သတင်း

NUG အောက် CDM ပညာရေးဝန်ထမ်းတွေလည်း အွန်လိုင်းကနေ စာသင်ရန် နာမည်စာရင်းကောက်ခံ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကြားကာလ ပညာရေးအစီအစဉ်အောက် အခြေခံပညာရေး အွန်လိုင်းစာသင်ကြားမယ့် အစီအစဉ်အတွက် မြို့နယ်တိုင်းမှာ ကျောင်းသားစာရင်းကောက်ခံနေပြီလို့ သိရပါတယ်။

“ကျနော်တို့ မြစ်ကြီးနားမြို့နယ် ပညာရေးဘုတ်အဖွဲ့အနေနဲ့ NUG အစိုးရ လမ်းညွှန်ချက်နဲ့အတူ အွန်လိုင်းကသွားဖို့ရှိပါတယ်။ ၂ နှစ်သာ ပညာရေးမှာ နစ်နာသွားတဲ့ကလေးတွေအတွက် ဒီနှစ်မှာ အဲ့ဒါတွေကို ပြန်ပြီးကုစားနိုင်အောင် ပြင်ဆင်ထားတယ်။ ကျောင်းက အခုလည်း လက်ခံနေတယ်။ ဇွန်လ ၁ ရက်နေ့ကစပြီး ကျောင်းဖွင့်သွားဖို့ရှိပါတယ်။” ဟု မြစ်ကြီးနားမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦး KNG ကို ပြောသည်။

လာမယ့် ဇွန်လ ၂ ရက်နေ့မှာ စစ်ကောင်စီဘက်ကလည်း စာသင်ကျောင်းတွေဖွင့်လှစ်ဖို့ ကြိုးစားနေချိန် NUG ဘက်ကလည်း ဖက်ဒရယ်ပညာရေးအစီအစဉ်ကို အွန်လိုင်းကနေ သင်ကြားဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

CDM ဆရာ၊ ဆရာမတွေဆောင်ရွက်တဲ့ ဒီအစီအစဉ်ကို စိတ်ဝင်စားတဲ့ မြစ်ကြီးနားမြို့နယ်က ကလေးမိဘတွေအနေနဲ့ လာမယ့် ဇွန်လ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး နာမည်စာရင်းပေးကြဖို့ မြစ်ကြီးနားမြို့နယ် ပညာရေးဘုတ်အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

ကျောင်းသားတွေကို သူငယ်တန်း(KG)ကနေ ၁၀ တန်းအထိ လက်ခံနေပြီး စာသင်ကြားတဲ့ကာလက ၆ လတစ်ဖြတ် အတန်းခွဲ သင်ကြားသွားမယ်လို့ ပြောပါတယ်။

“မူလတန်းကနေ အထက်တန်းအထိ သင်ကြားပေးသွားမယ်။ လက်ရှိက ပထမဆုံး မူလတန်းနဲ့ အလယ်တန်းကို အရင် အကောင်အထည်ဖော်မယ်။ ပြီးမှ ကျန်ရှိနေတဲ့ အထက်တန်းအဆင့်တွေကို ပြန်သင်မယ်။ ဒီကြားကာလ ပညာရေးမှာ ကလေးတွေရဲ့ပညာရေး ပြန်ကုစားနိုင်ဖို့ မေးခွန်းတွေလည်း စီစဉ်ထားတယ်။ ဘယ်လိုမေးခွန်းတွေလည်းဆိုတော့ အဖတ်အရွတ်၊ အနာအကြား၊ လက်တွေ့၊ မှတ်သားစရာ-စတဲ့ မေးခွန်းအမျိုးအမျိုးခွဲပြီး မေးဖို့ရှိတယ်။ ၅ လက စာသင်ကာလဖြစ်ပြီး ၆ လမြောက်မှာတော့ စာမေးပွဲကာလလေးထားရှိမှာဖြစ်တယ်။ လတိုင်းလည်း လပတ်စာမေးပွဲ ဖြေသွားဖို့ရှိတယ်။ ပြီးရင် ကျနော်တို့ အတန်းတက်တဲ့စနစ်လည်း ပြင်ဆင်ထားတယ်။ ဥပမာ အတန်းအောင် ရီပို့ကတ်ပေးတာတွေပေါ့။” ဟု မြစ်ကြီးနားမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

သင်ကြားပေးမယ့်သူတွေကတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ CDM ပညာရေးဝန်ထမ်းတွေဖြစ်ပြီး NUG ပညာရေးဌာန သင်ရိုးညွှန်းတမ်းနဲ့အညီ သင်ကြားမှာဖြစ်ပါတယ်။

အင်တာနက်လိုင်း အဆင်ပြေတဲ့သူတွေအတွက် အွန်လိုင်းကနေ သင်ကြားပေးမှာဖြစ်ပြီး   အဆင်မပြေတဲ့သူတွေအတွက်လည်း နည်းလမ်းစီစဉ်နေတယ်လို့ ပြောပါတယ်။

တစ်ဖက်မှာလည်း အင်တာနက်လိုင်းအဆင်မပြေတာကြောင့် သားသမီးတွေကို စာသင်ကျောင်းမှာပဲ သွားအပ်မယ်လို့ ပြောဆိုနေကြတဲ့ကျောင်းသားမိဘတွေလည်းရှိပါတယ်။

မြစ်ကြီးနားမြို့နယ် ပညာရေးဘုတ်အဖွဲ့လို တခြားမြို့နယ်တိုင်းမှာလည်း CDM ဆရာ၊ ဆရာမတွေနဲ့  ဖွဲ့စည်းထားတဲ့ ပညာရေးဘုတ်အဖွဲ့ရှိတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button