စစ်ပြေးဒုက္ခသည်များသတင်း

ဂါးရာယန်ဒေသခံ စစ်ရှောင်အိမ်ထောင် ၂၈၀ ကျော် နေရပ်ပြန်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာ ဒေသခံစစ်ရှောင်များ အိမ်ထောင်စု ၂၈၀ ကျော် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေရပ်ပြန်နေထိုင်ပြီ ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တလျှောက်ရှိ စစ်ရှောင်စခန်းများထဲမှ ဂါးရာယန်ဒေသခံများသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ နေရပ်ပြန်နိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်လာခဲ့ရာ ၂ နှစ်အကြာမှ နေရပ်ပြန်နိုင်ခြင်းဖြစ်သည်။

“ကျနော်တို့က ဒီနေ့ကအထူးတလည်ပြန်တာတော့မဟုတ်ဘူး။ အရင်နှစ်ထဲက ပြင်ဆင်နေကြတာဟုတ်တယ်။ ဒီနေ့နေရပ်ပြန်ပြီဆိုတာက အရင်ပြင်ဆင်ပြီးစီး သူတွေက စစ်ရှောင်စခန်းထဲက နာမည်ထုတ်ပြီး ရွာထဲစာရင်းသွင်းကြတဲ့ အစီအစဉ်ဟုတ်တယ်။ ရွာထဲနေပြီဆိုတဲ့သူတွေရဲ့ စာရင်းပြန်ချုပ်တာပေါ့။ ဝိုင်းမော်၊ မြစ်ကြီးနား၊ နယ်စပ်တလျှောက်က အခုရောက်ရှိသူအားလုံး ၂၈၇ အိမ်ထောင်ရှိပြီဖြစ်တယ်။” ဟု နေရပ်ပြန်သူ ဂါးရာယန်ဒေသခံတစ်ဦးက ပြောသည်။

ဂါးရာယန်ကျေးရွာဒေသခံများသည် စစ်ရှောင်စခန်းထဲနေစဉ် အခြေအနေအမျိုးမျိုးကြား ပိုမိုခက်ခဲကြပ်တည်းလာသောကြောင့် လုံခြုံရေးမရှိသေးသော်လည်း နေရပ်ပြန်နိုင်ရေးအတွက် ရွာပြန်ရှင်းလင်းပြီး နေအိမ်များဆောက်လုပ်ကာ ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ၂ နှစ်ခန့်အကြာ ပြင်ဆင်ခဲ့ပြီးနောက် ယခုအကြိမ် ပထမဆုံးအဖြစ် အပြီးစီး နေရပ်ပြန်နေထိုင်သူများ အိမ်ထောင်စုစုပေါင်း ၂၈၇ ခုနှင့် လူဦးရေး ၁၄၀၀ ကျော်ရှိကြောင်းသိရသည်။

“ကျွန်မတို့ ပြန်ချင်နေတာတော့ကြာပြီ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အမြန် မပြန်နိုင်တာပေါ့ အခုက ပြန်လို့ရပြီဆိုတော့ ပျော်တော့ပျော်ပါတယ်။ ဒါပေမဲ ပြန်ရောက်ရင်လည်း အရင်တုန်းက ထားခဲ့ရတဲ့ပုံစံတွေ မဟုတ်နေဘူး။ ဘယ်လိုပြောရမလဲ တစ်ခုခုလိုနေသလိုလိုနဲ့ မပြည့်စုံသလိုမျိုး ကိုယ့်အိမ်တွင်း အရင်လိုတိရစ္ဆာန်တွေလည်းမရှိတော့ဘူး။ အိမ်တွေလည်းအရင်ကလို မဟုတ်တော့ဘူး၊ ရင်ထဲ ငိုလည်းငိုချင်သလိုမျိုး ခံစားချက်ဖြစ်ပါတယ်။” ဟု နေရပ်ပြန် ဂါးရာယန်စစ်ရှောင် အမျိုးသမီးက ဆိုသည်။

ဂါးရာယန်ကျေးရွာသို့ နေရပ်ပြန်စစ်ရှောင်များအတွက် KBC ၊ HDD ဌာန မှ နေအိမ် ၁၅၇ ခု ဆောက်လုပ်ပြီးစီးထားပြီ ဖြစ်သော်လည်း သုံးပုံ ၂ ပုံခန့် နေအိမ်မရှိသေးကြောင်း သိရသည်။

ထို့ကြောင့် နေရပ်ပြန်နေထိုင်ပြီဖြစ်သော်လည်း ခက်ခဲမှုများစွာရှိနေသေးသည့် စစ်ရှောင်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး၌ လိုအပ်သည့်အထောက်အပံ့ ကူညီမှုများလိုအပ်နေကြောင်းပြောသည်။

“ပြန်တယ်ဆိုပေမဲ့ အခုဒီမှာက အရင်ကပိုင်ဆိုင်ထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေ၊ အိမ်တွေ အကုန်ပျက်စီးသွား၊ ကုန်သွားပြီဆိုတော့ နံပါတ်တစ် တစ်ချက်က ကျွန်တော်တို့ပြန်တဲ့သူတွေရဲ့ ခြေလှမ်းအစ မဖြစ်မနေက အိမ်ပေါ့၊ အိမ်ကအရေးကြီးဆုံးဘဲ အခုအိမ်မရသေးတဲ့သူတွေလည်းရှိနေတယ်။ ပြီးတော့ အစားအသောက်၊ အစား‌အသောက်တွေကလည်း ဈေးနှုန်းတွေက ပိုပိုမြင့်လာတော့ စစ်ရှောင်စခန်းမှာနေတုန်း ကူညီပေးနေတဲ့ World Food ဆန်ကူညီမှုလည်း ပြန်ပြီဆိုပြီး မရုပ်သိမ်းစေချင်ဘူး။

နေရပ်ပြန်စစ်ရှောင်တွေအတွက် အခြေခံ ရပ်တည်သွားနိုင်ဖို့ နဲ့ ထူထောင်ရေးမှာ လိုအပ်တဲ့အရာတွေ အထောက်အပံ့က နေရပ်ပြန်စစ်ရှောင်တိုင်းမှာ လိုအပ်ပါတယ်။” ဟုနေရပ်ပြန် စစ်ရှောင်ပြည်သူတစ်ဦးက တောင်းဆိုထားသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ မြစ်ကြီးနား၊ ဝိုင်းမော်၊ KIO ထိန်းချူပ်နယ်မြေ နယ်စပ်တစ်လျှောက် စသည့် စစ်ရှောင်စခန်းများနှင့် Non-Camp အားလုံး ၂၃ နေရာမှ ဂါးရာယန်ဒေသခံ စစ်ရှောင်များ အရင်ပြန်နှင့်နေထိုင်ပြီဖြစ်ကြောင်း သိရသည်။

လုံခြုံရေး အာမခံချက်မရှိသေးသော်လည်း တဖက်မှာ အာဏာသိမ်းစစ်ကောင်စီလည်း စခန်းပိတ်သိမ်းရေး အတင်းအကြပ် ကြိုးပမ်းနေချိန် အခက်အခဲနှင့် စိုးရိမ်မှုများစွာထဲက ကချင်ဒေသမှ စစ်ရှောင်တော်တော်များများ နေရပ်ပြန်နေပြီဖြစ်သော်လည်း စစ်ရှောင်ထက်ဝက်ခန့် အခက်အခဲအခြေအနေအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးသူများလည်း ရှိနေသည်။

နေရပ်မပြန်နိုင်သေးသူများတွင် တချို့မှာ ကလေးများကျောင်းပညာရေးကြောင့် ၊ ကျန်းမာရေးအခက်အခဲအခြေအနေကြောင့် နှင့် အများပိုင်းနေရပ်ပြန်နေထိုင်ရန် နေအိမ်များမရှိသေးသောကြောင့် ဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button