တိုက်ပွဲသတင်း

ကြူကုတ် (ပန်ဆိုင်း) တိုက်ပွဲ စစ်ကောင်စီ ဘက်က ၁၅ ဦးကျ၊ အနည်းဆုံး ၆ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် မြန်မာနယ်စပ် မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) အနီး ဩဂုတ် ၃၀ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီ ဘက်က ၁၅ ဦးကျ၊ အနည်းဆုံး ၆ ဦး ဒဏ်ရာရကြောင်း ကိုးကန့်သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီဘက် ၁၅ ယောက်ကျ၊ အနည်းဆုံး ၆ ထိခိုက်တယ်။ MNDAA ဘက် ထိခိုက်မှု မရှိဘူး။ လက်ရှိမှာ စစ်ကောင်စီဟာ မုံးကိုး ဒေသအခြေစိုက် MNDAA တပ်ဖွဲ့ ရဲ့ အခြေ စိုက်စခန်းတွေကို ထိုးစစ်ဆင်ဖို့ စစ်အင်အား ဖြည့်တင်းနေတယ်” ဟု ပြောသည်။

စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တို့ ဩဂုတ် ၃၀ ရက်နေ့ တိုက်ပွဲနှင့် ပတ်သက်ပြီး မေးမြန်းရာ ကိုးကန့် သတင်းနှင့် ပြန်ကြားရေးဘက်က ယခုလို ပြန်လည်ဖြေဆိုခဲ့ခြင်း​ ဖြစ်သည်။

ထို့အပြင် ယနေ့ ဩဂုတ်လ ၃၁ ရက်‌‌နေ့ နံနက်ပိုင်းကလည်း မုံးကိုး နော့ဂူအနီး မန်မောဝ်ဘက်တွင် စစ်ကောင်စီနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း မုံးကိုး ဒေသခံ တစ်ဦးက ပြောသည်။

ရှမ်းမြောက် တရုတ်နယ်စပ်အနီး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲကြောင့် ဩဂုတ် ၂၉ ရက်နေ့ကလည်း မုံးကိုး နမ့်ဟာကျေးရွာ ဒေသခံ ၄ ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ဩဂုတ်လ ၃၀ ရက်နေ့ကလည် ကြူကုတ် (ပန်ဆိုင်း) နားအနီးတွင် ဒေသခံ ၂ ဦး ထပ်မံ သေဆုံးခဲ့သည်။

မုံးကိုးမြို့နယ်တွင် ဇွန်လ ဆန်းပိုင်း မှ လက်ရှိအထိ စစ်ကောင်စီ နှင့် MNDAA တို့ အကြား တိုက်ပွဲမကြာခဏ ဖြစ်ပွားနေပြီး စစ်‌ရှောင်အသစ်များအဖြစ် ဖောင်းဆိုင်ဖက် ၁၉၀ ကျော်၊ မုံးကိုးမြို့တွင် ၆၀၀ ဝန်းကျင် နှင့် ကြူကုတ် (ပန်ဆိုင်း) ဘက်တွင် ၁၄၀၀ ကျော် ထွက်ပေါ်လာနေပြီ ဖြစ်သည်။

၎င်းတို့အတွက် ရိက္ခာလမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ထားဆဲ ဖြစ်ကြောင်း သိရသည်။

Bum Shep

Photo – ကိုးကန့် သတင်းဌာန

Show More

Related Articles

Back to top button