
ဝိုင်းမော်မြို့နယ် ကန်ပိုင်တီလမ်းမပေါ် အင်ဝမ်းယာန်ကျေးရွာ (N’Wan Yang Mare) အနီးရှိသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း တစ်ခုကို ယနေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တိုက်ခိုက် ဖျက်ဆီးလိုက်ကြောင်း သိရသည်။
KIA တပ်မဟာ ၅ တပ်ရင်း ၃နယ်မြေ ဘွမ့်တောင်ဘွမ့် (Bum Tawng Bum) နှင့် ဆဒုံးရေတံခွန်ကြားရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ စုပေါင်းတပ်ချနေထိုင်သော ပြည်သူ့စစ်တပ်စခန်းတွင် ယနေ့ နံနက်တိုက်ပွဲအပြီး KIA အထိုင်ချလိုက်ပြီဟု ယနေ့ နံနက် ဝိုင်းမော် မှ ဆဒုံးဘက်ကို သွားသည့် ခရီးသည်တစ်ဦးနှင့် နီးစပ်သူ ဝူယာန်ဒေသခံတစ်ဦးက KNG သတင်းဌာကို ယခုလိုပြောဆိုခဲ့သည်။
“ဒီမနက် ကျနော် သူငယ်ချင်းတစ်ယောက် ဆဒုံးဘက်ကိုတက်သွားတယ်။ သူ ဆဒုံးရောက်သွားတော့ ကျနော်ဆီ ဖုန်းဆက်လာတယ်။ လမ်းမှာ တိုက်ပွဲဖြစ်လို့ ခဏ ပိတ်ခံရတယ်။ တိုက်ပွဲပြန်ငြိမ်သွားမှ သွားခွင့်ရတယ်တဲ့။ အဲ့မှာ သူမြင်တွေ့ခဲ့ရတာက ပြည်သူ့စစ် တပ်စခန်းမှာ KIA က စခန်းသိမ်းယူပြီး စခန်းအတွင်းမှာ ပြန်ထိုင်နေပြီးလို့ ပြောပြတယ်။ ပြီးရင် KIA အဖွဲ့က လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ ပြန်လုပ်နေတယ်”ဟု ပြောဆိုသည်။
အင်ဝမ်ယာန် ပြည်သူ့စစ်တပ်စခန်း တိုက်ခိုက်ခံရမှုတွင် ပြည်သူ့စစ်ဖွဲ့၏ လက်နက် ပစ္စည်းတစ်ချို့ကို KIA က သိမ်းယူနိုင်ခဲ့ကြောင်း သိရသော်လည်း အသေးစိတ်ထိခိုက်မှုအချက်အလက်များကို စုံစမ်းနေဆဲဖြစ်သည်။
ယခုတိုက်ခိုက်ခံရသော ပြည်သူ့စစ် တပ်စခန်းသည် ဆဒုံးရေတံခွန် အဝင်ဝအနီးတွင် တပ်ချထားသော စခန်းတစ်ခုဖြစ်ပြီး ဆက်သွယ်ရေးခက်ခဲသော နေရာတစ်ခုဖြစ်သည်။
အဆိုပါ ပြည်သူ့စစ်တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် နံနက်ပိုင်း ၁၁ ဝန်းကျင်ခန့်တွင် ဝိုင်းမော်မြို့ဘက်မှ စစ်ကောင်စီတပ်များ နှင့် ပြည်သူ့စစ် အင်အား ၅၀ ဝန်းကျင်ခန့် စစ်အင်အား တိုးချဲ့လာသောကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်ကြောင်း ဝိုင်းမော်ဒေသခံများ ပြောဆိုချက်မှ သိရသည်။
ပြီးခဲ့သော ဇူလိုင် ၂၈ရက်နေ့တွင်လည်း ဝိုင်းမော်မြို့ ဝူယာန်ကျေးရွာရှိ ပြည်သူ့စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ့စစ်အဖွဲ့ ၆ ဦး သေဆုံးပြီး KIA ဘက်မှလည်း ၂ ဦး သေဆုံးခဲ့သည်။