သတင်း

မြန်မာ-တရုတ် နယ်စပ်မှာ ပိတ်ထားတဲ့ ဂိတ်တွေကို ပြန်လည် ဖွင့်ဖို့ ဆိုင်းငံ့ထား

မူဆယ် နယ်စပ်ဘက်မှာ ပိတ်ထားတဲ့ ဂိတ်တွေကို ပြန်ဖွင့်ဖို့ အောက်တိုဘာ ၁၄ ရက်နေ့က တရုတ် မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်ပတ်သက်တဲ့ အစည်းဝေးတခုကို Online ကနေ ကျင်းပခဲ့ပေမယ့် နှစ်နိုင်ငံ ကုန်သွယ်ရေးမျှတမှု မရှိတာကြောင့် ဆိုင်းငံ့ထားရကြောင်း မြန်မာလုပ်ငန်းရှင်တွေ ဆီက သိရပါတယ်။

“တရုတ်နဲ့ မြန်မာ ညှိတာ အဆင်မပြေဘူး။ တရုတ်က စာ ထုတ်လာပြီ။ ၁၅ ရက်ဖွင့် မယ့်ဟာကတော့ ထပ်ပြီးတော့ ဆိုင်းငံ့ လိုက်ပြီတဲ့။ ပြန်ဖွင့်မယ်ရက်ဆိုတဲ့ဟာတော့ ပြန်ပြီး အကြောင်းကြားမယ်တဲ့။” လို့ တရုတ်ဘက်က မြန်မာ လုပ်ငန်းရှင် တဦးက ပြောပါတယ်။

တရုတ်ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံဘက်သို့သွင်းခွင့်ပြုပေမယ့် မြန်မာနိုင်ငံက ပို့ကုန်ကို တရုတ်ဘက်ဝင်ခွင့်မပြုဘူးလို့ တင်ပြလာတာကြောင့် မြန်မာနိုင်ငံက လက်မခံ ခဲ့ကြောင်း မူဆယ် ဆန်စပါးကုန်စသည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

“တဖက်သတ် တရုတ်ပြည်ကပဲ မြန်မာပြည်ကိုသွင်းမယ်။ မြန်မာပြည်က ကုန်ပစ္စည်းတွေကို တရုတ်ပြည်ကို မသွင်းရဘူးဆိုတဲ့ ကိစ္စတော့ ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ တရုတ်ပြည်က ကားအစီး ၁၀၀၀ မြန်မာပြည်ကိုဝင်ရင် ကျွန်တော်တို့ မြန်မာပြည်ကလည်း ကားအစီး ၁၀၀၀ တရုတ်ပြည်က ခွင့်ပြုမှ ကုန်သွယ်ရေးမျှတမှု ဆိုတာ ဖြစ်ပေါ်လာမယ်။” သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘက်က တာဝန်ရှိ ပုဂ္ဂိုလ်တွေကလည်း မဖြစ်နိုင်ဘူးလို့ ပြောတာကြောင့် တရုတ်နိုင်ငံဘက်က တာဝန်ရှိ ပုဂ္ဂိုလ်တွေကလည်း ဒီကိစ္စတွေကို ဗဟိုအစိုးရဆီ တင်ပြပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဘက်က လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေ၊ မူဆယ်နယ်စပ် စီးပွားကူးသန်းနဲ့ နယ်စပ်ကုန်သွယ်ရေးက ပုဂ္ဂိုလ်တွေ၊ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ပုဂ္ဂိုလ်တွေ၊ တရုတ်အဖွဲ့အစည်းက ဥက္ကဋ္ဌတွေ တက်ရောက်ပြီး တရုတ်နိုင်ငံဘက်က ယူနန်ပြည်နယ် ခရိုင်အဆင့်ရှိတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်တယ်လို့ ဆိုပါတယ်။

တရုတ်ဘက်က ကိုဗစ် အကြောင်းပြချက်နဲ့ ကျယ်ဂေါင်-မန့်ဝိန်းဂိတ်ပေါက်ကို ဧပြီလ လဆန်းပိုင်းကတည်းက ယာယီပိတ်ထားလိုက်ပြီး ကျင်ဆန်းကျော့နဲ့ ကြူကုတ် (ပန်ဆိုင်း) ဂိတ်ကို ဇူလိုင်လ ၈ ရက်နေ့ကစ ရက်အကန့်အသတ် မရှိ ယာယီ ပိတ်လိုက်ကာ ချင်း‌ရွှင်ဟော် ဂိတ်ကိုတော့ အောက်တိုဘာလ ၆ ရက်နေ့က ပိတ်လိုက်တာလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button