မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မြစ်ဆုံဒေသ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုကို ဒေသခံများ ကန့်ကွက်

ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံအနီးတစ်ဝိုက်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လုပ်ငန်းရှင်တစ်ချို့ စက်ယန္တယားကြီးများဖြင့် ရွှေတူးဖော်ရေးလုပ်ငန်း ပိုမိုလုပ်ဆောင်နေခြင်းကို ကန့်ကွက်ကြောင်း မြစ်ဆုံ တန်ဖရဲ ဒေသခံများက ယနေ့ သဘောထုတ်ပြန်ထားသည်။

ဧရာဝတီ မြစ်ကမ်းနံဘေးတစ်လျောက် ရွှေတူးဖော်သည့်လုပ်ငန်း ပိုမိုများပြားလာခြင်းကြောင့် မြစ်ကြောင်းပျက်စီးမှုများ ဖြစ်လာမည်ကို လုံးဝမလိုလားကြောင်း မြစ်ဆုံဒေသခံတစ်ဦးက ပြောသည်။

“ကျမတို့ ဒီမြစ်ဆုံမှာ ရေကာတာတောင် မဆောက်သေးဘူး ရွှေတူးတာနဲ့ ပျက်စီးတော့မယ်။ အဲတာကို စိုးရိမ်လို့ ခုလို ထုတ်ပြန်ချက်ထုတ်ရတာ။ အခုတူးနေတဲ့သူတွေက မြေဟိုးအောက်ထိရောက်အောင်တူးကြတာလေ ရွှေများလေ တွင်းနက်လေပဲ။ ဒီတိုင်းဆို ရေကြောင်းတွေ ပျက်စီးကုန်မယ်။ သူတို့ပြောတာတော့ ရှေ့စနောက်ပစ် မြေတွေလှသွာအောင်လုပ်ပေးမယ်တဲ့။ အရင်ကမြေမှန်ကို ဖျက်ဆီးလိုက်ပြီးမှ ပြန်ပြုပြင်မယ်ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။” ဟု ပြောသည်။

လက်ရှိ မြစ်ဆုံ တဖရဲဒေသမှ မြစ်ကြောင်းတစ်လျှောက် စက်ယန္တရာများဖြင့် ရွှေတူးဖော်နေသူများ ပိုမိုစည်ကားလာနေသည်ဟု သိရသည်။

စက်ယန္တရားများဖြင့်ရွှေတူးဖော်ခြင်းသည် သဘာဝပတ်ဝန်းကျင်နှင့် အထင်ကရနေရာများပျက်စီးဆုံးဆုံးခြင်းနှင့် အခြားနောက်ဆက်တွဲဆိုးကျိုးများ ၊ လူမှုရေးပြဿနာများ ဖြစ်စေကြောင်း ဒေသခံများအနေဖြင့် ယခင်ကလည်း ကန့်ကွက်ခဲ့ဖူးသည်ဟု ဆိုသည်။

“ သူတို့ပြောတာတော့ လုပ်ပိုင်ခွင့်ရလို့ လုပ်တာလို့ပြောတယ်။ ဘယ်သူက ပေးတာလဲလုပ်ပိုင်ခွင့်တော့ ကျမတို့လဲ မသိဘူး။ လုပ်ပိုင်ခွင့်ရလို့ ဆိုပြီး စက်ယန္တယားအကြီးတွေနဲ့ လာတူးနေကြတယ်။ ၁ လလောက်ပဲခံတယ် ကန့်ကွက်လို့ ရပ်ဆိုင်းပေးတာ အခုတော့ ပြန်တူးနေကြပြီ။” ဟု ဆက်ဆိုထားသည်။

စက်ယန္တယားများဖြင့် ရွှေတူးဖော်ခြင်းကြောင့် ရေရှည်အတွက်နောက်ဆက်တွဲ သဘာဝဆိုးကျိုးများ ၊ လူမှုဆိုးကျိုးများဖြစ်ပေါ်လာပါက အဆိုပါ စက်ယန္တရားများဖြင့် ရွှေတူးဖော်သူများနှင့် ခွင့်ပြုသူများ၌သာ သက်ဆိုင်သည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေးအတွက် ဒေသခံများအနေဖြင့် ဆက်လက် သွားမည်ဟု ဆိုသည်။

လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်ခန့်ကစတင်ပြီး မြစ်ဆုံစီမံကိန်းအကောင်ထည်ဖော်လာသောကြောင့် ဒေသခံများမှာ နေရာအသစ်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။ ကန့်ကွက်မှုများဖြင့် ကြုံတွေ့ခဲ့ရသောကြောင့် မြစ်ဆုံစီမံကိန်းကို သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၁ တွင် ယာယီ ရပ်နားခဲ့သည်မှာ ယနေ့ တိုင်ဖြစ်သည်။

စီမံကိန်း ယာယီ ရပ်နားခဲ့သော်လည်း ဒေသခံများမှာ ၎င်းတို့ မြေယာများ ပြန်လည်ရရှိခြင်း မရှိဘဲ နှောင်းပိုင်းတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ ပိုမို များပြားလာခြင်း ဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button