စစ်ပြေးဒုက္ခသည်များသတင်း

မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းအများစုတွင် စားနပ်ရိက္ခာပိုမိုခက်ခဲလာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းများတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ပုံမှန်ထောက်ပံ့မှု ရရှိနေ‌သော်လည်း ရိက္ခာအခက်အခဲ ကြုံနေရဆဲဖြစ်ကြောင်း စစ်ရှောင်စခန်းများထံမှ သိရသည်။

စစ်ရှောင်တစ်ဦးလျှင် တစ်လ ၁၂၀၀၀ ပုံမှန်ရရှိနေသော်လည်း လက်ရှိမြန်မာနိုင်ငံအတွင်း ကုန်ဈေးနူန်း မြင့်တက်လာသည့်အပြင် ယခင်ကဲ့သို့ အခြားအလှူရှင်များ၊ NGO အဖွဲ့အစည်းများ၏ ထောက်ပံ့မှု မရတော့သည့်အတွက် စားနပ်ရိက္ခာ ပိုမိုခက်ခဲလာကြောင်း သိရသည်။

“ကျမတို့ စစ်ရှောင်တိုင်းမှာ အခုက နိုင်ငံရေးက ပိုပြီးမတည်မငြိမ်ဖြစ်လာလို့ အပြင်ထွက်ရှာမယ်ဆိုရင်လည်း အလုပ်အကိုင် မရှိ ကုန်ဈေးနူန်းတွေက တက် WFP က ပေးတဲ့ ရိက္ခာကလည်းမလုံလောက်တော့ ကျမတို့စစ်ရှောင်တွေ ပိုပိုပြီးခက်ခဲလာတာကိုတွေ့ရတယ်လို့” ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းက တာဝန်ရှိသူတစ်ဦးကပြောသည်။

မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းတွင် နေထိုင်သူများသည် ၂၀၁၁ ခုနှစ်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့သောစစ်ပွဲများကြောင့်ထွက်ပြေးတိမ်းရှောင်လာကြ‌သူများဖြစ်ပြီး စစ်ရှောင်ဘဝနှင့် ဖြတ်သန်းလာကြရသည်မှာ ဆယ်စုနှစ်တစ်စုရှိလာပြီဖြစ်သည်။

ယင်းစစ်ရှောင်များသည် စစ်အာဏာသိမ်းမူ မဖြစ်ခင်အထိ အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် ပန်ဝါ၊ တရုတ်ပြည် ဘက်သို့ သွားရောက်လုပ်ကိုင်ခွင့်များ ရရှိတာကြောင့် စားဝတ်နေရေးအဆင်ပြေခဲ့ကြ‌သော်လည်း လက်ရှိတွင် နိုင်ငံရေးမငြိမ်သက်မူကြောင့် သွားရောက်လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

“သူတို့ ထောက်ပံ့တာနဲ့ မလောက်ဘူး။ အဲ့တာကြောင့်အပြင်မှာ နေ့စား၊ ကျပန်းတွေ သွားကြရတယ် အသက်ကြီးပိုင်း မသွားနိုင်တဲ့သူတွေကတော့ ခက်ခက်ခဲခဲအသက်ရှင်နေကြရတယ်”လို့ တပ်ကုန်းစစ်ရှောင်စခန်းကတာဝန်ခံက ပြောသည်။

မြစ်ကြီးနားမြို့ရှိ စစ်ရှောင်အများစုသည် မြစ်ကြီးနားမြို့တောင်ဘက်ပိုင်း တာပတောင်း၊ ရေကြည်၊ တာလောကြီး၊ မြစ်ကြီးနား မြောက်ဘက်ဆွမ်ပရာဘွမ်၊ ဝိုင်းမော်မြို့နယ် နန့်ဆန်ယန်ကျေးရွာ နှင့် ဖားကန့်မြို့နယ် ကန်စီး (Ginsi) ကျေးရွာစသည့် ဒေသဘက်မှ တိမ်းရှောင်လာသူများဖြစ်သည်။

မြစ်ကြီးနားမြို့တွင် စစ်ရှောင်စခန်းစုစုပေါင်း ၂၆ ခု ရှိပြီး ၁၆ ခု မှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC လက်အောက်မှာရှိပြီး ကျန် ၁၀ ခု မှာအခြားသောအဖွဲ့အစည်းမှ ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button