သတင်း

ကသာ ဒေသခံ ၂ ဦး ဖမ်းဆီးခံရပြီး နေအိမ်ပါ ချိတ်ပိတ်ခံရ

စစ်ကိုင်းတိုင်း ကသာမြို့မှ ဒေသခံ ၂ ဦး ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေအိမ်မှ လာရောက်ဖမ်းဆီးသွားပြီးနောက် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ၎င်းတို့၏ နေအိမ်များကို စစ်ကောင်စီက ချိတ်ပိတ်ပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

“အရင်တစ်ခါ စည်ပင်ရုံးမှာပေါက်ကွဲတာနဲ့ ပတ်သက်ပြီး မသင်္ကာလို့ဖမ်းတယ်လို့ သိရတယ်။ ခုလောလောဆယ်တော့ နှစ်ယောက်စလုံးရဲစခန်းမှာ ဖမ်းထားတုန်း” ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုသူ ၂ ဦးသည် ရပ်ကွက် (၈) ပိန္နဲကုန်းရပ်ကွက်မှ ကိုဝင်းကိုနှင့်ရပ်ကွက် (၁) စစ်ဝင်းဆိပ်အနီး စိုက်ပျိုးရေးဝင်း တိုက်တန်းရှိ ကိုစိုးမိုးလွင် ဆိုင်ကယ်ဝပ်ရှေ့ဆိုင်မှဖြစ်ပြီး နေအိမ်ချိတ်ပိတ်ခံလိုက်ရသည့်အတွက် ကိုဝင်းကို၏ မိသားစုသည် အခြား‌နေရာသို့ ပြောင်းရွှေ့နေထိုင်ကြရကြောင်း  သိရသည်။

“ကိုဝင်းကိုကျ နေ့လည်လာဖမ်းတာ ကိုစိုးမိုးလွင်ကိုတော့ လင်ရောမယာရော ၂ ယောက်လုံးဖမ်းခေါ်သွားတယ်။ နောက်တော့သိရတာက သူ့အမျိုးသမီးတော့ ပြန်လွတ်လာတယ်။ လောလော‌ဆယ်တော့ အိမ်ပိတ်ခံရတော့ မိသားစုဝင်တွေ အိမ်ကနေဆင်းပေးရတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကသာမြို့တွင် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ချိတ်ပိတ်ခံလိုက်ရသည့် အိမ်ခြေ ၄ အိမ်ထိရှိလာပြီဖြစ်သည်။

ယင်း နေအိမ်များမှာ ဇန်နဝါရီလ ၂၈ရက်နေ့ ကသာမြို့နယ်၊ သာယာကုန်းရပ်မှ ငြိမ်းချမ်းအောင် (ဘ)ဦးတင်ဝင်းအောင် ပိုင်ဆိုင်သောနေအိမ်နှင့် အီးတိန်ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်အပါအဝင် ယမန်နေ့ ၂ အိမ်ရှိပြီ ဖြစ်သည်။

ထို့ပြင် ဒေသခံများ၏ ပြောဆိုချက်အရ PDF, NUG နဲ့ ပတ်သက်ဆက်နွယ်သည်ဟု ယူဆသော နေအိမ်အချို့အား စစ်ကောင်စီတပ်သည် နေ့စဉ်ဆိုသလို ဝင်ရောက်ရှာဖွေခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကသာမြို့သည် ကချင်ပြည်နယ်နှင့် ထိစပ်နေသည့်နေရာဖြစ်ပြီး ဇန်နဝါရီလမှစကာ မြို့တွင်းပေါက်ကွဲမူ ပိုမိုများ‌‌လာသည့်အပြင် စစ်ကောင်စီတပ်ဘက်မှလည်း လုံခြုံရေး ပိုမိုတင်းကြပ်လာကြောင်း သိရသည်။

Show More

Related Articles

Back to top button