လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကသာမြို့ ဖမ်းဆီးခံထားရသည့် ဦးစိုးတင့်၏ ရွှေဆိုင် ချိတ်ပိတ်ခံရ

စစ်ကိုင်းတိုင်း၊ ကသာမြို့တွင်း စစ်ကောင်စီတပ်မှ အောက်တိုဘာလ (၈)ရက်ည ဖမ်းဆီးသွားသည့် ဈေးသည် (၉)ဦး အနက် အီးတိန်ရွှေဆိုင်ပိုင်ရှင် ဦးစိုးတင့်အား PDF နှင့် ချိတ်ဆက်သည်ဟုဆိုကာ ဇန်နဝါရီလ ၁၈ ရက်နေ့ စစ်ကောင်စီတပ်မှ ရွှေဆိုင်အား ချိတ်လာပိတ်သွားကြောင်း ဒေသခံများမှ သိရသည်။
” ခုကလုံးဝကို ရောင်းလို့မရတော့ဘူး သူတို့ဆိုင်ရှေ့မှာ ဆိုင်းဘုတ်ကပ်ထားတာ PDF အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်နေလို့ဆိုတဲ့ ဆိုင်းဘုတ်အနီကြီး လာကပ်သွားတယ်” လို့ ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ကသာမြို့အတွင်းရှိ ဈေးသည် (၉ )ဦးအား အောက်တိုဘာလ(၈)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်တွင် အရေးကြီးမေးစရာရှိသည်ဟုဆိုကာ တစ်ပြိုင်တည်း ဖမ်းဆီးသွားခြင်းဖြစ်ကာ လက်ရှိချိန်ထိ တစ်ဦးမှ လွှတ်မြောက်လာခြင်းမရှိသေးဘဲ အမှတ် (၁)ရဲစခန်းတွင် စစ်ဆေးမေးမြန်းမူများ ပြုလုပ်နေဆဲဖြစ်ကြောင်း နီးစပ်ရာ ဒေသခံတစ်ဦးကပြောသည်။
ယင်းကဲ့သို့ စစ်ဆေးမေးမြန်းရာတွင် အီးတိန်ရွေဆိုင်ပိုင်ရှင်သည် PDF နှင့်ချိတ်ဆက်သည်မှာ မှန်ကန်သည်ဟု ထွက်ဆိုထားကြောင်း ဒေသခံများကပြောသည်။
“တစ်ယောက်မှလည်း ပြန်မလွှတ်သေးဘူး ကိုအီးတိန် ရွှေဆိုင်ပိုင်ရှင်က pdf နဲ့ ဆက်စပ်သက်သေ တွေ့ရှိတယ်လို့ ကြားရတယ်။ ကျနော်တို့ ကြားရသလောက်တော့ အားလုံးကို အမူဖွင့်ဖို့ စွဲချက်တင်ထားပြီ သိရတယ်”ဟု နီးစပ်သူတစ်ဦးကပြောသည်။
ဖမ်းဆီးခံထားရသူများမှာ စိန်လှိုင်ကိတ်ဆိုင်မှ ၁ဦး၊ကိုအီးတိန် ရွှေဆိုင်မှ ၁ဦး၊ဦးကိုကြီး အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ ၁ဦး၊ ရန်း ဆေးဆိုင်မှ ၁ဦး၊စိန်စမ်းမြင့် ငါးပွဲရုံမှ ၁ဦး၊လှိုင်စာပေမှ ၁ဦး၊လင်းယုန် စာပေမှ ၁ဦး၊မြို့မမုန့်တိုက်ဘေး လယ်ယာပစ္စည်း အရောင်းဆိုင် ၁ဦး တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေသခံများ၏ ပြောပြချက်အရ အဆိုပါ ဈေးသည် (၉)ဦးအား စစ်ကောင်စီမှ ခေါ်ခံရခြင်းသည် တိုင်ကြားသူများရှိသည့်အတွက် တိုင်းအဆင့်မှ စာထုတ်ပြီးဖမ်းခိုင်းခြင်း ဖြစ်သည်ဟု သိရသည်။ သို့သော် ယင်းကိိိစ္စအား KNG သတင်းဌာနမှ အတည်မပြုနိုင်သေးပေ။
လက်ရှိ ကသာမြို့တွင်း စစ်ကောင်စီတပ်သည် လမ်းဆုံ၊လမ်းကြားတိုင်း CCTV တပ်ဆင်ခြင်းများ တိုးချဲ့ဆောင်ရွက်နေပြီး မြို့အတွင်း စစ်ဆေးမူများလည်း ပိုမိုဆောင်ရွက်လျက်ရှိကြောင်း ဒေသခံများကပြောသည်။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဇန်နဝါရီလအတွင်း ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ ၁၀ကြိမါထက်မနည်း ရှိလာပြီဖြစ်သည်။
Show More

Related Articles

Back to top button