သတင်းသတင်းဆောင်းပါး

အစာစနစ်ပျက်စီးမှုနှင့်ရင်ဆိုင်ရတော့မည့် ဆင်တွေရဲ့ဘဝ

“ကျနော်တို့ တနိုင်းမှာ ဆိုရင်ဆင်တွေအတွက် အစာရဖို့ကခက်လာပြီ နောက်သုံးလေးနှစ်ဆို ပိုဆိုးလာပြီး စားစရာတောင်ကျန်မှာမဟုတ်တော့ဘူး” ဟု ဆင်ဖြင့်အသက်မွေးဝမ်းကြောင်းနေသူ ဦး Tawng La က ပြောပါတယ်။

ရွှေတူးဖော်မှု၊ သစ်ထုတ်လုပ်မှု နဲ့ မီးသွေးထုတ်လုပ်မှုတို့ကြောင့် သဘာဝပြုန်းတီးပြီး လူသားတွေသာမက တရိစ္ဆာန်တွေအတွက်ပါ နေထိုင်ရှင်သန်ဖို့ ခက်ခဲလာရပါတယ်။

ကချင်ပြည်နယ် ကာမိုင်းမြို့ နဲ့ တနိုင်းမြို့ က ဆင်တွေဟာ ဒီအန္တရာယ်ကို ကြုံတွေ့ ခံစားနေရပါတယ်။ ဒီဒေသတွေမှာ သစ်တော ပျက်စီးလာတဲ့အတွက်ကြောင့်  အစာစနစ် ပျက်စီးတာကို ကြောက်စရာကောင်းလောက်အောင်  ကြုံလာရခြင်း ဖြစ်ပါတယ်။

“သဘာဝပတ်ဝန်းကျင် ပျက်စီးလာပြီဆိုရင် တရိစ္ဆာန်တွေအတွက် အစာကွင်းစက် ကစပြီး ထိခိုက်လာတယ်။ ဝါးပင် သစ်ကိုင်း နုရွက် ကိုင်းတော မျက်ခင်းလွင်ပြင် သစ်တောအသေး သစ်တောအကြီး အလွှာတိုင်းမှာ တောတရိစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ ဂေဟစနစ်တွေရှိတယ်။ အစာစနစ်ကို ထုတ်ပေးတဲ့ အပင်ရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးတယ်” ဟု ကချင်သဘာဝပတ်ဝန်းကျင်ပညာရှင် Share La ကလည်း ပြောပါတယ်။

ဆင်တွေအတွက် အစာရေစာဖြစ်တဲ့ ငှက်ပျော်ရိုင်း၊ သစ်ရွက်သစ်ပင်တွေ ပျက်စီးပြီးတော့ ဆင်အတွက် စားစရာမကြာခင် ကုန်ခမ်းတော့မယ်လို့ ဆင်ထိန်းတွေ က ပြောဆိုနေကြပါတယ်။

ဆင်တကောင်ဟာ တန်ဖို့းအားဖြင့် သိန်းသုံးရာ လေးရာ ရှိပါတယ်။ ဆင်တစ်ကောင် မွေးဖွားနိုင်ဖို့ ၁၀ နှစ်ခန့်ကြာတယ်လို့လည်း သိရပါတယ်။

ဒါကြောင့်လည်း တချို့သူဌေးတွေဟာ သစ်လုပ်ငန်းအတွက် တောမုဆိုးများကို ငွေပေးပြီး တောရိုင်းဆင်များကို ဖမ်းခိုင်းကြကြောင်းသိရပါတယ်။ ဆင်မများကို အလွန်အကျွံ သစ်ဆွဲခိုင်းလျှင် မွေးဖွားမှုနှုန်း၌ အန္တရယ်ရှိပါတယ်။

ဟူးကောင်းဒေသမှာဆိုရင် အရင်က ဆင်အကောင်ရေ ၅၀၀ လောက်ရှိပေမယ့် အခုတော့ ၂၀၀ ခန့် သာရှိတော့ကြောင်း ဆင်ပိုင်ရှင်တွေက ပြောပါတယ်။

မြန်မာသာမက ကမ္ဘာမှာလည်း သစ်တောပြန်းတီးမှုတွေလည်း ဆက်တိုက်ဖြစ်နေပြီးတော့ နောက်ဆက်တွဲအနေနဲ့ ရာသီဥတု ဖောက်ပြန်မှုကြောင့် နေထိုင်မှုနှင့် စားနပ်ရိက္ခာ ရှားပါးမှု အန္တရယ် ကြုံတွေ့နေရပါတယ်။

ဒါကြောင့်လည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် အဖွဲ့အစည်းများအနေဖြင့် တတ်နိုင်သမျှ အားထုတ်သင့်နေပြီလို့ ဆင် နဲ့ အသက်မွေးဝမ်းကြောင်းပြုနေသူတွေက ပြောပါတယ်။

အာဘရာဟမ်

Show More

Related Articles

Back to top button