သတင်း

မန်ခိန်ရပ်ကွက်မှ နေအိမ် ၂လုံးနှင့် ဗက်လင်ဘုရားကျောင်းခန်းမဆောင် မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊မန်ခိန်ရပ်ကွက် အုပ်စု(၁)ရှိ နေအိမ်နှစ်လုံးနှင့် ဗက်လင်ဘုရားကျောင်းခန်းမဆောင် မီးလောင်မှုဖြစ်ပွားကြောင်း ဒေသခံများမှ သိရသည်။

မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် အုပ်စု(၁)တွင် နှစ်ထပ်အိမ်နှင့်တစ်ထပ်အိမ် နေအိမ်နှစ်လုံးနှင့် ဗက်လင်ဘုရားကျောင်းခန်းမဆောင်တို့ ယနေ့နံနက် ၁၀နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

“ဖုန်းအားသွင်းထားပြီး ဝါယာလျှော့ဖြစ်တယ်လို့ပြောတယ် အလယ်က နှစ်ထပ်အိမ်ကနေစလောင်တာ ဘုရားကျောင်းခန်းမဆောင်နဲ့ ဘေးကအိမ်ကို ကူးသွားတာ” လို့ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေအိမ်အနီးမှ အမျိုးသားတစ်ဦးက‌ ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ မီးသတ်ကားသုံးစီးလာရောက်ငြိမ်းသတ်ခဲ့သော်လည်း နေအိမ် ၂လုံးငြိမ်းသတ်နိုင်ခြင်းမရှိဘဲ မီးထဲပါသွားခဲ့ကြောင်း သိရသည်။

“မီးသတ်ကားတော့သုံးစီးလောက်ရောက်လာတယ် သူတို့လာတဲ့အချိန် အိမ်တွေကတော်တော်လေးလောင်နေပြီ” လို့ အနီးမှ မျက်မြင်တွေ့ရှိသူအမျိုးသားတစ်ဦးကဆက်ပြောပါသည်။

မီးလောင်မှုသည်နာရီဝက်ခန့် ကြာမြှင့်ခဲ့ပြီး လူသူထိခိုက်မှုတစ်စုံတစ်ရာမရှိသည့်အပြင်ဘုရားကျောင်းခန်းမဆောင်သည်လည်း အနည်းငယ်သာ မီသွားခဲ့သည်ဟု အနီးမှမျက်မြင်တွေ့ရှိသူက‌ ပြောသည်။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့ရှိ အောင်မြင်သာအပန်းဖြေစခန်းဆိုင်အချို့နှင့် ပလနရပ်ကွက်ရှိ အစိုးရရာဘာစိုက်ခင်းလည်း ယခုရက်ပိုင်း မီးလောင်မှုဖြစ်ပွားခဲ့သည်။

Show More

Related Articles

Back to top button