လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

သတင်းအမှောင်ကျနေဆဲ ဖားကန့်မြို့နယ်

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက အင်တာနက်ပိတ်ထားတာ တစ်လကျော်လာပြီဖြစ်သောကြောင့် ပညာရေး၊ စီးပွားရေး နှင့် လွတ်လပ်စွာပြောဆိုခွင့် ဆုံးရှုံးနေရဆဲဖြစ်ကြောင်း ဒေသခံများ ပြောသည်။

Covid-19 ရောဂါကြောင့် အွန်လိုင်းဖြင့် ပညာသင်ကြားနေသူများ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် အချိန်တိုင်း ဆုံရှုံးမှုဖြစ်နေကြောင်း ဖားကန့်မြို့ခံ တစ်ဦးက ပြောသည်။

“အင်တာနက် လိုင်းမရတော့တဲ့အတွက် ငွေလွဲတာ မရတော့ဘူး။ ဖုန်းနဲ့ပဲဆိုတော့ အင်တာနက် မရတော့ နေ့စဉ်ဘဝမှာ ဆုံးရှုံးမှု ရှိနေပါတယ်။ စိတ်ဓါတ်ရေးရာမှာဆိုလည်း အရမ်း အားငယ်တယ်။ ကိုယ်နေတဲ့ဒေသမှာဘဲ လိုင်းဖြတ်ခံရပြီး တခြားနေရာမှာတော့ ရနေတယ်။ လုပ်ရမယ့်အလုပ်လည်း မပြီးမြောက်။ လူငယ်တွေဆိုလည်း ထိုနည်းလည်းကောင်း စိတ်ဓါတ်ကျတဲ့အပိုင်းတော့ ရှိနေတယ်။” ဟု ပြောသည်။

ဖားကန့်မြို့နယ်ဖြစ်သော ကားမိုင်း မှ ဖားကန့်လမ်း၊ တာမခန် ၊ ဟောင်ပါးနှင့် လီဒူလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာထိ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက အင်တာနက်ပိတ်ထားခဲ့ရာ ယခု ၁ လကျော်လာပြီ ဖြစ်သည်။

လိုင်းပိတ်လိုက်သည့်ကာလမှစတင်ပြီး ဒေသခံများမှာ ငွေထုတ်ငွေလွဲ ခက်ခဲလာခြင်း၊ ကလေးများ အွန်လိုင်းမှ ပညာသင်ကြားမှု ပြတ်တောက်သွားခြင်း၊ အွန်လိုင်းမှတဆင့် အစည်းအဝေး မလုပ်နိုင်ခြင်း တို့ဖြစ်ပေါ်နေသည်။

ဒါ့အပြင် နိုင်ငံရေးမတည်ငြိမ်၊ တိုက်ပွဲဖြစ်ပွားနေဆဲကာလဖြစ်သောကြောင့် သတင်းကြိုတင်မရရှိပဲ ခရီးသွားရန် စိုးရိမ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“နယ်စွန်နယ်ဖျားဖြစ်တဲ့ကျနော်တို့လို ဒေသခံတွေဟာ သွားလာဖို့ ခက်လာတယ်။ တစ်ရက်ထက်တစ်ရက် စားဖို့သောက်ဖို့လည်း ခက်လာတော့ ဘာဖြစ်လာမလဲ မသိတော့ဘူး။ အရမ်းခက်ခဲနေပါတယ်။ လိုင်းဘာမှ မရတဲ့အတွက် သတင်းအမှောင်ချမှုဖြစ်သွားတယ်။” ဟုဆိုသည်။

ထို့အပြင် ယခင်က ကိုဗစ်-၁၉ ကူးစက်နှုန်းနှင့် ပိုးတွေ့လူနာဖြင့် ထိတွေ့သူများကို သတင်းမီဒီယာများမှတဆင့် သိရှိကာဆင်ခြင်နိုင်ခဲ့သော်လည်း ယခုတွင်မူ ရောဂါပိုး ကူးစက်သူ ဦးရေမည်မျှရှိနေသည်ကိုပင် မသိတော့သည့်အခြေအနေဖြစ်နေသည်ဟု ပြောသည်။

“ဘာတွေဖြစ်လဲဆိုတော့ အချက် ၂ ခုပေါ့။ ရောဂါအခြေအနေ နောက်ဆုံးဘာဖြစ်နေလဲ ၊ ကုန်ပစ္စည်း စျေးနှုန်းတက်လာတော့ သူတို့ ဘယ်လောက်ဆိုပြီး ရောင်းပေးရင်လည်း ဝယ်ရတာပေါ့။ အရမ်းခက်ခဲနေပါတယ်။ နိုင်ငံရေးအခြေအနေ ဘယ်လိုရှိနေလဲ မသိတော့ဘူး။” ဟု ဖားကန့်ဒေသခံတစ်ဦးက ဆိုသည်။

အခုလို စစ်ကောင်စီက ဖားကန့်မြို့နယ်တစ်ခုတည်းကိုပဲ ကွက်ပြီး ဆက်သွယ်မှုအင်တာနက် ဖြတ်တောက်ထားခြင်းမှာ စစ်ရေးအတွက် ပြင်ဆင်ခြင်းဖြစ်သည်ဟု ယခင်အတွေ့အကြုံများနှင့် ချိန်ထိုးပြီး ဖားကန့်ဒေသခံများက ယူဆနေကြသည်။

ထိုအခြေအနေများကြောင့် ဖားကန့်ဒေသခံများမှာ ရိက္ခာစုဆောင်းခြင်းနှင့် အလွယ်တကူထွက်ပြေးနိုင်သည်အထိ အထုပ်အပိုး ပြင်ဆင်ထားသည်ဟု ဆိုသည်။

“အင်တာနက်လိုင်းမရတော့ ဘာဖြစ်လာမလဲ မသိစိုးရိမ်မှုရှိတယ်။ လိုင်းပိတ်ပြီဆိုရင် တိုက်ပွဲ ပိုပြင်းထန်လာမလားဆိုပြီး တွေးမိပြီးမှ ကြိုတင်ပြင်ဆင်ထားရတယ်။ ဒီမှာ စစ်ပွဲဖြစ်ပွားခဲ့ရင် အဆင်ပြေတဲ့နေရာပြေးလို့ရအောင် ပစ္စည်းတွေ ပြင်ထားရတယ်။ အင်တာနက်လိုင်းမရတော့ အရင်ကတော့ ပို စိုးရိမ်မှုရှိတယ်။ အဲလိုတော့ပြင်ဆင်ထားတယ်။” ဟု ဖားကန့်ဒေသခံတစ်ဦးက ထပ်ပြောသည်။

ဖားကန့်ဒေသတွင် စစ်ကောင်စီအတွက် ဝင်ငွေအမြောက်အများရရှိစေနိုင်သော ကျောက်စိမ်းတွင်းကြီးရှိနေသည်ဖြင့် ၎င်းတို့လက်ဦးမှုရရှိရန် သတင်းအမှောင်ချကာ ပြင်ဆင်နေခြင်းဖြစ်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်းပိုင်းအထိ ဖားကန့်မြို့နယ် နေရာအချို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း အင်တာနက်ပိတ်ပြီးနှောင်းပိုင်း တိုက်ပွဲဖြစ်ပွားမှုများ မရှိသေးကြောင်း သိရသည်။

Show More

Related Articles

Back to top button