သတင်းသတင်းဆောင်းပါး

အင်တာနက် ဖျက်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ဖားကန့်

“ကျနော် ကျောက်ကြည့်နေတဲ့အချိန်မှာဘဲ အင်တာနက်က ပြတ်သွားတာ ကျနော်ထင်တာက ခနလောက်ဘဲပြတ်မယ် ထင်နေတာပေါ့နော် ဒီလောက်ကြာကြာဖြတ်မယ်လို့ကို မထင်ထားဘူး ”

အရပ်ရှည်ရှည်  အသားညိုညို မျက်ဝန်းကျယ်ကျယ် မျက်ခုံးကောင်းကောင်းနဲ့ အသက် ၄၂ နှစ်ရှိနေပြီဖြစ်တဲ့ ကိုအာကာကတော့ ကျောက်အရောင်းအဝယ်လုပ်ကိုင်တဲ့သူ ဖြစ်ပြီး ဖားကန့်မြို့၊ မှော်စီဇာရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။

လက်ရှိချိန်မှာတော့ ကိုဗစ်ရောဂါအခြေနေနဲ့ နိုင်ငံရေးအခက်ခဲများကြောင့် ကျောက်အရောင်းအဝယ်လုပ်တဲ့သူတွေဟာ အင်တာနက်ကို အသုံးပြုပြီး လိုင်းကနေတစ်ဆင့် ကျောက်ကြည့်ကြတယ်လို့ ဆိုပါတယ်။

“လိုင်းရတဲ့ချိန်ကျတော့ ကျောက်ရတဲ့သူတွေကလည်း ကျောက်လည်းရတာနဲ့ ပုံတွေရိုက်ပို့ကြတယ် အဲတော့ အလုပ်သွက်တာပေါ့နော်။ ကျနော်တို့ ခုနောက်ပိုင်း ကျောက်ပြမယ် ကျောက်ကြည့်မယ်ဆိုရင် မက်ဆင်ဂျာကနေပုံတွေပို့တယ် ပြီးတော့ ဗီဒီယိုခေါ်ပြီး ပြတယ် အဆင်ပြေနိုင်တဲ့အနေထားလောက်ရှိရင် အပြင်မှာချိန်းကြတယ် မဟုတ်ရင် ဆီဈေးကတက် နိုင်ငံရေးကမကောင်း၊ ရောဂါကတစ်မောက် အပြင်ထွက်ဖို့ သိပ်မလွယ်ဘူး”

ကိုအာကာဟာ မန်းလေး၊ ကျောက်မြောင်းဇာတိဖြစ်ပြီး ဖားကန့်ကို ရေမဆေးလာရှာရင်း စုမိဆောင်းမိတာလေးနဲ့ ကျောက်အရောင်းအဝယ်လုပ်နေသူတစ်ဦးဖြစ်ပါတယ်။

အင်တာနက်မဖြတ်ခင် မိဘများကို ပုံမှန်ထောက်ပံ့ငွေပေးနိုင်ပေမယ့် အင်တာနက်ဖြတ်တောက်လိုက်တဲ့နောက်ပိုင်း အရင်လို ကျောက်ဝယ်ရာမှာ လက်ဦးမူ မရရှိတော့သလို အရောင်းအဝယ်လည်း သိပ်မဖြစ်လာတော့ဘူးလို့ ပြောပါတယ်။

ကိုအာကာလိုဘဲ အင်တာနက်လိုင်းဖြတ်တောက်လိုက်ပြီးနောက် ကျောက်စိမ်းဈေးကွက်ပြတ်သွားပြီး အရောင်းအဝယ်မဖြစ်တော့တဲ့ သူတွေ များစွာရှိနေပါတယ်။

ကိုဗစ်-၁၉ ရောဂါအခြေနေကြောင့် ကျောက်စိမ်း လုပ်ကိုင်သူတွေဟာ အင်တာနက်ပေါ်မှီခိုပြီး  မက်ဆင်ဂျာ၊ Wechat မှတစ်ဆင့် ကျောက်စိမ်းရောင်းဝယ်မူများ ပိုမို လုပ်ဆောင်ခဲ့ကြပြီး အင်တာနက်ဖြတ်တောက်လိုက်တဲ့အတွက် ဈေးကွက်ပြတ်သွားခဲ့တယ်လို့ ကျောက်စိမ်းအရောင်းအဝယ်လုပ်တဲ့သူတွေက ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှအာဏာသိမ်းယူလိုက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာ အင်တာနက်အသုံးပြုခွင့်ကန့်သတ်ခြင်းနှင့် အင်တာနက်ဖြတ်တောက်ခြင်းတွေကို စစ်ကောင်စီတပ်က ဆိုးဆိုးရွားရွားလုပ်ဆောင်လာခဲ့ပါတယ်။

အလားတူဘဲ  သြဂုတ်လ ၂၀ ရက်နေ့ ည ၈ နာရီကနေစပြီး စစ်တပ်ဟာ ကမ္ဘာကျော် ကျောက်စိမ်းနယ်မြေအဖြစ်ထင်ရှားတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းမှာ  စစ်ကောင်စီအခြေစိုက်ထားတဲ့ စခန်းမှလွှဲပြီး အရပ်သားပြည်သူအသုံးပြုတဲ့ အင်တာနက်လိုင်းများ အသုံးပြုခွင့်ကို  ဖြတ်တောက်လိုက်ပါတယ်။

ဖုန်းအင်တာနက်လိုင်းများအား ည ၈ နာရီ မိနစ် ၂၀ခန့်မှစကာ ဆက်သွယ်ရေးဖုန်းအင်တာနက်လိုင်း တစ်ခုပြီးတစ်ခု နာရီဝက်ခြားဖြတ်တောက်လိုက်ပြီးနောက် ဝိုင်ဖိုင်လိုင်းများအား ည ၁၀ နာရီဝန်းကျင်မှာ လုံးဝဖြတ်တောက်ပေးလိုက်တယ်လို့ ဒေသခံများကပြောပါတယ်။

အင်တာနက်ဖြတ်တောက်လိုက်ပြီးနောက် ဖားကန့်နေပြည်သူများဟာ သတင်းအချက်အလက်သိရှိရမူ မရှိတော့သလို အင်တာနက်အခက်ခဲကြောင့် အွန်လိုင်းကနေ သင်ယူနေရတဲ့စာတွေ သင်ခန်းစာတွေ ဆက်သင်ခွင့်မရတော့တဲ့သူလည်း ရှိနေပါတယ်။

သူကတော့ ငှက်ပျောတောရပ်ကွက်မှာ နေထိုင်ပြီး ညစဉ် အွန်လိုင်းကနေ ဂျပန်စာကိုလေ့လာနေသူတစ်ဦးပါ။

အင်တာနက်လိုင်းအခက်ခဲကြောင့် စာလေ့လာမူကို ရပ်နားလိုက်ရတဲ့အတွက် “တပ်ကအာဏာသိမ်းပြီးတဲ့နောက် ကိုယ့်အိမ်မှာနေတာတောင် မလုံခြုံသလိုခံစားရတာ အင်တာနက်ဖြတ်လိုက်တော့ ပိုဆိုးသွားတာပေါ့ ဘယ်ချိန်မှာဘာတွေထဖြစ်လာမလဲ တစ်ခုခုဖြစ်လာရင်လည်း လိုင်းမရတော့ ဘာမှသိလိုက်မှာမဟုတ်ဘူး ပြီးတော့ ကျနော်တို့လိုလူငယ်တွေဆိုရင် အင်တာနက်ဖြတ်လိုက်တော့ လိုင်းကနေသင်နေတဲ့ စာတွေ၊ပြီးတော့ ဘယ်နေရာမှာဘာဖြစ်နေတယ်ဆိုတာ သတင်းတွေသိခွင့်မရတော့ဘူး “ ဖားကန့်ဒေသခံ လူငယ်တစ်ဦးဖြစ်တဲ့ ကိုသူရဦးက ပြောပါတယ်။

အင်တာနက်လိုင်း ပြတ်တောက်သွားတဲ့အတွက် သက်ဆိုင်ရာ ဆက်သွယ်ရေးရုံးကို ဖုန်းဆက်ပြီး မေးကြည့်ပေမယ့် တာဝါတိုင်ပြုပြင်နေတဲ့အတွက် အင်တာနက်လိုင်းလည်း ဘယ်အချိန်မှာ ပြန်ရမလဲဆိုတာကို မသိနိုင်သေးဘူးလို့ ပြန်လည်ဖြေဆိုခဲ့တယ်လို့ သူမ က ပြောပါတယ်။

ခေတ်မီ တိုးတက်လာသည့်နှင့်အမျှ လူတွေဟာ နေ့စဉ်သတင်းအချက်အလက်များ သိရှိနိုင်ဖို့နဲ့ပညာရေး၊ ကျန်းမာရေး၊နိုင်ငံရေး၊ဗဟုသုတရှာဖွေရန်အတွက် အင်တာနက်ကို ပိုမိုအသုံးပြုလာကြပါတယ်။

DataReportal ဝက်ဘ်ဆိုက်ရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်နီးပါး ၂၃ ဒသမ ၆၅ သန်းဟာ အင်တာနက်သုံးစွဲသူတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုအင်တာနက်သုံးစွဲခွင့်ကို ဖြတ်တောက်လိုက်ပြီးနောက် စစ်တပ်ဟာ သူတို့နဲ့ နီးစပ်သည့်လုပ်ငန်းရှင်များ၊ သူတို့နှင့်အကျိုးတူ လုပ်ငန်းရှင်များကိုတော့ အင်တာနက်အသုံးပြုခွင့်ပေးခဲ့ပါတယ်။

အစိုးရဘဏ်များ၊ ဖုန်းဆိုင်များ၊ လုပ်ငန်းရှင်များကို စစ်တပ်ရဲ့ခွင့်ပြုချက်နဲ့ အင်တာနက်ရရှိသုံးစွဲနေကြရပြီး အရပ်သားပြည်သူတွေကတော့ အင်တာနက်သုံးရဖို့ သွားတန်းစီပြီး သုံးရတယ်လို့ သိရပါတယ်။

ဒါတောင်မှ ကိုယ်သုံးချင်တဲ့ချိန်သုံးခွင့်မရှိဘဲ အင်တာနက်လာသုံးတွေများလို့ တစ်နာရီမှာ လူ ၅ ဦးသာ သုံးခွင့်ပြုပြီး အင်တာနက်သုံးစွဲခွင့် တစ်နာရီလျှင် တစ်သောင်းကျပ်ပေးဆောင်ပြီး သုံးရကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

“ကျနော်တို့ဆီမှာ အင်တာနက်ပြတ်တာ ခုဆို ၅လကျော်ရှိပြီ သူတို့တပ်နဲ့ နီးတဲ့နေရာတွေမှာဘဲ သုံးလို့ရတယ် အဲဒါတောင်မှအချိန်မမှန်ဘူး။ သူတို့သုံးဖို့လိုတဲ့အချိန်လောက်ဘဲဖွင့်တယ် အဲတော့ ကျနော်တို့က သူတို့ဆီကကပ်ပြီး သုံးနေရတယ်။ ဖားကန့်မြို့အထိ သွားသုံးဖို့ကလည်း အဆင်မပြေဘူးလေ။ တစ်နာရီကို ၁၀၀၀၀ ပေးရတယ် ပြီးတော့ ကိုယ်သုံးချင်တဲ့ချိန် သုံးရတာမဟုတ်ဘူး လူပြည့်နေရင် သွားစောင့်နေရသေးတာ” လို့ စစ်တပ်စခန်းဘက်နဲ့နီးတဲ့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ဖားကန့်နေပြည်သူများဟာ အင်တာနက်ဖြတ်တောက်ခံလိုက်ရပြီးနောက် စစ်တပ်၏ခွင့်ပြုချက်နဲ့ ဖွင့်ခွင့်ရရှိထားတဲ့ ဂြိုလ်တုစလောင်းခေါ် IP STAR ဖြင့် လိုင်းများသုံးခွင့်ရခဲ့ပါတယ်။

သို့သော် IP STAR ခေါ် ဂြိုလ်တုစလောင်းသုံးလို့ရတဲ့နေရာဆိုလို့ တစ်မြို့လုံးမှ နှစ်နေရာသာရှိတဲ့အတွက် ပိုက်ဆံပေးပြီးသုံးတာတောင် သုံးချင်တဲ့ချိန် သွားသုံးနိုင်ခြင်းမရှိဘူးလို့ ဒေသခံများကပြောပါတယ်။

IP STAR ဝိုင်ဖိုင်တပ်ရန် တစ်လလျှင် ကိုးသိန်းပေးဆောင်ရပြီး သာမန်အခြေခံလူတန်းစားများအနေဖြင့် တပ်ဆင်နိုင်ခြင်းမရှိတဲ့အတွက် အင်တာနက်ဆိုင်မှာသွားသုံးရတယ်လို့ ဒေသခံများကပြောပါတယ်။

IP STAR လိုင်းဟာတစ်နာရီမှာ လူဦးရေ (၅) ဦးသာသုံးခွင့်ပြုပြီး ကန့်သတ်ထားတဲ့လူဦးရေပြည့်ပါက အလှည့်ရောက်ရန် တန်းစီရပြီး တစ်ခါတစ်ရံလိုင်းမသုံးရဘဲ ပြန်ခဲ့ရတဲ့ရက်များလည်း ရှိခဲ့တယ်လို့ ဒေသခံများကဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ယခင်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ် ဇွန်လမှစပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တစ်ခုမှာ အင်တာနက်ဖြတ်တောက်မူများ ပြုလုပ်ခဲ့ပြီးနောက် ရခိုင့်တပ်မတော် (AA) နှင့် ထိုးစစ်ဆင်ကာ တိုက်ပွဲများဖြစ်ခဲ့ဖူးပါတယ်။ဒါပေမယ့် စစ်တပ်က မြန်မာတစ်နိုင်ငံလုံး မတရား အာဏာ သိမ်းယူလိုက်ပြီးနောက် ဖေဖော်ဝါရီလ ၃ ရက်နေ့ ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။

ထို့အတူ အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် နယ်စပ်ဖြစ်တဲ့ စစ်ကိုင်းတိုင်းနယ်ဘက်မှာ စစ်ဆင်ရေးအရှိန် တိုးမြင့်လာတာနဲ့အမျှ စစ်တပ်က စစ်ဆင်ရေးပြုလုပ်မယ့် နယ်မြေများမှာ အင်တာနက်ကြိုဖြတ်ပြီး စစ်ဆင်ရေး ပြုလုပ်လျှက် ရှိနေပါတယ်။

ထို့ကြောင့် ဖားကန့်ဒေသခံများကလည်း ဖားကန့်မြို့ပေါ် အင်တာနက်ဖြတ်တောက်ခံရခြင်းဟာ စစ်ကောင်စီဘက်မှ စစ်ဆင်ရေးပိုမိုမြင့်လာနိုင်ဖွယ်ရှိမယ်လို့ ယူဆခဲ့ကြပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်က ဖားကန့်မြို့မှာ စစ်ရေးအရှိန် ယနေ့ချိန်ထိ သိသိသာသာ ထိုးစစ်ဆင်နေခြင်းမျိုးမရှိဘဲ တစ်ဖက်မှာ သယံဇာတကိုသာ အမဲဖျက်သလို ခိုးတူးနေကြတယ်လို့ ဒေသခံများကပြောပါတယ်။

အင်တာနက်ဖြတ်တောက်လိုက်တဲ့အပေါ် ဖားကန်လူငယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကတော့ ဖားကန့်အင်တာနက်ဖြတ်တာက စစ်ရေးအရှိန်ကို စိုးရိမ်လို့ ဖြတ်ထားခြင်းထက် သယံဇာတ တူးဖော်မူပိုမိုလုပ်ဆောင်လိုတဲ့အတွက် အင်တာနက်ဖြတ်လိုက်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“ အင်တာနက်ဖြတ်တဲ့နေရာတွေကို ကြည့်လိုက်မယ်ဆိုရင် ဥပမာ စစ်ကိုင်းက အင်တာနက်ဖြတ်တာဆိုရင် စစ်ရေးအရှိန်အရမ်းမြင့်လာလို့ PDF တွေကို စိုးရိမ်လာလို့ စစ်ကောင်စီဘက်က သူတို့နိုင်တဲ့နည်းလမ်းနဲ့  အင်တာနက်ဖြတ်တောက်လိုက်တာပေါ့။ ဒါပေမယ့် ဖားကန့်ကျတော့ အဲလိုမဟုတ်ဘူး။ စစ်မဖြစ်ရသေးခင်မှာကိုက အင်တာနက်က အရင်ပြတ်သွားတာပေါ့နော်။ အင်တာနက်ဖြတ်ပြီးတဲ့နောက်ပိုင်း သိသာထင်ရှားတဲ့အရာက သယံဇာတကိုတူးဖော်မူတွေကို ပိုလုပ်လာကြတယ်။ ဆိုတော့ဒါကလည်း ခိုးတူးတယ်ဆိုတာက သိသာတယ် နေ့ဘက်မှာမဟုတ်ဘဲ ညဘက်တွေမှာပိုပြီးတော့ ဦးစားပေးပြီးတူးကြတယ် ညဘက်ဆိုရင်ပွဲလိုဘဲ မီးတွေထိန်ထိန်လင်းပြီးတော့ကို တူးကြတာ ဆိုတော့ဒီဟာကြီး သိသိသာသာကြီးသိသာလာတာ ဆိုတော့စစ်ရေးအရဖြစ်နိုင်ထက်ကို သယံဇာတတူးဖော်မူအတွက် ပိုပြီးဖြစ်နိုင်ပါတယ်”

ကမ္ဘာ့ အဖိုးတန်ဆုံးး ဂျေဒိုက်ကျောက်အမျိုးအစားထွက်ရှိတဲ့ ဖားကန့်မြေမှာ စစ်ခေါင်းဆောင်နဲ့ မိသားစုဝင်များ၊ သူတို့နဲ့ ဆက်စပ်တဲ့နိုင်ငံရေးခေါင်းဆောင်များဟာ ဆယ်စုနှစ်တစ်ခုအထိ တူးဖော်မူတွေ လုပ်ခဲ့ကြပါတယ်။

Global witness ရဲ့ ၂၀၁၅ ခုနှစ် အစီရင်ခံစာဖော်ပြချက်အရ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ ၁၉၉၁ ခုနှစ်မှ ၂၀၁၁ နှစ်အထိ အုပ်ချုပ်စဉ်ကာလကတည်းကပင် နိုင်ငံသားတို့ရသင့်ရထိုက်တဲ့ အခြေခံလူ့အခွင့်အရေးကို ငြင်းပယ်ခဲ့တဲ့အပြင် ယခင်ထုတ်ပြန်ထားခြင်းမရှိဘူးတဲ့ ကျောက်စိမ်းလုပ်ကွက်များ ချပေးတဲ့မြေပုံနဲ့ ကုမ္မဏီ၏ မှတ်တမ်းများအရ ဦးသန်းရွှေ၏ သားဖြစ်သူ ဦးကြိုင်စန်းရွှေနဲ့ ဦးထွန်းနိုင်ရွှေတို့ဟာ ကြိုင်အပြည်ပြည်ဆိုင်ရာနှင့် ဖားကန့်ဒေသတွင် ကျောက်စိမ်းတွင်း ၆ တွင်းအတွက် လိုင်စင်ရယူထားတဲ့မြန်မာနိုင်အုပ်စုဟုခေါ်တဲ့ ကုမ္မဏီများကို ထိန်းချုပ်နေပြီး ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို လုပ်ထုံးလုပ်နည်းမလိုဘဲ ကြိုင်အပြည်ပြည်ဆိုင်ရာ ကုမ္မဏီထံ ချပေးရတယ်လို့ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေမိသားစု ကုမ္မဏီများနှင့် ကြွယ်ဝဆုံးကုမ္မဏီတို့ထိန်းချုပ်ထားတဲ့ ကျောက်စိမ်းလုပ်ကွက်များမှာ မှော်ဆီဇာ(၂)၊ ကုဋေမှော် (၅)၊ ဝါကျဲ(၆)၊ မျောက်ဖြူ( ၁)၊ ဂွိခါး( ၁)၊ မမုံ( ၅) စတဲ့မှော်ဖြစ်ပြီး Global witness ရဲ့ဖော်ပြချက်အရ ၂၀၁၃နဲ့ ၂၀၁၄ ခုနှစ် ကြိုင်အပြည်ပြည်ဆိုင်ရာနှင့် မြန်မာနိုင်အုပ်စုတို့ အခွန်မဆောင်မီ ရောင်းရငွေ အမေရိကန်ဒေါ်လာ သန်း ၇၀ ရှိကြောင်း ဖော်ပြထားပါတယ်

Global Witness မှ ၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာ ခန့်မှန်းချက်အရ ၂၀၁၄ ခုနှစ်အတွင်း ကျောက်စိမ်းကဏ္ဍမှ  ရရှိငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံကြားရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့်  မြန်မာအစိုးရ ၂၀၀၄ ခုနှစ် နိုင်ငံတစ်ကာ ( သဘာဝသယံဇာတ လုပ်ငန်းများ ပွင့်လင်းမြင်သာမူ ရှိစေရေး ဆောင်ရွက်ကျင့်သုံးမူ နိုင်ငံတကာ သဘောတူညီချက်) EITI သို့ တင်ပြတဲ့စာရင်းမှာ ဒေါ်လာသန်း ၆၀၀ ကျော်သာရှိပါတယ်။

ဒါကိုကြည့်မယ်ဆိုရင် Global Witness စာရင်းနှင့် နိူင်းယှဉ်လျင်ဝင်ငွေအဆ ၅၀ ခန့်ကွာဟာနေပြီး ထူးဆန်းစွာပင် မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်စာရင်းက သိသိသာသာများနေပါတယ်။

အမေရိကန် ၃၁ ဘီလီယံဟာ မြန်မာနိုင်ငံရဲ့ GDP တစ်ခုလုံးရဲ့ ၄၈ ရာခိုင်နဲ့ညီမျှကာ အသေးစိတ်တွက်ကြည့်ပါက ကချင်ပြည်နယ် လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၁၀၀၀ ရရိမှာဖြစ်ပြီး ၂၀၁၄-၂၀၁၅ အတွက် တစ်နိုင်ငံလုံးရဲ့ ကျန်းမာရေးအသုံးစရိတ်ထက် ၄၆ ဆရှိကြောင်း ဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ်ဟားဗတ်တက္ကသိုလ် Ash Center နဲ့ မြန်မာနိုင်ငံမှ လူမူရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Proximity Designs ပူးပေါင်းဆောင်ရွက်တဲ့ သုတေသနတွင် ကျောက်စိမ်းဝင်ငွေဟာ တစ်နှစ်လျှင် ၈ ဘီလီယံရှိနိုင်တယ်လို့ ခန့်မှန်းထားကြပြီး ထိုအဖွဲ့အစည်းနှစ်ခုရဲ့ ထပ်မံပြုလုပ်တဲ့ ၂၀၁၆ ခုနှစ် ခန့်မှန်းချက်က တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရှိမယ်လို့ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်များကိုကြည့်မယ်ဆိုရင် ကျောက်စိမ်းထုတ်လုပ်မူဟာ ဒေါ်လာဘီလီယံချီတန်သော စီးပွားရေးတစ်ခုဖြစ်နေပြီ ဆိုတာ သေချာနေပါတယ်။ ဒါပေမယ့် ပြသာနာက ဒီကပိုက်ဆံတွေ ဘယ်ရောက်ကုန်မှန်းမသိခြင်းနှင့် ပြည်သူများအကျိုးခံစားခွင့် မရှိခြင်းဘဲ ဖြစ်ပါတယ်။

ကျောက်စိမ်းဟာ ကျောက်မျက်ရတနာ နှစ်သက်သာမက လူတိုင်းရဲ့ပါးစပ်ဖျားမှာ အမည်သွင်လောက်အောင် တန်ဖိုးရှိပြီး လူသိများတဲ့ ကျောက်မျက်ရတနာတစ်ပါးဘဲဖြစ်ပြီး နှစ်ပေါင်း လေးထောင်ကတည်းကပင် တရုတ်နိုင်ငံကိုလွှမ်းမိုးစွမ်းရှိတဲ့ ကျောက်မျက်ရတနာတစ်ပါးဖြစ်ပါတယ်။

Jade လို့သာ အင်္ဂလိပ်လိုလူခေါ်ဝေါ်နေကြပေမယ့် ကျောက်စိမ်းဟာ အမှန်စင်စစ်မှာတော့ Nephrite နက်ဖရိုက်နဲ့ Jadeite ဂျေဒိုက်ကျောက်တွေကို ညွှန်းဆိုကာ ခေါ်ဝေါ်ခြင်းသာဖြစ်ပါတယ်။

ဂျေဒိုက်ကျောက်တွေဟာ ရှားပါးပြီး နက်ဖရိုက်ကျောက်တွေထက်လည်း သာလွန်ကာ အရည်အသွေးပိုကောင်းမွန်ကြပါတယ်။ ယင်းကဲ့သို့ ကောင်းမွန်တဲ့အရည်အသွေးနဲ့ ဂျေဒိုက်ကျောက်စိမ်းတွေကို ကချင်ပြည်နယ်၊ ဖားကန့် တောမှော်၊ဝေခါမှော၊အစရှိတဲ့နေရာတွေမှာဘဲ တွေ့ရမှာဖြစ်ပါတယ်။

စစ်တပ်ရဲ့ ပင်မစီးပွားဝင်ငွေအများဆုံးရတဲ့ ကျောက်စိမ်းတူးဖော်ယူချင်တဲ့အတွက် အင်တာနက်ကို လက်နက်သဖွယ် အသုံးပြုနေတယ်လို့ ဒေသခံများကပြောပါတယ်။

ဆယ်စုနှစ်တစ်စု မြန်မာနိုင်ငံက ကျောက်စိမ်းထုတ်လုပ်ရောင်းဝယ်မူကရတဲ့ အကျိုးစီးပွားအားလုံးကို စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ သူတို့နဲ့နီးစပ်တဲ့သူတွေက ရယူနေပြီး ဒီလုပ်ငန်းဟာ အာဏာသိမ်းစစ်တပ်ရေရှည်ရပ်တည်ဖို့ ဝင်ငွေရစေတဲ့ အရေးကြီးဆုံး စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့အကြောင် Golobal Witness က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံကထုတ်တဲ့ ကျောက်စိမ်း ၉၀ ရာခိုင်နူန်းကလည်း တရုတ်နိုင်ငံကို တရားမဝင်ထုတ်ရောင်းချနေပြီး အားလုံးနီးပါးက တရုတ်နိုင်ငံက ဝယ်ယူနေတာလို့လည်း Global Witness က ဖော်ပြထားပါတယ်။

NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်ကျောက်မျက်ဥပဒေအရ ကျောက်စိမ်းလုပ်ကွက်များအား အလတ်စား ၅ ဧက၊ အသေးစား ၃ ဧကနဲ့ လက်လုပ်လက်စား ၁ဧက ဆိုပြီး လုပ်ကွက်များကိုသာ ချပေးပြီး အကြီးစားလုပ်ကွက်များ ချထားပေးခြင်းမရှိခဲ့ပေ။

ဖားကန့်ရတနာမြေတွင် ၂၀၂၁ ခုနှစ် ဇူလိုင်လအထိ သက်တမ်းကျန်ရှိနေသေးတဲ့ အကြီးစားလုပ်ကွက်များမှာ ၁၈၀ ကျော်နှင့် အကျိုးတူလုပ်ကွက် ၃ခုထိသာ ရှိတာဖြစ်ပါတယ်။

ထို့ပြင် NLD အစိုးရလက်ထက် ဖားကန့်ကျောက်စိမ်းတူးဖော်မူအား ၂၀၁၉ ခုနှစ်မှစကာ ကိုဗစ်ရောဂါကြောင့် ကျောက်တူးဖော်မူကို ပိတ်ပင်ထားခဲ့ပါတယ်။

သို့သော် အင်တာနက်လိုင်း ဖြတ်တောက်ခဲ့အပြီး စက်တင်ဘာလမှစကာကျောက်တွေကို ပြန်လည်တူးဖော်လာကြပြီး ကျောက်တူးဖော်မူတွေကို ည ၄နာရီမှ မနက် ၅နာရီအတွင်း စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေကြတာဖြစ်တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

သတင်းအချက်အလက်ရယူခွင့် ၂၀၁၈ ခုနှစ်တွင် ပြဌာန်းခဲ့တဲ့ ကမ္ဘာ့ကုလသမ္မဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ သတင်းအချက်လက်များကို အင်တာနက်ပေါ်တွင် သတင်းရယူခြင်း သို့မဟုတ် ဖြန့်ဝေခြင်းအား ရည်ရွယ်ချက်ရှိရှိ တားဆီးရန် (သို့မဟုတ်) အနှောင့်အယှက်ပေးတဲ့အစီအမံများဟာ နိုင်ငံတစ်ကာ လူ့အခွင့်အရေးချိုးဖောက်စေတာကြောင့် ခြွင်းချက်မရှိ ပြစ်တင်ရူတ်ချသည်သာမက နိုင်ငံအားလုံးကို ယင်းကဲ့သို့သော အစီအမံများကို ရှောင်ကြဉ်ကြရန်နဲ့ ရပ်တန့်ကြရန် တိုက်တွန်းထားပါတယ်။

Show More

Related Articles

Back to top button