သတင်း

မြောင်မြို့နယ်တွင် NUG အောက် အခြေခံပညာရေး ကျောင်းပေါင်း ၂၀ ကျော် စတင်ဖွင့်လှစ်

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လမ်းညွန်မှုဖြင့် အခြေခံပညာရေးကျောင်းပေါင်း ၂၀ ကျော်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း မြေပြင်တွင် ကျောင်းများဖွင့်လှစ်နိုင်ရေးကူညီဆောင်ရွက်ပေးနေသည့် မြောင်ပညာရေးကွန်ရက်မှ သိရသည်။

မြောင်မြို့နယ်အတွင်း အခြေခံကျောင်းများ ဖွင့်လှစ်နိုင်‌ရေးအတွက် ယခုနှစ် မတ်လ တစ်ရက်နေ့မှ စတင်လှုပ်ရှားခဲ့ရာ ယနေ့ထိ ကျေးရွာပေါင်း ၂၅ ရွာ၊ ကျောင်းပေါင်း ၂၅ ကျောင်းအထိ ဖွင့်လှစ်ခဲ့ကြောင်း မြောင်ပညာရေးကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“အခု လက်ရှိအချိန်ထိ ကျွန်မတို့မြောင်ပညာရေးကွန်ရက်နဲ့ ချိတ်ဆက်ပြီး ကျောင်းပေါင်း ၂၅ ကျောင်း ဖွင့်လှစ်ပြီးတဲ့ကျောင်း ၂၅ ကျောင်းရှိပါပြီ။ ကျောင်းသူ ကျောင်းသားပေါင်းကတော့ လေးထောင်ဝန်းကျင် လောက်ရှိတယ် ဆရာ ဆရာမက‌တော့ သုံးရာဝန်းကျင်ရှိတယ်” ဟု မြောင်ပညာရေးကွန်ရက်မှ ကျောင်းစီမံခန့်ခွဲရေးတာဝန်ခံ ဒေါ်ထရီဇာက ပြောသည်။

ယင်း စာသင်ကျောင်းများတွင် CDM ဆရာ ဆရာမများ၊ စေတနာ့ဝန်ထမ်းများ ကိုယ်ပိုင်းကျောင်းများတွင် သင်ကြားပေးခဲ့သည့် ဆရာ ဆရာမများက ကျောင်းသူကျောင်းသားများနဲ့ အနီးကပ်ထိတွေ့ သင်ကြား ပေးလျက်ရှိပြီး သင်ရိုးညွန်းတမ်းမှာ ယခင်အခြေခံပညာရေးကျောင်းများတွင် သင်ကြားပေးခဲ့သည့် သင်ရိုးညွန်းတမ်းများကို သာသင်ကြားပေးလျက်ရှိနေကြောင်း မြောင်ပညာရေး ကွန်ရက်မှ သိရသည်။

“အခုလောလောဆယ် သင်ရိုးညွန်းတမ်းတွေက NUG ပညာရေးဝန်ကြီးဌာနကနေ ချမှတ်ထားတဲ့သင်ရိုး ညွန်းတမ်းတွေနဲ့ပဲသွားနေပါတယ် ကျွန်မတို့က NUG ကထုတ်တဲ့သင်ရိုးညွန်းတမ်းနဲ့ ကျောင်းစာအုပ်‌ တွေထဲမှာရှိတဲ့ သင်ရိုးညွန်းတမ်းတွေကို တိုက်ကြည့်လိုက်တဲ့အခါမှာအတူတူပဲဖြစ်နေပါတယ် အဲ့အတွက် အဲ့သင်ရိုးညွန်းတမ်းအတိုင်းပဲသွားနေပါတယ်” ဟု ဒေါ်ထရီဇာက ပြောသည်။

အဆိုပါ ကျောင်းပေါင်း ၂၅ ကျောင်းတွင် မူလတန်းမှ အထက်တန်းအဆင့်ထိ ပါဝင်ပြီး ဆရာ ဆရာမအင်အားနှင့် ကျောင်းသူကျောင်းသား ဦးရေပေါ်မူတည်ပြီး အချို့ကျေးရွာများတွင် မူတန်းမှ အလယ်တန်းဆင့်ထိ ဖွင့်လှစ်ထားပြီး အချို့ကျေးရွာများတွင်မှု မူလတန်းမှ အထက်တန်းထိ ဖွင့်လှစ်ထားကြောင်းသိရသည်။

မြောင်မြို့နယ်တွင် ကျေးရွာပေါင်း ၈၆ ရွာရှိသည့်အနက် လက်ရှိ ရွာပေါင်း ၂၅ ရွာတွင်သာဖွင့်လှစ်နိုင်သေးပြီး နောက်ထပ်ဖွင့်လှစ်မည့် စာသင်ကျောင်းများလည်းရှိပြီး ကျောင်းမဖွင့်သေးသည့် ကျေးရွာများအနက် အချို့ကျေးရွာများတွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်နေသည့်အတွက် လုံခြုံရေးအရ လတ်တလော ဖွင့်လှစ်ဖို့ ခက်ခဲနေသေးကြောင်းသိရသည်။

မြောင်ပညာရေးကွန်ရက်အနေဖြင့် ယခုကဲ့သို့ စာသင်ကျောင်းများပြန်လည် ဖွင့်လှစ်ရခြင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအလေ့အပြောင်းများကြောင့် နှောက်နှေးနေသည့် ပညာရေးစနစ်ကို ပြန်လည်အသက်သွင်းနိုင်ရေး၊ CDM ဆရာ ၊ဆရာမများနှင့် အခြားပညာရေး ဝန်ထမ်းများ အလုပ်အကိုင်ပြန်လည်ရရှိရေးတို့အတွက်ဖြစ်ကြောင်း သိရသည်။

လက်ရှိဖွင့်လှစ်နေသည့် ယင်းစာသင်ကျောင်းများတွင် နဝမတန်း၊ ဒသမတန်းနှင့် KG တန်းများအတွက် သင်ရိုးညွန်းတမ်း စာအုပ်များ အခက်အခဲဖြစ်နေပြီး ဝိုင်းဝန်းကူညီပေးဖို့လိုအပ်နေကြောင်း မြောင်ပညာရေးကွန်ရက်တာဝန်ရှိသူ တောင်းဆိုထားပါသည်။

Show More

Related Articles

Back to top button