တိုက်ပွဲသတင်း

ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

တနိုင်းသွာလမ်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီး အများပြည်သူသွားလာသောနေရာများတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ မှ မိုင်းထောင်ထားသောကြောင့် မိုင်းနင်းသဖြင့် ထိခိုက်ဒဏ်ရာရရှိသော ပြည်သူ ၂ဦးအထိ ရှိလာပြီဟု သိရသည်။

ရှဒူးဇွပ် (Jahtu Zup) ပြည်သူ့စစ်အဖွဲ့သည် ဇွန်လ ၁ ရက်နေ့မှစတင်ပြီး စံပြ၊ အောင်ရာ ဘန်ကောက် စသော ကျေးရွာ ၃ ခု၏ အနောက်ဘက်ခြမ်းရှိ KIA တပ်ရင်း ၁၄ ရှိရာ ရွှေမှော် သွားလမ်း ၄ ခုကို ဘက်ဟိုးများဖြင့် ဖြတ်တောက်ကာ လမ်းပိတ်ခဲ့သည်။

ထို့အပြင် ပြည်သူများသွားလာ ဖြတ်သန်းခွင့်မရအောင် မိုင်းထောင်လိုက်ခြင်းကြောင့် ဇွန်လ ၂၃ ရက်နေ့ ရွှေမှော်ဘက်မှ ပြန်လာသည့် ရှဒူးဇွပ်ပြည်သူတစ်ဦး ပြည်သူ့စစ်အဖွဲ့ထောင်ထားသော မိုင်းနင်းမိသဖြင့် ခြေထောက်တစ်ဖက် ကျိုးသွားသည့်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှဒူးဇွပ်ကျေးရွာတာဝန်ခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။

“ဒီလအတွင်းမှာဘဲ မိုင်းနင်းမိတဲ့ ပြည်သူ ၂ယောက်ရှိပြီ။ တစ်နေ့ကပဲ မိုင်းနင်မိတဲ့ တစ်ယောက်ဒဏ်ရာတော်တော် ပြင်းထန်တယ်လို့ကြားတယ်။ သူ့ရဲ့ညာဖက် ခြေထောက်တစ်ဖက်တာင် ဖြတ်လိုက်ရဖို့ အထိဖြစ်တယ်တဲ့။ ဒဏ်ရာအရမ်းဆိုးတော့ အဲ့တစ်ယောက်ကို မြစ်ကြီးနား ဘက်ကိုပို့လိုက်ပြီလို့သိရပါတယ်”ဟုပြောဆိုသည်။

မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သော သူသည် အသက် ၃၀ နှစ်အရွယ် ရဲကိုခေါ်သူဖြစ်ပြီး လက်ရှိတွင် ရှဒူးဇွပ်ကျေးရွာ ရပ်ကွက်(၄)တွင် နေထိုင်သူဖြစ်ကြောင်းနှင့် သူ၏ ဇာတိသည် ဧရာဝတီတိုင်းဘက်မှ ဖြစ်ကြောင်းသိရသည်။

ထိုနည်းတူ ပြီးခဲ့သော ရှေ့အပတ်တွင်လည်း မိုးကောင်းမြို့နယ် နမ္မတီးမြို့မှ အမျိုးသားတစ်ဦးသည်လည်း ထိုရွှေမှော်ဒေသဘက်မှ ပြန်လာခဲ့ရာ လမ်းခုလပ်တွင် ပြည်သူ့စစ်အဖွဲ့၏ မိုင်းနင်းမိပေါက်ကွဲပြီး ခြေထောက်တစ်ဖက် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

ရှဒူးဇွပ်ဒေသတွင် ပြည်သူ့စစ်အဖွဲ့မှ ယခုလို အများပြည်သူသွားလမ်းများတွင် မိုင်းထောင်သည့် လုပ်ရပ်သည် KIA တပ်ဖွဲ့ကို ထိခိုက်အောင် တိုက်ခိုက်နေသည့် လုပ်ရပ်မျိုးမဟုတ်ဘဲ တစ်ဖက်တွင် ဒေသခံ အများပြည်သူကို အသုံးချကာ ဒုက္ခရောက်အောင် လုပ်ဆောင်နေခြင်းသား ဖြစ်သည်ဟု ရှဒူးဇွပ်ဒေသခံတစ်ဦးက ယခုလိုပြောဆိုထားသည်။

“သူတို့အခုလို လူသွားလမ်းတွေမှာ မိုင်းထောင်လိုက်တဲ့ နောက်ပိုင်း ကျနော်တို့ ဒေသခံတွေ အရမ်းခက်ခဲသွားတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဒီနားတဝိုက်မှာဘဲ စားဝတ်နေရေးအတွက် ဝမ်းစာဖူလုံနေကြတာဟုတ်တယ်။ သူတို့က KIA ကို လုပ်တယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဒီလုပ်ရပ်က KIA ကို ဘာမှထိရောက်မှုရှိမှာမဟုတ်ဘူးလေ။ အဲ့ကြောင့် စစ်ရေးလည်း မဟုတ်သလို နိုင်ငံရေးလည်း မဟုတ်ဘူး။ တစ်ဦးတစ်ယောက် အာဏာထုတ်သုံးပြီး ပြည်သူကို ဒုက္ခပေးနေတယ်လို့ဘဲမြင်တယ်”ဟုပြောဆိုသည်။

ပြည်သူ့စစ်အဖွဲ့သည် ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး ရွှေမှော်သွားလမ်းများဖြစ်ကြသည့် အောင်ရာရွာထိပ်အနီး ၂နေရာ၊ ပြည်သူ့စစ်တပ်စခန်းရှိသော စံပြကျေးရွာအနီးတစ်နေရာနှင့် ဘန်ကောက်နှင့်ဝါရာဇွပ်ကျေးရွာ ၂ခုကြားတွင် တစ်နေရာ စသော ၄နေရာတွင် မိုင်းထောင်ကာ လမ်းပိတ်ဆို့ထားခြင်းဖြစ်သည်။

ထိုလမ်း နေရာ ၄ခုသည် ရှဒူးဇွပ်၊ စံပြ၊ အောင်ရာနှင့် ဘန်ကောက် စသော ကျေးရွာ ၄ခုက စားဝတ်နေရေးအတွက် နေ့စဉ်သွားလာလှုပ်ရှားနေသော လမ်းနေရာများဖြစ်ကြပြီး ယခုလိုပြည်သူ့စစ်အဖွဲ့မှ လမ်းပိတ်ဆို့လိုက်သည့်အတွက် ထိုဒေသရှိ ပြည်သူများက သွားလာရေးပြသနာအခက်အခဲ ကြုံတွေ့နေရသည်ဟု စံပြ ဒေသခံအမျိုးသားတစ်ဦးက ယခုလိုထပ်မံ ပြောဆိုထားသည်။

“ပြည်သူ့စစ်ပိတ်ထားတဲ့ လမ်းတွေက ကားလမ်းတွေဖြစ်တယ်။ ပြောချင်တာက ပြည်သူ့စစ်ဆိုတာ ပြည်သူကို ကာကွယ်မယ့် ပြည်သူ့စစ်ဖြစ်တယ်။ အခုက ပြည်သူတွေကို ကာကွယ်ပေးတာမျိုးမဟုတ်ဘဲ ဒုက္ခရောက်အောင်လုပ်ပေးနေတယ်။ ဒီဒေသမှာက တစ်ဖက်က တိုက်လိုက် ပြန်ပိတ်လိုက်နဲ့ ဒေသခံတွေ မျိုးစုံကြုံတွေ့နေရတယ်။ အခုပြည်သူ့စစ်က ပိတ်ဆို့ထားတဲ့လမ်းတွေဆို တစ်ချို့က ရွှေမှော်ကို သွားကြသလို တစ်ချို့က စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားနေတဲ့လမ်းတွေဖြစ်တယ်။ အဲ့ကြောင့် ဒီလို လမ်းပိတ်ဆို့ မိုင်းထောင်တာတွေ မဖြစ်သင့်ဘူး။ ပြန်ခံရတာက ပြည်သူတွေဘဲဖြစ်နေတယ်” ဟု ပြောဆိုသည်။

ယခုလို ရှဒူးဇွပ်ဒေသတွင် ပြည်သူ့စစ်အဖွဲ့သည် KIA တပ်ရင်း ၁၄ နယ်မြေဘက်သို့ ရှိသော ရွှေမှော်ကားလမ်းများကို ပိတ်ဆို့လိုက် ခြင်းသည် KIA ထိန်းချုပ်နယ်မြေအတွင်းရှိနေသော ရွှေလုပ်ငန်းရှင်များထံမှ အခွန်အကောက်မရရှိသဖြင့် လမ်းပိတ်ဆို့မှုများလုပ်ဆောင်လာခြင်းဖြစ်ပြီး တဖက်တွင် KIA တပ်ဖွဲ့ရရှိနေသော ဝင်ငွေများကို ပိတ်ဆို့ပေးခြင်းဖြစ်သည်ဟု သူက ဆက်လက်သုံးသပ်ပြောဆိုထားသည်။

ပြီးခဲ့သော မေလ ၁၉ ရက်နေ့တွင် ရှဒူးဇွပ် ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်၏ ရှဒူးဇွပ်ကျေးရွာအနီး ရွှေတူးဖော်နေသော ဘက်ဟို ၂စီးကို KIA မှ မီးရှို့ဖျက်ဆီးပေးလိုက်သည့်နောက်ပိုင်း ဇွန်လ ၁ ရက်နေ့မှစပြီး ရွှေမှော်သွားလမ်း ၄ခုကို ပြည်သူ့စစ်အဖွဲ့က ပိတ်ဆို့လိုက်ခြင်းလည်းဖြစ်သည်။

Show More

Related Articles

Back to top button