သတင်းအင်တာဗျူး

သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း

ဖားကန့်မြို့နယ်အတွင်း အခုလအတွင်းမှာပဲ လူအုပ်စုလိုက်ကို လက်နောက်ပြန်ကြိုးတုတ်ပြီး သတ်ဖြတ်ထားတဲ့ ဖြစ်စဉ် ၂ ခုအထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် အရင်လတွေကတည်း လူသတ်မှုဖြစ်စဉ် မကြာခဏဖြစ်ပျက်နေမှုနှင့် ပတ်သက်ပြီး ဖားကန့်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်း၏ သဘောထားအမြင်ကို KNG သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ဖားကန့်ဒေသမှာ လူသတ်မှုတွေ ခဏခဏဖြစ်နေတာတွေရှိတယ်၊ ဒီအခြေအနေတွေကို  ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ သုံးသပ်ပေးလို့ရမလား။

ဖြေ။ ဖားကန့်ရဲ့အနေအထားက တစ်ခြားနေရာတွေထက် အခုလိုဖြစ်ဖို့ ပိုပြီးတော့ လွယ်နေတယ်။ ပထမအချက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ နယ်မြေအနေအထားပေါ့၊ ဖားကန့်က အဖွဲ့အစည်းတစ်ခုခုရဲ့ စိုးမိုးမှုအောက်မှာရှိတာ မဟုတ်ဘူး၊ စကစ အောက်မှာလည်းမရှိဘူး၊ အေအိုင်အေ အောက်မှာလည်းမရှိဘူး၊ ဖားကန့်ဒေသတစ်ခုလုံးက ဟိုဘက်ဒီဘက်ပေါ့၊ စိုးမိုးမှုကအတိုင်းအတာကတစ်ခုစီ နှစ်ဖက်စလုံးမှာရှိကြတယ်။  ဆိုတော့ အဲဒီလိုအနေအထားမျိုးက တရားဥပဒေစိုးမိုးမှုရှိဖို့က ခက်တယ်ပေါ့၊ အခုလိုလူသတ်မှုတွေရှိနေတယ် ဆိုတာကလည်း အဖွဲ့အစည်းတစ်ခုခုရဲ့စိုးမိုးမှုအောက်မှာ မရှိနေတာကလည်း တစ်ချက်၊ နောက်တစ်ချက်က ဖားကန့်မှာရောက်နေတဲ့လူတွေလည်း မြန်မာနိုင်ငံ အနှံ့အပြားက ရောက်ရှိနေကြတဲ့လူတွေ ဒီလူတွေက စရိုက်မျိုးစုံပါတယ်။ ပြီးရင် ဒီလူတွေရဲ့အကြောင်းကို သေချာသိနိုင်ဖို့လည်းခက်တယ်။

ဖားကန့်မှာ ရွေ့ပြောင်းတွေက များလွန်းတော့ တစ်ယောက်အကြောင်းတစ်ယောက်သေချာသိနိုင်ဖို့လည်း ခက်တယ်။  ဒီအထဲမှာ ကောင်းရောင်းကောင်းဝယ်လုပ်တဲ့လူတွေပါသလို တစ်ချို့ကျတော့ တစ်ခြားနေရာမှာ ဒုစရိုက်မှုတွေကျူးလွန်ခဲ့ပြီးတော့ ရှောင်တိမ်းပြောင်းလာတဲ့သူတွေလည်းပါတယ်။ စရိုက်စုံတယ်ပေါ့။ နယ်မြေအနေအထားကလည်း အခြေအနေပေးနေတယ်၊ စရိုက်စုံလူတွေကလည်း နေနေကြတယ်ဆိုတော့ ဒီလိုလူသတ်မှုတွေဖြစ်ဖို့  ပိုပြီးတော့လွယ်နေတယ်ပေါ့နော်။ လွယ်နေတယ်လို့ ပြောရရင် အခုတော့ နိုင်ငံရေးနဲ့သက်ဆိုင်မှုတော့ ရှိနေတယ်ပေါ့နော်။ နိုင်ငံရေးခံယူချက်၊ နိုင်ငံရေးရပ်တည်တဲ့ဘက်မတူကြလို့ ဖြစ်ကြတာမျိုးတို့ အပြန်အလှန်လက်စားခြေ သတ်ကြတာမျိုးလည်းရှိကြသလို ပုဂ္ဂိုလ်ရေးအရ အဆင်မပြေမှုတွေကြောင့် သတ်တာဖြတ်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ဒီအချိန်မှာ ဒီလူတွေက ဘယ်သူတွေဖြစ်တယ်၊ ဘာကြောင့်မို့ သတ်လိုက်တယ်၊၊ ဘယ်သူက တာဝန်ခံပြီးသတ်လိုက်တာ ဆိုပြီး တာဝန်ခံပြီးထုတ်ဝေတာလည်း တိတိကျကျမရှိဘူးဆိုတော့ မြေပြင်မှာ ကြားနေတာကို အတည်ယူဖို့ခက်တယ်။

မေး။ ဘာကြောင့် ဥပဒေစိုးမိုးမှုမရှိတာလဲ။

ဖြေ။ ဒီဖားကန့်က အခုမှ မဟုတ်ဘူး၊ အရင်ကတည်းက ဥပဒေစိုးမိုးမှုအားနည်းတယ်၊ အရင်အစိုးရ လက်ထက်ကတည်းက အားနည်းတယ်၊ အခုတော့ ပိုဆိုးသွားတာပေါ့။ အာဏာသိမ်းမှုနောက်ပိုင်းမှာ နိုင်ငံရေးကြောင့် ဥပဒေစိုးမိုးမှု အားနည်းသွားတယ်။

မေး။ အာဏာမသိမ်းခင်က ဥပဒေစိုးမိုးမှုအားနည်းတယ်ဆိုတာက ဘယ်လိုအခြေအနေတွေရှိခဲ့လဲ။

ဖြေ။ လူသတ်မှုတွေက အာဏာမသိမ်းခင်ကလည်း ရှိတယ်။ ရှောင်ရင်းတိမ်းရင်းရောက်လာခဲ့ကြတဲ့ လူတွေဆိုလည်း အရင်ကတည်းက ရှိခဲ့တာပဲ။ တစ်ခြားဒေသက ရာဇဝတ်မှုကျူးလွန်ပြီး လာတိမ်းရှောင်တဲ့လူတွေဒီမှာ လာခိုလှုံတယ်ဆိုတာက ဒီမှာက ဥပဒေစိုးမိုးမှုအားနည်းလို့ ရှာဖို့လည်းခက်ခဲတယ်။ ကျောက်မြတ်တူးဖော်ရေးဘက် ကြည့်လိုက်မယ်ဆိုလည်းအစိုးရအနေနဲ့ ကောင်းစွာ မထိန်းချုပ်နိုင်ခဲ့ဘူး။ အစိုးရရဲ့ ဥပဒေပြဌာန်းချက်အတိုင်း မြေပြင်မှာ လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ဘူး။ ဒါအာဏာမသိမ်းခင်က အခြေအနေပေါ့။ အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီးဆိုးဝါးသွားတာပေါ့။ ဘာလို့လဲဆိုတော့ အာဏာမသိမ်းခင်က ဥပဒေစိုးမိုးမှု မရှိဘူးဆိုပေမယ့် အရပ်ဘက်တွေအားကောင်းတယ်၊ မီဒီယာတွေလည်းအားကောင်းတယ်။ ဒေါက်တိုင်တွေက ဝိုင်းပြီးထိန်းကျောင်း တည့်မတ်နိုင်တယ်။ အခုအခြေအနေမှာ ဘယ်သူဘာဆိုတာလည်း ပြောဖို့ခက်တယ် ထောက်ပြပြောဖို့ရာအတွက်ဆိုလည်း မလွယ်တော့ဘူး။  ပိုဆိုးသွားတဲ့ အပိုင်းတော့ရှိတယ်။

မေး။ အခုအချိန်မှာ တစ်ဖက်ကလည်း ဒလန်ဆိုပြီး သတ်တယ်၊ တစ်ဖက်ကလည်း NLD ရဲ့လူတွေဆိုပြီး ဖမ်းဆီးသတ်တာတွေရှိတယ်၊ ဒီလိုအချင်းချင်း သတ်ဖြတ်ကြတဲ့အပေါ် ဘယ်လိုအကြံပေးချင်ပါသလဲ။

ဖြေ။ ဒီအပေါ်မှာ ပြောရရင်တော့ လူတစ်ယောက်ကို လွယ်လွယ်နဲ့သတ်တာမျိုးတော့ မဖြစ်စေချင်ဘူး။ တစ်ကယ်လို့ ဒလန်လို့သတ်မှတ်မယ်ဆိုလည်း အဆင့်လေးတွေ ခွဲထားစေချင်တယ်။ ကိုယ်နဲ့ မတူညီတဲ့ဘက်ကို ထောက်ခံရုံသက်သက်ပဲလား၊ သွယ်ဝိုက်တဲ့နည်းနဲ့ ပံ့ပိုးပေးနေတာလား၊ တိုက်ရိုက်ပါဝင်ပတ်သက်နေတာလား ဆိုတာမျိုးပေါ့။ ကျွန်တော်ကတော့ အဲဒီလို အဆင့်လေးတွေ သတ်မှတ်ပြီးတော သတိပေးသင့်တဲ့သူတွေကို ပေးမယ်၊ အရေးယူသင့်တဲ့ သူတွေကို ယူမယ်။ နောက်ဆုံးသေသင့်တဲ့သူဆိုတော့ သတ်တာမျိုးတော့ ဖြစ်ရင်ဖြစ်မှာပေါ့။ ဆိုတော့ အဲလိုမျိုးအဆင့်ဆင့်တော့ သွားစေချင်တယ်။ ဟိုဘက်ဒီဘက် လက်စားခြေ လက်တုန့်ပြန်တယ်ဆိုတာက ဒီအချိန်မှာ ထိန်းဖို့တော့ ခက်တယ်။ အရှိန်ကလည်းရနေပြီ ဒီလမ်းကို လျှောက်ခဲ့ကတည်းက အဆုံးထိသွားကြမယ်ဆိုတော့ အဖြေတစ်ခုမထွက်မချင်းတော့ ဒါကသံသရာလည်နေမယ်လို့တော့ထင်တယ်။

မေး။ လူသတ်မှုတွေ နောက်ကွယ်မှာ NUGCRPH အဖွဲ့တွေက အားပေးနေတယ်၊ အမိန့်ပေးနေတယ်ဆိုပြီး ရေးသားမှုတချို့လည်းတွေ့နေရတော့ ဒီအပေါ် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘာပြောချင်သလဲ။

ဖြေ။ ဒါကတော့ တစ်ခြားသူတွေအကြောင်း တော့ကိုယ်မဖြေနိုင်ဘူး။ ကိုယ့်အကြောင်းကိုယ်ဖြေရမယ်ဆိုတော့ ကိုယ့်အနေနဲ့ကတော့ သတ်ဖို့အထိတော့ အားမပေးဘူး။ ကိုယ်နဲ့မတူ ကိုယ့်ရန်သူဆိုပြီး သတ်ကြဖြတ်ကြတာတော့ အားပေးမှာတော့ မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့ကို တာဝန်ခံထားတဲ့ ဒီဘက်ကအဖွဲ့အစည်းတွေကလည်းဘဲ ဒါကို အားပေးမှာတော့ မဟုတ်ဘူး။ ပြည်သူကြားထဲမှာ ဖြစ်နေတဲ့ ပြဿနာပေါ့နော်။ ဒါထိန်းချုပ်ရ ကိုင်တွယ်ရခက်နေပြီဆိုတာတော့ သေချာတယ်။ ဒါကို ဆိုးသထက်ဆိုးအောင် ဒီလိုသံသရာလည်နေအောင်တော့ ကျွန်တော်တို့ အားပေးမှာ မဟုတ်ဘူး။ ဒါကပြောရရင်တော့ အရှည်ကြီးပဲ အချုပ်ပြောရရင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့နောက်ဆက်တွဲ ပြသနာတွေပဲ။ ဒီပြသနာတွေ အလုံးစုံကို တော်လှန်ရေးပြီးတဲ့အချိန်မှာ တာဝန်ခံရှင်းရမှာပေါ့နော်။ အဓိကတာဝန်ခံရမှာက စစ်ကောင်စီပေါ့နော်။ စစ်အာဏာမသိမ်းခဲ့ရင် ဒါတွေကဖြစ်လာမှာ မဟုတ်ဘူး။ ပြန်လှန်ကြည့်ရရင် စကစ ကနေပြီးတော့ စပြီးကျူးလွန်ခဲ့ကြတာ။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို အခုလိုမျိုးကိုယ်ထိလက်ရောက်တွေ ကျူးလွန်လာတယ်။ နှိပ်စက်ငြင်းပန်းသတ်ဖြတ်တယ်။ အဲဒီလိုတွေ မဟုတ်ပဲနဲ့ တိုက်ရိုက်ပတ်သက်တာမဟုတ်ပဲ မိသားစုတွေ ဆွေမျိုးအတိုင်းအဝန်းတွေကိုဖမ်းဆီးတာ၊ သတ်ဖြတ်တာလည်း စစ်ကောင်စီကစပြီးကျူးလွန်ခဲ့တဲ့ဟာတွေသိပြီးဖြစ်တယ်။ ပြည်သူတွေကလည်း လက်တုံ့ပြန်ကြတယ်။ ဒီလိုလက်တုံ့ပြန်တယ်ဆိုတဲ့ အနေအထားမျိုးကတော့ ပြီးနိုင်မယ့်အနေအထားမျိုးတော့မရှိဘူး။ သံသရာတော့လည်နေမှာပေါ့နော်။ စစ်အာဏာရှင်က အမြစ်ပြုတ်တာဖြစ်စေ၊ စစ်တန်းလျားပြန်တာဖြစ်စေ၊ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံစစ်စစ် ဖြစ်လာမှသာ ဒီပြသနာတွေတဖြည်းဖြည်း ပြေလျော့သွားမယ်လို့တော့ မြင်ပါတယ်။

မေး။ နွေဦးတော်လှန်ရေး ဒီကြားကာလမှာ ဖားကန့်အခြေအနေကို ပြောပြပေးလို့ရမလား။

ဖြေ။ ဖားကန့်ဒေသက အခုထိပြည်သူတွေကြားမှာ တော်လှန်ရေးအရှိန်တွေ အားကောင်းနေဆဲပဲ၊ ကျွန်တော်တို့တော်လှန်ရေးမှာ ဆက်ပြီးတော့ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းနေစရာမလိုဘူး။ လူထုကရှေ့ကနေသွားနေဆဲပဲပေါ့နော်။ ကျွန်တော်တို့က ဘေးကနေပံ့ပိုးပေးရုံပဲ။ ကျွန်တော်တို့ကတော့ ရှေ့ကနေဦးဆောင်ပြီး ပါလာမယ့်လူထုမဟုတ်ဘူး။ လူထုက ချီးကျူးစရာကောင်းတယ်။ ငြိမ်းချမ်းစွာဆန္ဒပြပြီးပါဝင်ကြသလို၊ လက်နက်ကိုင်ပြီး တော်လှန်ရေးဆင်နွဲ ပါဝင်ကြတယ်။ ဖားကန့်လူထုနဲ့ပတ်သက်ပြီး ဘာမှထွေထွေထူးထူးပြောစရာမရှိဘူး။ ပြည်သူကြားထဲမှာ ဖြစ်နေတဲ့ အပြန်အလှန်လက်တုံ့ပြန်တာမျိုးက အားလုံး အသီးသီးရဲ့ ဆင်ခြင်ထုံတရားနဲ့ပဲ သွားရမှာပေါ့နော်။ အဖွဲ့အစည်းတစ်ခုခုကနေပြီးတော့ ထိန်းချုပ်ဖို့ကလည်း ဒီနေ့ဒီအချိန်မှာ မလွယ်တော့ဘူး။ စစ်အာဏာရှင်ကျဆုံးသွားမှပဲ ဥပဒေမဲ့ သတ်ဖြတ်တာတွေ ပျောက်ဆုံးသွားမယ်လို့ထင်တယ်။  အဲလိုမှမဟုတ်ရင်တော့ ဆက်ပြီးရှိနေဦးမှာပဲ။

Show More

Related Articles

Back to top button