ရွှေကူမြို့နယ် ကျေးရွာတစ်ရွာကို KIA၊ PDF တပ်ဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

ကချင်ပြည်နယ် ရွှေကူမြို့နယ် စီမူလေးကျေးရွာကို KIA၊ PDF တပ်ဖွဲ့များမှ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှားကို စစ်ထောက်တပ်ခံသူများ၏ ဖေ့စ်ဘုတ်အကောင့်နှင့် တယ်လီဂရန်ချန်နယ်များတွင် အသီးသီးရေးသားဖြန့်ဝေထားသည်ကို တွေ့ရသည်။
ဒီသတင်းအမှားကို စစ်ကောင်စီထောက်ခံသည့် ‘Ko Thet’ ဆိုသည့် တယ်လီဂရန်ချန်နယ်တွင် မတ်လ (၃၀) ရက်နေ့ ညနေပိုင်း ၂ နာရီခွဲအချိန်တွင် စတင်ရေးသားဖြန့်ဝေထားသည်ကို တွေ့ရပြီး ‘Kachin Daily News’ ‘Thit Lwin’ ‘Myanma Today’ စသည့် အခြားတယ်လီဂရန်ချန်နယ်များတွင်လည်း ပြန်လည်မျှဝေထားသည်ကို တွေ့ရသည်။
‘Ko Thet’ တယ်လီဂရန်ချန်နယ်တွင် ဖော်ပြထားသောအကြောင်းအရာမှာ “ယနေ့ မနက်ပိုင်းမှာ KIA/PDF များက ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီမူလေးရွာအား မီးရှို့ဖျက်ဆီးသွားကြောင်းသိရှိရ” ဟု ဖော်ပြထားသည်။
ထို့အပြင် ‘KhinNyo Chaw, Oo Sitt, Htet Aung, စစ်ဘီဘူး’ စသည့်ဖေ့စ်ဘုတ်အကောင့်များတွင်လည်း “မတ်လ ၂၉ ရက် ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် စကစတပ်များ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် စီမူလေးကျေးရွာ အနောက်ဘက်သို့အရောက် နေရာ ၂ နေရာမှ KIA၊ PDF ပူးပေါင်းအင်အား ၄၀ ဦးခန့်က စတင်ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA၊ PDFများ ရွာ အနောက်ဘက်နှင့် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ဆုတ်ခွာထွက်ပြေးစဉ်စီမူလေးကျေးရွာရှိ နေအိမ် ၈၀ လုံးအနက်မှ ၁၅ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်” ဟု ရေးသားထားသည်။
သို့သော် အထက်ဖော်ပြပါ အချက်များမှာ သတင်းအမှားတစ်ခုသာဖြစ်သည်ကို တွေ့ရသည်။
အဘယ်ကြောင့်ဆိုသော် ရွှေကူမြိုန့ယ် စီမူလေးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို မတ်လ (၃၀) ရက်နေ့ KIA နှင့် PDF တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းဖြင့် လာရောက် ဗုံးကျဲတိုက်ခဲ့ကြောင့် ရွှေကူမြိုန့ယ်ရှိ စီမူလေးကျေးရွာ နှင့် မံဝိန်းကျေးရွာ ၂ ခု မီးလောင် ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများမှ KNG သတင်းဌာနထံ ပြောဆိုထားသည်ကို တွေ့မြင်နိုင်သည်။
ထို့ကြောင့် ရွှေကူမြို့နယ်ရှိ စီမူလေးကျေးရွာကို KIA/PDF တပ်ဖွဲ့များမှ မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည့် သတင်းသည် စစ်တပ်ထောက်ခံသူများ၏ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်ကြောင်း တွေ့ရသည်။
စစ်ကောင်စီကို ထောက်ခံသူများသည် စစ်အာဏာရှင်အမြစ်ဖြုတ်ရန် ဆန့်ကျင်တော်လှန်နေကြသော အစုအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်၍ ပြည်သူများအကြား အထင်မှားအမြင်မှားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် သတင်းအမှားများကို ဖေ့စ်ဘုတ်၊ Telegram စသည့် လူမှုကွန်ယက်ပလက်ဖောင်းများတွင် ရေးသားဖြန့်ဝေနေကြသည်ကို သတိပြုသင့်ပါသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် သတင်းများကို ဖတ်ရှုရာတွင် ယုံကြည်ရသော ဒေသအခြေစိုက် သတင်းဌာနများ၏ ဖော်ပြချက်များဖြင့် စစ်ဆေးကာ ယုံကြည်သင့်ပါသည်