စစ်ပြေးဒုက္ခသည်များသတင်း

ကိုယ်ထူကိုယ်ထစနစ်နဲ့ နေရပ်ပြန်ခဲ့တဲ့ လိုင်ကာဇွပ်ဂျာဒေသခံများ အစားသောက်နဲ့နေရာထိုင်ခင်း ခက်ခဲနေ

မံစီမြို့နယ် မိုင်းခေါင်စစ်ရှောင်စန်းက လိုင်ကာဇွပ်ဂျာရွာဒေသံတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ မိုင်းရှင်းလင်းရှင်းရေးလုပ်ပြီး နေရပ်ပြန်ခဲ့ကြပြီဖြစ်ပေမယ့် နေရာထိုင်ခင်းနဲ့ အစားအသောက် အခက်အခဲဆက်လက်ကြုံတွေ့နေရတယ်လို့ နေရပ်ပြန်စစ်ရှောင်များက ပြောပါတယ်။

နေရပ်ပြန်ခဲ့စဉ်ပုံ
နေရပ်ပြန်ခဲ့စဉ်ပုံ

ကိုယ်ထူကိုယ်ထစနစ်နဲ့ နေရပ်ပြန်နေထိုင်တာ ၂ လခန့်ကြာလာပြီဖြစ်ပေမယ့် ကူညီထောက်ပံ့ပေးမယ့် အဖွဲ့အစည်းမရှိတဲ့အပြင် နှစ်ကြာရှည်ပစ်ထားခဲ့တဲ့နေအိမ်တွေကိုလည်း ပြန်လည်ဆောက်လုပ်ဆောင်နိုင်ခြင်းမရှိသေးသေးတဲ့အတွက် နေရာထိုင်ခင်းနဲ့ စားဝတ်နေရေး ခက်ခဲနေတယ်လို့ နေရပ်ပြန်လိုင်ကာဇွပ်ဂျာကျေးရွာဒေသခံတစ်ဦး  ခုလိုပြောပါတယ်။

“တချို့က မိုးကာတဲထိုးပြီးနေနေတယ်၊ တချို့ အိမ်တွေက နေလို့မရတော့တာကြောင့် ဆွေမျိုးတွေရဲ့ အိမ်တွေမှာ မှီခိုပြီး ပူးတွဲနေနေရတာတွေ၊ တချို့ကျတော့လည်း စပါးကျီ ၊ စပါးသိုက်တတွေထဲ ဖြစ်သလို ကြပ်ကြပ်တည်းတည်း နေပြီး ဖြတ်ကျော်နေကြပါတယ်”လို့ ပြောပါတယ်။

လိုင်ကာဇွပ်ဂျာကျေးရွာစစ်ရှောင်ပြည်သူများဟာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့မှာ မိုင်းခေါင်စစ်ရှောင်စခန်းကနေ လိုင်ကာဇွပ်ဂျာကျေးရွာကို ကိုယ်ထူကိုယ်ထနေရပ်ပြန်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

နှစ်ပေါင်း ၁၀ နှစ်ကျော်ပစ်ထားခဲ့တဲ့ နေရပ်မှာပြန်လည်နေထိုင်ဖို့  စစ်လက်ကျန် မိုင်းစ၊ လက်နက်စအပြင် မပေါက်ကွဲပဲကျန်နေသေးတဲ့ လက်နက်ကြီးများကို  ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မိုင်းရှင်းလင်းရေးတွေကို ဦးစားပေးလုပ်ဆောင်နေတဲ့အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း အထက်မှာဖော်ပြခဲ့တဲ့ နေရပ်ပြန် လိုင်ကာဇွပ်ဂျာကျေးရွာဒေသခံတစ်ဦး  ခုလိုပြောပါတယ်။

“လောလောလတ်လတ် နေရပ်ပြန်လာကြတာဆိုတော့ လယ်ယာ၊ခြံတွေလည်း မပြုလုပ်နိုင်သေးဘူး။ ဆိုတော့ အစားအသောက်အတွက် ဖြေရှင်းရခက်နေတဲ့သူတွေလည်း တော်တော်များတယ်။ သောက်ရေခက်တာက တစ်မျိုး၊ တချို့ရေတွင်းတွေဆို အရမ်းကြာသွားလို့လားမသိဘူး။ ရေကြောတွေပြတ်ပြီး ရေမရှိတော့တာမျိုး၊ ရွာထိပ်ကနေ ရေသွယ်တာပဲအားလုံး ဝိုင်းသုံးတော့ မလောက်သုံးတာမျိုးတွေ၊ ဒီလိုပဲ အခက်အခဲတွေတော့ တော်တော်ကိုများတယ်။ ဒါပေမဲ့ ဖြစ်သလိုဖြေရှင်း နေနေကြတယ်” လို့ပြောပါတယ်။

 

စစ်ရှောင်ပြည်သူများ လုံခြုံစွာနေရပ်ပြန်လည်နေထိုင်စဉ်မှာ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တိုက်ပွဲဖော်ဆောင်တာတွေမလုပ်ဖို့ကိုလည်း ဒေသခံများက စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်ကို စာနဲ့တောင်းဆိုထားတယ်လို့ သိရပါတယ်။

လိုင်ကာဇွပ်ဂျာကျေးရွာဒေသခံများအနေဖြင့် နိုင်ငံရေးမတည်ငြိမ်မှုကြားက နေရပ်ပြန်ရန်သာ အဓိကကြိုးစားလုပ်ဆောင်ခဲ့တာဟာ စစ်ရှောင်စခန်းအတွင်း နေထိုင်ရန် ပိုမိုခက်ခဲလာတဲ့အတွက် ဖြစ်တယ်လို့ စစ်ရှောင်ကြည်သူတစ်ဦးက ပြောပါတယ်။

“စစ်ရှောင်စခန်းမှာက စစ်ရှောင်စခန်းမှာ ခိုလှုံနေနိုင်တယ်ဆိုရုံလောက်ပဲ။ လုံခြုံရေးက စစ်ရှောင်စခန်းထဲ ရှိနေရင်လည်း မလုံခြုံဘူး။ ဘာကြောင့်ဆို စစ်ရှောင်စခန်းဆိုပေမဲ့ စစ်တပ်ဘက်က ဖြတ်ချင်သလိုဖြတ်သွား၊ လက်နက်တွေကိုင်ပြီး ဝင်ချင်သလိုဝင်တာ၊ အဲ့လိုကိစ္စတွေရှိတယ်။ ပြီးတော့ WFP ကထောက်ပံ့မှုနဲ့ပဲ မလောက်စားဘူး။  ပြီးတော့ စစ်ရှောင်စခန်းမှာဆို ပူးကပ်ပြီးနေနေရတော့ ကလေးတွေ အကျင်စာရိတ္တ အရမ်းပျက်စီးလာတယ်။ အခြားအဖွဲ့အစည်းတွေ တော်တော်များများလည်း နေရပ်ပြန်ရေးပဲ အဓိကအားပေးနေကြတော့တာဆိုတော့ ကျနော်တို့လည်း ကိုယ့်အစီအစဉ်နဲ့ ကြိုးစားပြီး နေရပ်ပြန်လာကြတာဟုတ်ပါတယ်” လို့ ပြောပါတယ်။

နေရပ်ပြန်လိုင်ကာဇွပ်ဂျာကျေးရွာဟာ အိမ်ခြေ ၇၅ အိမ်ရှိပြီး လူဦးရေ ၃၇၀ ရှိတယ်လို့ သိရပြီးပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲကြောင့် မံစီ၊ မိုင်းခေါင်းစစ်ရှောင်စခန်းများဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။

လိုင်ကာဇွပ်ဂျာကျေးရွာဟာ မိုင်းခေါင်ကျေးရွာကနေ ၃ မိုင်ခန့်အကွာမှာရှိပြီးတော့ စစ်ကောင်စီစစ်ကြောင်း စစ်ရေးလှုပ်ရှားမှု ပုံမှန်လုပ်ဆောင်နေတဲ့လမ်းကြောင်းတစ်လျှောက်က ရွာတွေဖြစ်တဲ့ မံစီ-မိုင်းခေါင်း-မဂျီဂုန် တွေရဲ့ကြားမှာရှိတဲ့ ရွာဖြစ်ပါတယ်။

လက်ရှိ ကချင်ဒေသ စစ်ရှောင်တွေဟာ နေရပ်ပြန်ရေးနှင့် ပြန်လည်နေရာချထားရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်ရေးကိုသာ အဓိကလုပ်ဆောင်နေကြပြီး တချို့စစ်ရှောင်တွေဟာ ကူညီထောက်ပံ့မှုမရှိပေမယ့် ကိုယ်ထူကိုယ်ထစနစ်နဲ့ပြန်နေကြပြီဖြစ်ပါတယ်။

Show More

Related Articles

Back to top button