု ဝင် ၄ ဦး သေဆုံးခဲ့သည်။

၎င်းတို့မှာ အသက် ၃၂ နှစ်အရွယ် အိုက်အူး၊ ​အသက် ၁၀ နှစ် မောင်​အောင်ခိုင် ၊ ၆၃ နှစ်အရွယ် ​ဒေါ် အီ​မောန်း နှင့် ၈၂ နှစ်အရွယ် ​ဒေါ်အီမိုး တို့ဖြစ်သည်။

လက်ရှိ ထွက်ပြေးနေရသော ​ကောင်းလုံကျေးရွာတွင် အိမ်​ခြေ ၂၇ အိမ်ရှိပြီး လူဦး​ရေ ၆၀ ​ကျော်ရှိသည်။ နမ့်ဟာကျေးရွာမှာ အိမ်​ခြေ ၁၀၃ အိမ် ရှိပြီး လူဦး​ရေ ၅၅၈ ဦးရှိသည်။ မုံးကိုးမြို့သို့ ခြေလျှင်ဖြင့် ထွက်ပြေးလာရသောကြောင့် လမ်းမလျှောက်နိုင်သော အသက်ကြီးပိုင်းအချို့ ကျေးရွာတွင် ကျန်ခဲ့သည်ဟု ဆိုသည်။

ဇူလိုင် လဆန်း ကတည်းက မုံးကိုး ​ဒေသတွင် စစ်​ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့​သော​ကြောင့် ​ထောင်းဆိုင်၊ မန့်ယန်၊ ဘန်​မွေ စသည့် ​ဒေသခံ ၁၉၀ ​ကျော် တရုတ်နယ်စပ်​လောက်တဲန့်ဘက်တွင် စစ်​ရှောင်​နေရဆဲ ဖြစ်သည်။

Bum Shep

Show More

Related Articles

Back to top button