သတင်း

အင်ခိုင်ဘွမ့်တောင်ပေါ် ဗုဒ္ဓစေတီ တည်ဆောက်မှုကို ရပ်ဆိုင်းရန်နှင့် ပြောင်းရွေ့ရန် တောင်းဆို

မြစ်ကြီးနားမြို့မြောက်ဘက် အင်ခိုင်ဘွမ် (N Hkai Bum) တောင်မှာ ကချင်လူထုကန့်ကွက်နေသည့်ကြား ဗုဒ္ဓစေတီတစ်ဆူ ထပ်မံ တည်ဆောက်နေပြန်သဖြင့် အဆိုပါလုပ်ရပ်ကို ရပ်တန့်ပေးရန်နှင့် အခြားနေရပ်သို့ ပြောင်းရွေ့လိုက်ရန် ကချင်လူငယ်များမှ တောင်းဆို လိုက်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင် ဇန်နဝါရီလ ၁၅ ရက်နေ့တွင်လည်း အင်ခိုင်ဘွမ့် အမျိုသားဥယျာဉ် နယ်နမိတ်အတွင်း ဉာဏ်တော် ၂၇ ပေရှိ ဗုဒ္ဓစေတီတော်ကိုတည်ဆောက်ရန် ပလန မဇ္ဈိမ ဘုန်းကြီးကျောင်းမှ ဆရာတော် အရှင်နန္ဒဝဏ်သ ဦးစီးပြီး ပန္နက်ရိုက်ခဲ့သည်။

သို့သော် ကန့်ကွက်ဝေဖန်မှုနှင့် ကြုံရပြီးနောက် ယာယီရပ်တန့်ထားသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ယခုနှစ်ဆန်းပိုင်းကစတင်ပြီး ဗုဒ္ဓရုပ်တုထပ်မံ တည်ဆောက်နေခြင်းဖြစ်သည်။

“အဓိကတော့ ရိုးရာယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရမယ့်နေရာဖြစ်တာကြောင့် ကျတော်တို့ ကန့်ကွက်ရတာဖြစ်တယ်။ ဒါကြောင့် အခုလက်ရှိ လုပ်နေတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေအားလုံးကို အမြန်ဆုံး ရပ်ဆိုင်းပစ်ဖို့နဲ့ အခြားတစ်နေရာကို ပြောင်းရွေ့တည်ထားမှု အမြန်ဆုံးအနူးအညွတ် မေတ္တာရပ်ခံလိုပါတယ်။” ဟု ကချင်လူငယ်ခေါင်းဆောင် တစ်ဦးက ကန့်ကွက် ပြောဆိုသည်။

ယခု ရုပ်ထု ထပ်မံ တည်ဆောက်နေသော နေရာသည် ယခင် ကန့်ကွက်ခံထားရသည့် နေရာထက် ပိုမြင့်သော တောင်ထိပ်ပိုင်းတွင် ဖြစ်သည်ဟု သိရသည်။

ထိုနေရာတစ်ဝိုက်တွင် အင်ခိုင်ဘွမ့် အမျိုးသားဥယျာဉ်ဖြစ်သော်လည်း  ပလန နယ်မြေ မဇ္ဈိမ ဘုန်းကြီးကျောင်းမှ ဦးစီးပြီး မြစ်ချောင်းတစ်လျောက် ရုပ်ထုများကို တည်ထားသည်ကို တွေ့ရသည်။

“အခုလိုမျိုး ကချင်ပြည်နယ်ရဲ့ အထင်ကရ တောတောင် မြို့ရွာတွေမှာ စေတီဘုရားတည်တာနဲ့ပတ်သက်ပြီး ရှုထောင့် ၃ ခုနဲ့ ပြောချင်တယ်။ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး ရှု့ထောင်ကဖြစ်တယ်။ အခုလိုမျိုး ကုသိုလ်လို့ပြောပြီး တခြားလူမျိုးကို ညိုညင်စေမယ်ဆိုရင် ဒါက ကုသိုလ်ဘက်ကို မရောက်ဘူး။ လူမှုရေးဘက်ကိုပြောမယ်ဆိုရင်လည်း လူတကာနဲ့ ပဠိပက္ခဖြစ်နေမယ်ဆိုရင် မတည်တာပဲ ကောင်းတယ်။ ကျမတို့ တော်လှန်ရေးဟာလက်နက်ကိုင် စစ်တပ်ကိုပဲ တော်လှန်နေတာမဟုတ်ဘူး။ အတွေးအခေါ် ဖိနှိပ်မှုဆိုင်ရာ အားလုံးကိုတွန်းလှန်နေတာဖြစ်တယ်။”

ဧရာဝတီတစ်ဖက်ကမ်းမှ တွေ့ရသော အင်ခိုင်ဘွမ်

အင်ခိုင်ဘွမ့် (N Hkai Bum) တောင်သည် မြစ်ကြီးနားမြို့ မြောက်ဘက် ၁၅ မိုင်၊ ဧရာဝတီမြစ်ဆုံ၏ အနောက်ဘက်တွင် တည်ရှိပြီး ကချင် ရိုးရာပုံပြင်များဖြင့် ပြည်နက်နေသော တောင်တစ်ခုဖြစ်သည်။ အင်ခိုင်ဘွမ့်ကို အမျိုးသားဥယျာဉ်အဖြစ် ၂၀၁၇ ခုနှစ်တွင် အစိုးရက သတ်မှတ်ခဲ့သည်ဟု သိရသည်။

Show More

Related Articles

Back to top button