သတင်းသတင်းဆောင်းပါး

သဲကျောက်လည်းတူး ရွှေလည်းတူး

မြစ်ကြီးနားမြို့ အရှေ့ဘက် ဧရာဝတီမြစ်ကမ်းတစ်ဖက်ကို ကြည့်လိုက်မယ်ဆိုရင် စိမ်းစိုနေတဲ့ တောင်တန်းဟာ မြစ်ရိုးနဲ့အပြိုင် စီတန်းနေရာယူလျှက် ရှိပါတယ်။

အဲ့ဒီတောင်တွေရဲ့ အောက်ခြေမှာ မခိုးဒီ ရွာပြီး မြစ်ကမ်းတစ်လျှောက်မှာတော့ ဝါးလုံးတိုင်နဲ့ မိုးကာအစိမ်းမိုးထားတဲ့ တဲ ကလေးတွေက ဟိုတစ်စုဒီတစ်စု ခပ်စိတ်စိတ် နေရာယူထားပါတယ်။ အဲ့ဒီနေရာကတော့ ဝိုင်းမော်မြို့နယ်အပိုင်ပါ။

တာလဘက် မိုးကာအစိမ်းမိုးထားတဲ့ တဲကလေးတွေဟာ ရွှေကျင်ဖို့ လုပ်ငန်းရှင်တွေ ဌားထားတဲ့ ရွှေတူး လုပ်သားတွေရဲ့ နေစရာအိမ်တစ်ခုလည်း ဖြစ်ပါတယ်။ သူတို့ ဘေးပတ်ဝန်းကျင်မှာဆိုရင် ဘက်ဟိုးကုတ် ကလော်ထားတဲ့ ဝါးတစ်ပြန်ကျော်အနက်ရှိတဲ့ ရွှေကျင်းအဟောင်း ဟိုတစ်ချိုင့် ဒီတစ်ချိုင့် မညီမညာ ဖြစ်စ ပြုနေပါပြီ။

ဒါ့အပြင် လူနေအိမ်တစ်လုံးစာလောက်ရှိတဲ့ သဲကျောက်ပုံတွေဟာလည်း မြစ်ရိုးတစ်လျှောက် တောင်တန်း သဖွယ် ဖြစ်နေပါတယ်။

ဧရာဝတီမြစ်ကမ်းတစ်လျောက် ရွှေတူးဖော်နေပုံ

အဲ့ဒီသဲကျောက်ပုံတွေရဲ့ အနောက်ဖက်မှာတော့ ရေစုပ်စက်တွေ မြေတူးစက်တွေကို အသုံးပြုပြီး ပေ ရာနဲ့ချီတူးဆွပြီး စက်ယန္တရား နဲ့ ရွှေတူးဖော်နေကြပါတယ်။

အရင်က ရွှေကို ရိုးရာနည်းလမ်းဟောင်းအတိုင်း မျှောတိုက်စနစ်နဲ့ တပိုင်တနိုင် ရွှေကျင်ခဲ့ကြပေမယ့် အခုနောက်ပိုင်းတွေမှာတော့ လောပန်း (သူဌေး) အချို့ဟာ ထိုဧရာဝတီမြစ်ရိုးမှ မြေနေရာများကို အခကြွေးငွေပေး ငှားရမ်းပြီး သဲကျောက်ပုံမယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ စက်ယန္တရားများကိုအသုံးပြုကာ စီးပွားဖြစ် ရွှေကျင်နေကြတာ ဖြစ်ပါတယ်။

ရွှေလုပ်ကွက်များမှာ မြစ်ဆုံကစပြီး ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာ ယခုလိုစစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နေ့တစ်ခြားပိုများလာတာဖြစ်ပါတယ်။

အခုရွှေကျင်နေတဲ့ ဧရာဝတီမြစ်ရိုးတစ်လျှောက် မြေနေရာတွေဟာ စစ်ကောင်စီအောက် သစ္စာခံ ဦးလဆန်အောင် ပြည်သူ့စစ်အဖွဲ့ စိုးမိုးထားတဲ့ နေရာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လဆန်အောင်အဖွဲ့ဟာ လွန်ခဲ့သော၂၀၀၄ ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ခွဲထွက်ခဲ့သည့် အဖွဲ့ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်သူ့စစ်ကို ပြောင်းလဲလိုက်ပြီးနောက် ဝိုင်းမော်မြို့နယ်အရှေ့မြောက်ဖက် ဂွေထူဒေသမှာ အခြေချနေတာဖြစ်ပါတယ်။

ဗိုလ်မှုးကြီး လဆန်အောင်ဝါရဲ့ မြေနေရာဖြစ်တဲ့ ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးက မခိုးဒီရွာအနီးမှာတော့

“မခိုးဒီဘက်မှာ ကုမ္ပဏီတွေက လုပ်နေတာ လေးငါးနှစ်တော့ရှိပါပြီ၊ သဲကျောက်ပုံမယ်ဆိုပြီးပေါ့၊ ဒါမဲ့ အခုလိုနိုင်ငံရေးမကောင်းတဲ့နောက်ပိုင်းတော့ ပီုများလာတယ်” လို့ တပိုင်တနိုင်လက်ဖြင့်ရွှေကျင်နေတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဲ့ဒီကုမ္ပဏီတွေ လောပန်းတွေဟာ သဲကျောက်လုပ်ငန်းဆိုပြီး မြေနေရာကိုလေလံဆွဲရတာဖြစ်တယ်လို့လည်း သိရပါတယ်။

“သူ တို့က တစ်ချက်ခုတ် နှစ်ချက်ပြတ်လုပ်တာဗျ။ သဲကျောက်လည်းရတယ်လေ အဓိကကေတာ့ ရွှေကျင်တာပေါ့” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် တစ်ချို့သော ရွှေကျင်းတွေဟာ ရွှေကျင်းတစ်ကျင်းကို တစ်လကို ၅ သိန်း လေလံယူပြီးရထားတဲ့ကုမ္ပဏီကို အခွန်ဆောင်ပြီး ကျင်ကြတဲ့ရွှေကျင်းတွေလည်းရှိတယ်လို့ သိရပါတယ်။

အဲ့ဒီ ကုမ္ပဏီလုပ်ကွက်တွေဟာ ရွှေကျင်းတစ်ကျင်းကို စက်ယန္တရား အကြီးအသေးပေါ်မူတည်ပြီး ကျင်းလုပ်သား ၅ယောက်ကနေ၈ယောက်အထိ ငှားကြပါတယ်။ စက်ယန္တရာအသေးတွေမှာတော့ ကျင်းလုပ်သား၅ယောက် စက်ယန္တရားအကြီးမှာတော့ ကျင်းလုပ်သား ၈ ယောက်ငှားရမ်းပြီး ရွှေကျင်ကြတယ်လို့ သိရပါတယ်။

အဲ့ဒီကျင်းလုပ်သားတွေကို နေ့စားစနစ်၊ လပြတ်စနစ်၊ ၅ပုံ၂ပုံစနစ်၊ ၃ပုံ၁ပုံစနစ်ဖြင့် ငှားရမ်းကြတာဖြစ်ပါတယ်။ နေ့စားတွေကတော့ တစ်ရက်ကို ၇ထောင် ကနေ ၈ထောင်ထိရှိပြီး လပြတ်သမားတွေက တစ်လစားစရိတ်မပါ ၂သိန်းခွဲ ကနေ ၃သိန်းအထိ ရတယ်လို့လည်း သိရပါတယ်။

၅ ပုံ ၂ ပုံ စနစ်နဲ့ ၃ ပုံ ၁ ပုံ စနစ်ဆိုတာကတော့ တစ်နေ့လုံးရရှိတဲ့ ရွှေရွေးပေါ်မူတည်ပြီး လောပန်းကို ၅ပုံမှာ၂ပုံပေးရပြီး ၃ပုံမှာ ၁ ပုံပေးရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီမခိုးဒီရွာ ဧရာဝတီမြစ်ရိုးက ရွှေကျင်းတွေကို ရွှေအင်းလို့ ဒေသခံက ခေါ်ဝေါ်ကြတယ်လို့ ပြောပါတယ်။ ရွှေအင်းကထွက်တဲ့ ရွှေတွေဟာ အရည်အသွေးကောင်းတာကြောင့် ရွှေဆိုင်တွေ ဈေးကောင်းပေးဝယ်ကြတယ် လို့သိရပါတယ်။

“ရွှေသွားလဲပြီဆိုရင် ရွှေအင်းကလို့ပြောတာနဲ့ ဈေးပိုပေးတယ်” လို့ ရွှေကျင်းမှာ လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ပြောပြပါတယ်။

အခုလို စက်ယန္တရားတွှကိုအသုံးပြု ပေရာနဲ့ချီတူးဆွပြီး ရွှေတူးဖော်ခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီး စေပါတယ်။

ယခုလိုဆက်လက်တူးဖော်နေပါက ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ဟာ မြေသားတွေပျက်စီးသွားနိုင်တဲ့အပြင်၊ ငါးမျိုးတုန်းခြင်း၊ ငါးရှားပါးခြင်း၊ ကမ်းပါပြိုခြင်း၊ မြစ်ကြောင်းပြောင်းလဲခြင်း၊ မြေပြင်အနေအထားတွေ ပြောင်းလဲသွား စေနိုင်ပါတယ်။

အခုဆိုရင် ဧရာဝတီမြစ်ဟာ နှောက်ကျိပြီး အဝါရောင်သန်းနေပါတယ်။ ယခင်က သောက်သုံးလို့ရတဲ့ ဧရာဝတီမြစ်ရေဟာ အခုတော့ မြစ်အတွင်းက ငါးကို စားသုံးဖို့တောင် ခက်ခဲသွားပါပြီ။

“ကျနော်တို့ငယ်ငယ်က ရေကဘယ်လောက်ကြည်လဲဆို ရေကူးတဲ့အခါ ခဲလုံးအဖြူကိုရေထဲပစ် ရေငုပ်ပြီး ရှာတမ်းကစားကြတာ” လို့ ဒေသခံတစ်ဦးက ပီတိ မျက်နှာနဲ့ပြောပြပါတယ်။

ဒါ့အပြင် ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ပြဒါး (မာကျူရီ)ဟာ ရေထဲကို ပျော်ဝင်ရာမှ ပြဒါးအဆိပ်သင့်ပြီး သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့အပြင် ရေထဲကသတ္တဝါတွေကိုလည်း အန္တရာယ်ဖြစ်စေပါတယ်။ မြစ်ရေကိုအသုံးပြုသူတွေအတွက်လည်းအန္တရာယ်ရှိပါတယ်။

ပြဒါး (မာကျူရီ) သည် အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတစ်မျိုးပါ။ ပြဒါးဟာ ရွှေနှင့် တစ်မျိုးနှင့် တစ်မျိုးတွယ်ကပ်နိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် ရွှေကျင်တဲ့အခါ ရွှေမှုန်လေးတွေစုဖို့ အသုံးပြုကြတာပါ။

ပြဒါးကို ရွှေတူးဖော်ရေးလုပ်ငန်းလုပ်ကြတဲ့ ပတ်ဝန်းကျင်မှာ အလွယ်တကူဝယ်ယူနိုင်ပြီး ဈေးလည်းသက်သာတယ်လို့ သိရပါတယ်။

အခုလိုမြစ်ဆုံအပါအဝင် ဧရာဝတီမြစ်ရိုးတစ်လျှောက် စက်ယန္တရားများဖြင့်ရွှေတူးဖော်ခြင်းအပေါ် ဒေသခံလူထုက ကန့်ကွက်စာတွေထုတ်ပြန်ခဲ့ပေါင်းလည်း မနည်းတော့ပါဘူး။

စက်ယန္တရားများနှင့်ရွှေတူးဖော်ခြင်းဟာ သဘာဝပတ်ဝန်းကျင်နှင့်အထင်ကရနေရာများပျက်စီးဆုံးရှုံးခြင်း အခြားသောနောက်ဆက်တွဲဆိုးကျိုးများကို မဖြစ်စေရန်ရည်ရွယ်၍ တန်ဖဲမြစ်ဆုံဒေသခံကန့်ကွက်သူများအဖွဲ့က ကန့်ကွက်စာတွေထုတ်ပြန်ခဲ့ပါတယ်။

ယခုလိုကန့်ကွက်မှုများကြောင့် မြစ်ဆုံတစ်ဝှိုက်တွင် စက်ယန္တရားများဖြင့်ရွှေတူးဖော်ခြင်းတစ်ချို့ ရပ်ဆိုင်းခဲ့ကြပေမယ့် ၂၀၂၁ ဖေဖော်ဝါရီလ၁ရက်နေ့  အဏာသိမ်းပြီးနောက်ပိုင်းတွင် ရွှေတူးဖော်တဲ့လုပ်ငန်းတွေဟာ အတားအဆီးမရှိ ပြန်လည်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

အခုလိုအာဏာသိမ်းပြီးနောက် စက်ယန္တရားများဖြင့် ရွှေတူးဖော်မှုကြောင့် နောက်ဆက်တွဲ သဘာဝဆိုးကျိုးများ၊ လူမှုပြသနာများဖြစ်ပေါ်လာပါက စက်ယန္တရားများဖြင့်ရွှေတူးဖော်သူများ၊ ခွင့်ပြုသူများနှင့်သာ သက်ဆိုင်ကြောင်း တန်ဖဲမြစ်ဆုံဒေသခံ ကန့်ကွက်သူများအဖွဲ့က အောက်တိုဘာလ ၁၄ ရက် ၂၀၂၁ တွင် ထုတ်ပြန်ချက် ထပ်မံထုတ်ပြန်ထားပါတယ်။

၂၀၁၉ ခုနစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့က ကချင်ပြည်နယ်က မြို့နယ်ခြောက်ခုဖြစ်တဲ့ ဝိုင်းမော်မြို့နယ်၊ မချမ်းဘောမြို့နယ်၊ ဆွမ်ဘရာဘွမ်မြို့နယ်၊ ရှင်ဗွေယန်မြို့နယ်၊ မိုးမောက်မြို့နယ်နှင့် ရွှေကူမြို့နယ်အတွင်းရှိ ကုမ္ပဏီ ၁၈ခု ကို အသေးစားလုပ်ကွက် ၅၈ ကွက်နှင့် လက်လုပ်လက်စားလုပ်ကွက် ၂ ကွက်ကို တရားဝင်တူးဖော်ခွင့်ပေးခဲ့ပါတယ်။

Show More

Related Articles

Back to top button