သတင်း

မူဆယ် နန်းတော်ပေါက်မှ မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော် နေရပ်ပြန် ဝင်ရောက်လာ

တရုတ် မြန်မာနယ်စပ် မူဆယ် နန်းတော်ဂိတ်မှ မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၂၇၃ ဦး ဩဂုတ်လ ၃၀ ရက်နေ့က ပြန်လည်ဝင်ရောက်လာကြောင်း မူဆယ် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ကွန်ယက် မှ သိရသည်။

“၃၀.၈.၂၀၂၁ နန်းတော်ဂိတ်မှ မူဆယ်သို့ ပြည်တော် ပြန်ဝင်လာသူ ကျား ၁၅၆+ မ ၁၁၇” ဟု မူဆယ် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ယက်က အသိပေးကြေညာထားသည်။

Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေကြောင့် နယ်စပ် ဂိတ်ပေါက် အားလုံးကို တရုတ်နိုင်ငံဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ရာမှ နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူများနှင့် ပရဟိတ လူမှုကူညီရေးအသင်းများ ညှိနှိုင်းပြီး အခက်အခဲဖြစ်နေသည့် မြန်မာလုပ်သားများအတွက် နန်းတော် တရားဝင်ဂိတ်ပေါက်ကို ဖွင့်ပြီး တရုတ်ဘက်မှအထွက် ခွင့်ပြုခဲ့ခြင်း ဖြစ်ပါသည်။

“မြန်မာပြည် ပြန်ချင်တဲ့ မြန်မာနိုင်ငံသားတွေ အတွက် အထောက်အထားမရှိလည်း ပြန်ဖို့ဆောင်ရွက်ပေးနေတယ်” ဟု ရွှေလီရောက် မြန်မာနိုင်ငံသား တစ်ဦးကလည်း ပြောသည်။

ဇူလိုင်လ ၂၆ ရက်နေ့ နန်းတော်ပေါက် ဖွင့်ပေးခဲ့တာ ဖြစ်ပြီး အဆိုပါနေ့မှ ဩဂုတ်လ ၃၀ ရက်နေ့အထိ တရုတ် ဘက်ကနေ မြန်မာဘက်ကို နေရပ်ပြန်လာကြသော ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၈၂၇၇ ဦးရှိပြီဖြစ်သည်။

ထို့အပြင် တရုတ်နိုင်ငံဘက်ခြမ်းတွင် တရားဝင် ပုံမှန်အလုပ်နဲ့ ဝင်ငွေရှိ‌နေသူ များကလွဲလို့ ကျန်တဲ့ နိုင်ငံခြားသား‌များကို ပြည်နှင်ဒဏ် ပေးသွားမည်ဟု  အသိပေးစာ ထုတ်ပြန်ပြီးနောက် နန်းတော်တရားဝင်ဂိတ်ပေါက် မဖွင့်မီ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကတည်းက အခြားခိုးပေါက်မှ နေရပ်ပြန်သွားသူများလည်း ရာချီ ရှိခဲ့သည်။

တရုတ် – မြန်မာ နယ်စပ် ကျယ်ဂေါင်၊ ရွှေလီ အပါအဝင် မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ တရုတ် နယ်စပ် တလျှောက်တွင် တရုတ် ကျန်းမာရေးဌာနက COVID-19 ကပ်ရောဂါ ကူးစက်မှု အမြင့်ဆုံးဇုံအဖြစ်သတ်မှတ်ကာ တင်းတင်း ကျပ်ကျပ် ကိုင်တွယ်နေသဖြင့် မကြာခဏ Lockdown ချပြီး လုပ်ငန်းများရပ်ဆိုင်းထားသောကြောင့် မြန်မာလုပ်သားများ အလုပ်လက်မဲ့ ဖြစ်ကာ နေရပ်ပြန်ကြရခြင်း ဖြစ်သည်ဟု သိရသည်။​

 

Bum Shep

Photo Crd# လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး ကွန်ယက်

Show More

Related Articles

Back to top button