လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

နမ့်ဖတ်ကာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာပြင်းထန်

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအနီး စစ်ကောင်စီတပ်နဲ့ KIA ကြားတိုက်ပွဲပြင်းထန်နေပြီး နမ့်ဖတ်ကာစစ်တပ်ကနေ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ၄ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာပြင်းထန်ကြောင်းစွာရရှိထားတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၈ ယနေ့ ညနေ ၅ နာရီခန့်ကနေ နမ့်ဖတ်ကာအထက် ဟိုမုန်ကျေးရွာ ကောင်ရာတောင်ကုန်း(Kawngra Bum) ပေါ် မှာ စစ်တပ် တပ်မ ၈၈ နဲ့ ခလရ ၁၂၃ ပူးပေါင်းတပ်ဖွဲ့ အင်အား ၈၀ ခန့် ရှိနေစဉ် KIA တပ်ရင်း ၉ ဘက်က သွားရောက်ပစ်ခတ်တိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားလာတာဖြစ်ကြောင်း ဒေသခံတွေပြောပါတယ်။

“၅ နာရီလောက်နေ ၈ နာရီထိ ပစ်နေကြပြီး ခဏတော့ ပြန်ငြိမ်နေပြီ။ နမ့်ဖတ်ကာစစ်တပ်တွေ လက်နက်ကြီး အတကုန်ပစ်တာကြောင့် ရွာသားအိမ်မှာ လာကျပြီး အိမ်သားတချို့ ထိခိုက်ဒဏ်ရာရတာရှိတယ်။ အခုတော့ ကွတ်ခိုင်ဆေးရုံကို ရောက်နေပြီ။” ဟု နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။

နမ့်ဖတ်ကာ စစ်တပ် ခလရ ၁၂၃ ကနေ လက်နက်ကြီးပစ်ခိုက်တာကြောင့် နမ့်ဖတ်ကာ ဇီးဒဗန်ရပ်ကွက်မှ နေအိမ် တစ်အိမ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူကတော့ ဒေါ်ကဒူ ခေါန်နန် အသက် ၄၈ နှစ်မှာ ရင်၀မှာထိခိုက်ပြီး၊ သားဖြစ်သူ အသက် ၁၅ နှစ်အရွယ် မောင်နော်ပါ နဲ့ မြေးဖြစ်သူ အသက် ၉ နှစ်အရွယ် မောင် ဘရန်ဆန်အောင် ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကို လက်ရှိမှာ ကွတ်ခိုင်ဆေးရုံသို့ ပို့ထားပြီး ဆေးကုသခံယူနေကြောင်း သိရပါတယ်။

“ညနေ ၅ နာရီကတည်းက အတကုန်ပစ်ကြတာ။ နမ့်အွမ်ရွာ သစ်တောထဲ ရှိနေကြတဲ့စစ်ကြောင်းနဲ့ ကောင်ရာတောင်ကုန်းမှာ ရှိနေတဲ့ စစ်ကြောင်းတွေကို KIA/ PDF တွေ သွားတိုက်တာ။ နမ့်ဖတ်ကာ ခလရ ၁၂၃ စစ်တပ်ကနေလည်း လက်နက်ကြီးအတကုန် ပစ်ပေးနေတယ်”ဟု ကွတ်ခိုင်ဒေသက ရှေ့တန်းသတင်းရင်းမြစ်တစ်ဦး ကလည်း KNG ကိုပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းတွေ နမ့်ဖတ်ကာ ကျေးရွာတွေထဲ လှည့်လည်စောင့်ကြည့် လှုပ်ရှားသွားနေတဲ့အတွက် ဒေသခံစိုးရိမ်‌နေရတယ်လို့ နမ်ဖတ်ကာဒေသခံတွေက ပြောပါတယ်။

ကွတ်ခိုင်-နမ့်ဖတ်ကာ ကြား နေရာ ၃ နေရာမှာ စစ်ကောင်စီစစ်ကြောင်းတွေ အင်းအားဖြည့် ထိုးစစ်ဆင်နေတာကြောင့် KIA တပ်မဟာ ၆ အောက် တပ်ရင်း ၉ နဲ့ တပ်မဟာ ၄ တပ်ရင်း ၈ တို့ကြား တိုက်ပွဲအခြေအနေ တင်းမာလျက်နေတာ ၂ ပတ်ခန့် ကြာလာပြီ ဖြစ်ပါတယ်။

ဇူလိုင် ၁၆ ရက်နေ့ကလည်း ကောင်ရာမှာရှိနေတဲ့ စစ်ကြောင်းကို KIA က သွားရောက်ပစ်ခတ်ပြီး တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

Show More

Related Articles

Back to top button