စစ်ပြေးဒုက္ခသည်များသတင်း

မံစီ စီအူ ကျေးရွာရှိ နေရပ်ပြန် စစ်ရှောင်များ လုပ်ကိုင်စားသောက်ရေးတွင် အခက်အခဲဖြစ်နေ

မံစီမြို့နယ် နမ်လင်းပါအနီးတွင် ပြန်လည်နေရာချထားသော စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့မှု မရရှိတော့သဖြင့် ခက်ခဲမှု ရှိနေကြောင်း သိရသည်။

နမ်လင်းပါကျေးရွာမှ မိုင် ၂၀ ခန့်ဝေးသည့် စီအူ ကျေးရွာတွင် ပြန်လည်နေရာချထားသော စစ်ရှောင်များသည် ထိုနေရာတွင် ၃ နှစ်ကျော်ခန့် ဖြစ်ကျော်လာခဲ့ပြီးနောက် နောက်ပိုင်း ကိုယ်ပိုင်ရပ်တည်နိုင်ရန် ခက်ခဲနေသည်ဟု စီအူ စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။

“ကျနော်တို့ နားလည်သိခဲ့တာက ဒီဘက် နမ်ခန်ရွာမှာ ပြန်လည်နေရာချထားပေးပြီး ၃ နှစ်လောက်ထိတော့ အနည်းအကျဉ်း စာနာထောက်ထားမယ်ဆိုပြီး မျှော်လင့်ခဲ့တာ ဒါပေမဲ့ ပြန်ဖြစ်လာတာက တစ်ခြားစီ ဖြစ်သွားတယ်။ အိမ်ရပြီဆိုတာနဲ့ ပြီးရော၊ ဘယ်သူမှ ဘယ်ဘက်ကမှ အချိတ်အဆက်မရှိတော့လို့ အရမ်းသိမ်ငယ် အထီးကျန်ဆန်သလို ခံစားနေရတယ်။ ကျနော်တို့က အခြေခံပစ္စည်းတွေကအစ ဘာမှမရှိတော့တဲ့သူတွေဆိုတော့ အိမ်ရှိတော့ အိမ်မှာခိုလှုံပြီး ပတ်ဝန်းကျင် လယ်ယာ အခင်းပဲ အားကိုးပဲ ဖြတ်ကျော်နေရတာပေါ့။” ဟု စီအူ စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။

ပြန်လည်နေရာချထားသော မြေနေရာသည် လယ်ယာမြေ လုပ်ကိုင်စားသောက်နိုင်သောကြောင့် ၎င်းတို့အတွက် အထောက်အကူရရှိစေရန် လယ်ယာမြေသုံး စက်ယန္တရားများကို ကူညီထောက်ပံ့ပေးစေလိုသည်ဟု ဆိုသည်။

KBC လူသားချင်စာနာထောက်ထားမှုအဖွဲ့ KHCC မှ ၎င်းတို့အတွက် နေအိမ် ၄၀ ကျော် တည်ဆောက်ပေးထားပြီး လူဦးရေ ၁၅၀ ကျော်ရှိသည်ဟု သိရသည်။

စစ်ရှောင်များအခြေကျသည်အထိ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆက်လက်ကူညီမှု ပေးစေလိုကြောင်း စစ်ရှောင်တစ်ဦးက ယခုလိုပြောသည်။

“KBC ကဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ်၊ KIO ကဖြစ်ဖြစ်ပေါ့ စစ်ရှောင်ဆိုလို့ နေရာတကာ ခက်ခဲတဲ့ စစ်ရှောင်တွေ ချည်းပဲတော့ ရှိလိမ့်မယ်။ ကျနော်တို့က ဒီနေ့ချိန်ထိ တိုက်ပွဲကြောင့် ကိုယ့်အိမ်၊ ကိုယ့်နေရာကို ထားခဲ့ပြီ။ ဒီနေ့ထိ တစ်ခါမှ ပြန်လည့်မကြည့်ခဲ့ရတဲ့ သူတွေဖြစ်တယ်။ ဒါကြောင့်ရှိတဲ့ ပစ္စည်းအားလုံးလည်း ထားခဲ့ပြီးဖြစ်တယ်။ အဖွဲ့အစည်းတွေဘက်က ကြည့်ခဲ့သမျှတွေကိုလည်း ကျေးဇူးတင်မဆုံးပါ။ ဆက်လက်ပြီးတော့လည်း အခုဒီမှာ နေရာပေးထားပြီ ပြီးပြီမဟုတ်ပဲ ဖြစ်နိုင်ရင် လုပ်ကိုင်စားသောက်ရေးမှာလိုအပ်တဲ့ ပစ္စည်းတွေကို အနည်းအကျဉ်းဖြစ်ဖြစ် ကူညီထောက်ပံ့ပေးပါအုံးလို့ တောင်းဆိုချင်ရခြင်းဖြစ်ပါတယ်။” ဟု ၎င်းက တောင်းဆိုသည်။

ထို့အပြင် သောက်သုံးရေနှင့် အိမ်သာအစရှိသည်တို့လည်း ခက်ခဲနေသကဲ့သို့ ကျန်းမာရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများလည်း လိုအပ်နေသည်ဟု ပြောသည်။

စီအူ ပြန်လည်နေရာချထားရေးစခန်းတွင် ရှိနေသည့် စစ်ရှောင်များသည် ပြီးခဲ့သည့် ၂၀၁၆- ၂၀၁၇ ခုနှစ် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား မန်ဂေါင်ကျေးရွာ၊ နမ့်ငေါန် ၊ ဖဂါကောင့် နှင့် အောင်နန် အစရှိသည့် ကျေးရွာများမှ မိုင်းခေါင်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သူများ ဖြစ်သည်။

ထိုမှ တစ်ဆင့် နေရပ်ပြန်ရန် မဖြစ်နိုင်သည့်အတွက် ၂၀၁၉ ခုနှစ်တွင် မိုင်းခေါင် စစ်ရှောင်စခန်းမှ စီအူကျေးရွာသို့ ပြန်လည်နေရာချထားရေးအဖြစ် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button