သတင်း

ဖားကန့်တွင် တက္ကသိုလ်ဝင်တန်းစာဖြေသူ ၇၀၃ ဦးသာရှိပြီး၊ စာဖြေဌာန တစ်ခုသာ ဆောင်ရွက်နိုင်ခဲ့

ဖားကန့်မြို့နယ်တွင် ၂၀၂၂၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၇၀၃ ဦးသာ ရှိခဲ့ပြီး စာဖြေဌာနတစ်ခုသာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 စာဖြေဆိုသူ ၇၉၇ ဦး စာရင်းရှိခဲ့ပြီး၊ ပျက်ကွက် ၉၃ ယောက် ရှိခဲ့ပါတယ်၊ ရာခိုင်နှုန်းအားဖြင့် ၈၈.၃၃ ဖြစ်ပါတယ်ဟုအမည်မဖော်လိုသူ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်တွင် ယခင်က တာမခံ၊ ကာမိုင်း၊ ဖားကန့်မြို့၊ ဆိပ်မူ၊ လုံးခင်းတွင် စာစစ်ဌာန ၅ ခုရှိခဲ့ပြီး၊ ယခု ၂၀၂၃ ခုနှစ်တွင် ဖားကန့်မြို့နှင့် ကာမိုင်းမြို့မှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူများအား၊ မော်ဝမ်းရပ်ကွက်ရှိ အထက်တန်းကျောင်းတွင် စာစစ်ဌာန တစ်ခုတည်းသာ ဖွင့်လှစ်ဖြေဆိုရန် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ရွှေ့ပြောင်းအခြေကျနေထိုင်သူများပြားသည့် ဖားကန့်မြို့နယ်တွင် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၃၂၆၂ ဦး ရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းယူပြီးသည့် ၂၀၂၁ ခုနှစ်မှစ၍ ဖားကန့်ဒေသတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ သိသာစွာ လျော့နည်းသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နယ်တွင် ၂၀၂၀ ခုနှစ် အထိ အခြေခံပညာရေးကျောင်းပေါင် ၁၃၃ ကျောင်း၊ (.က) ကျောင်း ၅ ကျောင်း၊ ပုဂ္ဂလိက ကျောင်း ၁၀ ကျောင်း ရှိခဲ့ပြီး၊ ဆရာ ဆရာမ ဝန်ထမ်းအင်အား ၁၇၂၄ ဦးရှိခဲ့ကြောင်း မြို့နယ်ပညာရေး အသိုင်းအဝန်းထံမှ သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ဖားကန့်မြို့နယ် ပညာရေးဝန်ထမ်းများမှ ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် ဆရာ၊ဆရာမ ၉၆၁ဦးအား အလုပ်တာဝန်မှ ယာယီရပ်နားထားရှိရန် စစ်ကောင်စီ ကချင်ပြည်နယ် ပညာရေးရုံးက မေလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားရှိသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၂၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဖြေဆိုရန် စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည်။

Show More

Related Articles

Back to top button