သတင်းအင်တာဗျူး

နေရပ်ပြန်ရေး လုပ်ဆောင်နေသော ဂါးရာယန်ဒေသတစ်ဦးဖြင့် မေးမြန်းခြင်း

ဂါးရာယန်ကျေးရွာသည် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ်ရှိပြီး ရွှေညောင်ပင်ကျေးရွာဖြင့် ၁၀ မိနစ်ခန့်သာ သွားရသော နေရာဖြစ်သည်။ ဂါးရာယန် ဒေသခံအများစုမှာ မြစ်ကြီးနားနှင့် ဝိုင်းမော်စစ်ရှောင်စခန်းများတွင်နေထိုင်ကြပြီး စခန်းနှင့် ကျေးရွာမှာ ဆိုင်ကယ်ဖြင့် ၁ နာရီခန့်သာ သွားရသည်။

လက်ရှိ ဂါးရာယန်ဒေသခံအိမ်ခြေ ၅၈ အိမ်ကို ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC အစီစဉ်ဖြင့် ဆောက်လုပ်ထားပြီး ကူညီမှုမရသေးသူများလည်း မိမိအစီစဉ်ဖြင့် ပြန်လာနေထိုင်ကြပြီဟု သိရသည်။

ငြိမ်းချမ်းမှုမရှိသေးသော လက်ရှိကချင်ပြည်နယ်၏ နိုင်ငံရေးအခြေအနေတွင် နေရပ်ပြန်ရေး အင်တိုက်အားတိုက်လုပ်ဆောင် နေသော အမည်မဖော်လိုသူ ဂါးရာယန်ဒေသခံတစ်ဦးကို KNG က မေးမြန်းထားပါသည်။

မေး – ဂါးရာယန် စစ်ရှောင်ပြည်သူတွေ မိမိနေရပ်ပြန်တော့မယ်ဆိုတော့ ဒီလိုအခြေအနေမှာ ဘာကြောင့်နေရပ်ပြန်ဖို့ ပြင်ဆင်တယ်ဆိုတာ ပြောပြပေးပါ။

ဖြေ – ကျနော်တို့ စစ်ရှောင်တွေနေရပ်ပြန်ဖို့က အခုမှ လုပ်ဆောင်လာကြတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဂါးရာယန်ဒေသခံတွေနေတဲ့ စစ်ရှောင်စခန်းတိုင်းကို တွေ့ဆုံဆွေးနွေးခဲ့တဲ့အခါ ဘယ်အချိန်ပြန်နိုင်လဲ ဘယ်သူဦးဆောင်ပေးမလဲ ဆိုပြီး စစ်ရှောင်တွေကပြောလာတော့ အဲ့ကတည်းက ပြင်ဆင်လာကြတာဖြစ်တယ်။  နေရပ်ပြန်ဖို့အရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေတော့ နေရပ်ပြန်လိုတဲ့သူတွေ စုစည်းပြီး ကိုယ့်နေရပ် ရပ်ရွာ ရှင်းလင်းမှုတွေ၊ ဘုရားကျောင်းရှင်းလင်းမှုတွေ ပြုလုပ်ကြတယ်။ နေရပ်ပြန်မယ်လို့ ပြင်ဆင်တာကြောင့် ကိုယ့်အိမ်ခြံဝင်း မဟုတ်ရင်တောင် အများနေရာဖြစ်တဲ့ ဘုရားကျောင်းလိုနေရာမျိုးတွေကို လွန်ခဲ့တဲ့ ၂၀၂၀ ဇူလိုင်လ ၁၁ ရက်ကနေ စတင်ခုတ်ရှင်းလင်းခဲ့ကြတယ်။

ကျနော်တို့ကိုလည်း နေရပ်ပြန်နိုင်အောင် လုပ်ဆောင်ပေးဖို့ လျှောက်တင်ခဲ့ကြတယ်။ အရင်ကတည်းက နေရပ်ပြန်ခွင့်ပေးထားတဲ့ ရွာ ၁၇ ခုရှိတယ်။ အဲ့မှာ ဂါးရာယန်နဲ့ ကစူးယန်မပါဘူး။ ဒါပေမဲ့ ၂၀၂၀ နောက်ဆုံးဆွေးနွေးပွဲမှာ ဂါးရာယန်နဲ့ ကစူးယန်တွေလည်း စာရင်းဝင် နေရပ်ပြန် ခွင့်ရခဲ့တယ်။ အဲ့ကတည်းကနေ ကျနော်တို့တွေ ဂါးရာယန်နေရပ်ပြန်ရေး ကော်မတီဖွင့်လိုက်ပြီး နေရပ်ပြန်ဖို့ စတင်လာကြတာဖြစ်တယ်။ မိုင်းရှင်းလင်းရေးကို စစ်တပ်ဦးဆောင်ပြီး ပြုလုပ်ခဲ့ကြတယ်။ မိုင်းရှင်းလင်းရေး၊ ရပ်ရွာ ရှင်းလင်းရေးကို ၂၀၂၁ ခုနှစ် မှာ ပြုလုပ်ပြီးစီးနိုင်ခဲ့တယ်။

KHCC မှ နေရပ်ပြန်ရေးအတွက် ဂါးရာယန်အတွက် နေအိမ်တွေ ဆောက်လုပ် ပေးတာက ၂၀၂၁ မေလမှာစတယ်။ အောက်တိုဘာလမှာ ဂါးရာယန်မှာ နေအိမ် ၅၈ အိမ်ဆောက်လုပ်ပြီးစီးခဲ့တယ်။ ဆက်လက်ပြီးလိုအပ်နေသေးတဲ့ နေအိမ်တွေကို ဆောက်လုပ်ပေးဖို့ တောင်းဆိုထားဆဲ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

မေး – လက်ရှိ ဂါးရာယန်မှာ ဒေသခံ လူဦးရေ ဘယ်လောက် ပြန်လာနေထိုင်ပြီလဲ သိချင်ပါတယ်။

ဖြေ – ရှအစ်ယန်ဘက်က ဂါးရာယန်ဒေသခံ စစ်ရှောင်ပြည်သူတွေလည်း ကိုယ့်နေအိမ်တွေကို ခုတ်ရှင်းလင်းခြင်းနဲ့တကွ မိမိရပ်ရွာမှာ လုပ်ကိုင်စားသောက် အခြေချနိုင်ဖို့ ဂါးရာယန်မှာ ရောက်ရှိနေပြီ။ အရင် ၂ နှစ်ကတည်းက ရွာမှာ ခြံလုပ် ယာလုပ် စိုက်ပျိုးပြီး လုပ်ကိုင်စားသောက်ရင်း နေနှင့်ပြီးသား စစ်ရှောင်တွေလည်း ရှိတယ်။ တဖက်မှာ KHCC မှ ဆောက်လုပ်ပေးတဲ့ နေအိမ် ၅၈ ထဲမှ စတင်နေထိုင်နေပြီ ဖြစ်တဲ့သူတွေ ရှိပြီ။ တချို့သောသူတွေကလည်း ဒီလောက်နိုင်ငံရေးရှုပ်ထွေးနေတဲ့အချိန် ဂါးရာယန်တွေက ဘာလို့ပြန်ဖို့လုပ်တယ်။ ဘာအရူးထတယ်ဆိုပြီး ပြောတဲ့သူတွေလည်း ရှိလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ နေရပ်ကို ပြန်ရတဲ့ရည်ရွယ်ချက်က အခွင့်အရေးရှိလို့ပြန်တာမဟုတ်ဘူး။ အရင်ကတည်းက ယာထားတဲ့ လုပ်ငန်းတွေကို တဆင့်ပြီးတဆင့် လုပ်ဆောင်ရင်း နေရပ်ပြန်ရေးပြုလုပ်နေတာဖြစ်တယ်။

မေး – အခုလို နေရပ်ပြန်ခြင်းက စစ်ရှောင်စခန်းမှာ မနေတော့ပဲ တခါတည်းပြန်ဖို့လား ဒါမှမဟုတ် ဘယ်လိုအခြေအနေဆိုတာ ပြောပြပေးပါ။

ဖြေ – ကျနော်တို့ စစ်ရှောင်စခန်းမှာ နေတာကြာလာလေ နစ်နာဆုံးရှုံးမှုတွေက ပိုမိုများလာမှာပဲဖြစ်တယ်။ ကျနော်တို့ရွာက ကျနော်တို့ပိုင်ဆိုင်တာမှန်သမျှကုန်နေပြီ။ သစ်တွေ၊ ဝါးတွေ အားလုံး သူများတွေ ခိုးယူ၊ ခုတ်ယူပြီး အကုန်ပြောင်လာတော့မယ်။ ကျနော်တို့ ပိုင်ရှင်တွေက နေရပ်ကို လာကြည့်ဖို့ ခက်တယ်။ ခိုးယူတွေကတော့ အမြဲသွားလာနေကြတယ်။ အဲ့တာကို ကြည့်လိုက်တော့ ကျနော်တို့ ရင်နာတယ်။ ကြောက်တယ် စိုးရိမ်တယ်တော့ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့ နေရပ်မပြန်ဘူးဆိုရင် ကျနော်တို့ရွာ အိမ်ခြံဝင်းတွေကို ဘယ်သူကာကွယ်ပေးမလဲ။ စစ်ရှောင်စခန်းကို ပစ်ထားခဲ့ပြီးတော့ နေရပ်ပြန်ခြင်းမဟုတ်ပဲ စာရင်းထုတ်လိုက်ပြီး နေရပ်ပြန်တာ မဟုတ်ဘူး။ စစ်ရှောင်စခန်းမှာပဲနေရင်း မိမိနေရပ်ကိုကာကွယ်ရင်း လှမ်းနိုင်သလောက် လှမ်းနေတာဖြစ်တယ်လို့ ပြောပြချင်ပါတယ်။

မေး – ဆရာတို့အနေနဲ့ နေရပ်ပြန်ပြီး ရှင်းလင်းမှုတွေ ပြုလုပ်တော့ ဘယ်လိုအခက်အခဲမျိုးတွေရှိလဲ။

ဖြေ – စစ်ရေး၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး စိတ်ပူပန်သောကတွေကတော့ တော်တော်များတယ်။ ဒါပေမဲ့ ဒါကိုပဲ စိုးရိမ်နေမယ်ဆိုရင် ကျနော်တို့ရွာက ပိုမိုဆိုးယုတ်သွားမှာ မဖြစ်လိုဘူး။ ဒါကြောင့် ခက်ခဲတဲ့ကြား ကျနော်တို့ ဘယ်လောက်ထိ သွားနိုင်မလဲ၊ လုပ်ဆောင်နိုင်သလောက် လုပ်ဆောင်နေရတာတွေက အခက်အခဲတွေပါပဲ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ရွာမှာ လုပ်ကိုင်စားသောက်ရင်း နေနေတဲ့သူတွေကတော့ စစ်ရှောင်ကိုလည်း ပြန်လာ၊ ရွာမှာလည်း နေဒီလို အသွားအပြန် လုပ်နေလို့ရတယ်။ ဒါပေမဲ့ အခု ရှအစ်ယန်ကနေ ဆင်းလာတဲ့ ဂါးရာယန်ဒေသခံပြည်သူတွေအတွက် ကတော့ ပြန်ခေါက်ဖို့ပိုပြီး ခက်ခဲတယ်။ လမ်းခရီးဝေးတယ်။ ဒါကြောင့် အခုရှအစ်ယန်မှ ရောက်လာတဲ့ စစ်ရှောင်ပြည်သူတွေက အစားအသောက် တော်တော်ခက်ခဲနေတယ်။ ကျနော်တို့အနေနဲ့လည်း အကူအညီတောင်းပေးဖို့ လည်း အရမ်းခက်အခဲနေတယ်။ နောက်တစ်ခုက နေထိုင်လို့ရသေးတဲ့ ဘုရားကျောင်းလိုနေရာ၊ မူကြိုကျောင်းလိုနေရာမျိုးအမိုးအကာလုံတဲ့ နေရာတွေမှာ နောက်ထပ်စစ်ရှောင်တွေလိုမျိုး နေနေရသေးတယ်။

ဆက်လက်ပြီး နေအိမ်အသစ်တွေမဆောက်လုပ် နိုင်သေးသရွေ့ ကျနော်တို့အတွက်က နေရာထိုင်ခင်းလည်း ခက်ခဲနေတာဖြစ်တယ်။ ကျနော်တို့ ရည်ရွယ်ထားတဲ့အတိုင်း လယ်ယာမြေလုပ်ဖို့လည်း လယ်ယာက သစ်ပင် ခြုံတွေနဲ့ နက်သွားပြီ။ စက်ယန္တရားတွေနဲ့သာ မကူညီဘူးဆိုရင် လယ်တစ်ခုဖြစ်ထွန်းဖို့ တော်တော်ခက်ခဲမယ်။ အရင်ကတော့ ကျွဲ၊ နွားနဲ့ လယ်ယာမြေ လုပ်ကိုင်တယ်။ အခုက အဲ့တာတွေအားလုံးလည်း သူခိုးလက်တွေထဲ ရောက်ကုန်ပြီ။ ဒါကြောင့် ကျနော်တို့မှာ လယ်ယာမြေလုပ်ကိုင်နိုင်ဖို့ တိရစ္တာန်တွေ မရှိတော့တာကြောင့် လက်နဲ့ ဓားနဲ့ပဲ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။

မေး – ဆရာတို့အနေနဲ့ စစ်ရှောင်တွေ နေရပ်ပြန်ရေးနဲ့ပတ်သက်ပြီး တချို့သော နေရပ်ပြန်ခွင့်မရသေးဘူး။ ပြန်လို့မရသေးတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ဘယ်လိုများ ပြောလိုတာရှိပါလဲ။

ဖြေ – ကြောက်ရသေးတယ်ဆိုပြီး စစ်ရှောင်စခန်းမှာပဲ မြုပ်နေမယ်ဆိုရင် ကျနော်တို့ ရှေ့ရေးက ပိုပြီး အမှောင်ထဲရောက်သွားမှာပဲ။ နေရပ်ပြန်ဖို့ နည်းလမ်းရှာ တာဖြစ်ဖြစ် ကိုယ့်ရှေ့ရေးအတွက် အားလုံးက လှုပ်ရှားရတော့မှာဖြစ်တယ်။  တစ်ဦးနဲ့ တစ်ဦး နည်းလမ်းရှာ လုပ်ဆောင်မှုတွေတော့ မတူညီ ကွဲပြားလိမ့်မယ်။ ဒါပေမဲ့ ဒါတွေက မတူတာပဲရှိတယ်။ ပန်းတိုင်ကတော့ ကျနော်တို့ ခြေထောက် ကျနော်တို့ ရပ်မယ်။ ကျနော်တို့ အုပ်ချူပ်ခွင့် လုပ်ဆောင်ခွင့်တွေရရှိဖို့ လှမ်းနေတဲ့ အရာတွေချည်းဖြစ်တယ်။ ကျနော်တို့ ဂါးရာယန် ဒေသခံတွေနဲ့ အမြင်မတူတဲ့သူတွေလည်း ရှိလိမ့်မယ်။ ကျနော်တို့ လှမ်းနေတာက ကျနော်တို့ ခြေထောက် ကျနော်တို့ ရပ်နိုင်ဖို့ဖြစ်တယ်။ ကျနော်တို့ ရပ်ရွာပြန်လည် ထူထောင်နိုင်ဖို့ဖြစ်တယ်။ ကျနော်တို့ လုံခြုံရေးကို ကျနော်တို့ကိုယ်တိုင် ဝိုင်းဝန်းတည်ဆောက်နေတာဖြစ် တယ်။ ဒီလိုအခြေအနေမှာ ကြိုးစားလုပ်ဆောင်နေတာကြောင့် အခက်အခဲတွေ တော့ရှိလိမ့်မယ်။ ဒါပေမဲ့ အားလုံး စည်းလုံးခြင်းနဲ့ ကြိုးစားမယ်ဆိုရင်တော့ ကျနော်တို့ ရည်မှန်းချက်ကို ရောက်ရှိနိုင်လိမ့်မယ်လို့ ခံယူတယ်။ စိုးရိမ်ပြီး နေနေမဲ့အစား ကိုယ်တတ်စွမ်းနိုင်တဲ့ လုပ်ငန်းနဲ့ နိုင်ငံတည်ထောင်ဖို့ တစ်ထောင့်တစ်နေရာက နေ ပါဝင်ကြရအောင်လို့ ပြောချင်တယ်။

Show More

Related Articles

Back to top button