သတင်း

ခင်ဦးမှာ လက်နက်ကြီးကြောင့် ၅ ရက်အတွင်း ကလေးငယ် ၁ ဦးအပါအဝင် ၄ဦးသေဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးပစ်ခတ်မူကြောင့် ၅ ရက်အတွင်းမှာ ကလေးငယ် ၁ဦးအပါအဝင် ၄ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီကနေ့မနက်ပိုင်း ၈နာရီဝန်းကျင်မှာ ရေဦးမြို့တိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ခင်ဦးနယ် မူးသာရွာက ဒေသခံအမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံးခဲ့ရတဲ့ အတွက် ၅ရက်အတွင်း သေဆုံးသူ၄ဦးအထိရှိလာတာဖြစ်ပါတယ်။

“သူတို့ကရေဦးနဲ့အစပ် ခင်ဦးဘက်ကရွာတွေကို လက်နက်ကြီးနဲ့ရမ်း သမ်းပစ်ခတ်နေတာ နေ့လည်းပစ်တယ် ညလည်းပစ်တယ် ပြီးခဲ့တဲ့၁၆ရက်နေ့က တည်းကပေါ့ မနေ့က သက်ပေးရွာထဲ ကျတယ် အဲ့မှာရေချိုးနေတဲ့ ကလေးငယ်က ပွဲချင်းပြီးဆုံးသွားတယ် သူ့မိသားစုဝင်တွေလည်း ဒဏ်ရာရခဲ့တယ်” လို့ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်နက်ကြီးကြောင့် ဇူလိုင် ၁၆ရက်နေ့က အင်းပတ်ရွာကအမျိုးသား တစ်ဦး၊ဇူလိုင်၁၉ရက်နေ့ မနေ့က သက်ပေးရွာက ၆နှစ်အရွယ်ကလေးငယ်တစ်ဦး၊ ဒီကနေ့မှာတော့ မူးသာရွာက ၂၇နှစ်အရွယ် အမျိုးသမီး တစ်ဦးနဲ့၄၀ခန့်အရွယ် အမျိုးသားတစ်ဦး တို့သေဆုံးခဲ့ရတယ်လို့ သူကပြောပါတယ်။

လက်နက်ကြီးပစ်ခတ်ခံခဲ့ရတဲ့ အင်းပတ်၊သက်ပေးရွာနဲ့မူးသာရွာတို့ဟာ ရေဦးနယ်နဲ့၂မိုင်သာဝေးတဲ့ ခင်ဦးနယ် က ရွာတွေပဲဖြစ်ပြီး နှစ်မြို့နယ်ကြား မူးမြစ် တစ်ခုသာခြားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီ လက်နက်ကြီးပစ်ခတ်ခံရတဲ့ရွာတွေဟာလည်း တစ်ရွာနဲ့တစ်ရွာပေ၃၀၀ လောက်သာအကွာအဝေးရှိပြီး လက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်ခံရတဲ့အပြင် မြေပြင်စစ်ကြောင်းပါဝင်ရောက်လာတဲ့အတွက် ဒေသခံ ၅ထောင်ကျော်လည်း ထွက်ပြေးနေ ကြရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“ဒီနေ့ကျတော့ ရေဦးကလက်နက်ကြီးတွေပစ်ပြီးသိပ်မကြာဘူးအင်းပတ်ကွေ့ဈေးတန်းအထိုင်ချထားတဲ့ စစ်ကောင်စီအဖွဲ့တွေနဲ့ ရွာသစ်ကုန်းပျူတွေပေါင်းပြီး အနီးတစ်ဝှိုက်က ရွာတွေကိုပဲ စစ်ကြောင်းထိုးလာတဲ့ အတွက် မိုးရွာကြီးထဲထွက်ပြေးနေရတယ်ဗျ” လို့ပြောပါတယ်။

ဓာတ်ပုံ-ဇူလိုင်၂၀ ဒီကနေ့ မနက်ပိုင်းထွက်ပြေးရေတဲ့ ခင်ဦးက စစ်ဘေးရှောင်များ(ခင်ဦး သတင်းမှန်ပြန်ကြားရေး)
ဓာတ်ပုံ-ဇူလိုင်၂၀ ဒီကနေ့ မနက်ပိုင်းထွက်ပြေးရေတဲ့ ခင်ဦးက စစ်ဘေးရှောင်များ(ခင်ဦး သတင်းမှန်ပြန်ကြားရေး)

လက်ရှိ စစ်ကောင်စီတပ်ရဲ့မြေပြင်စစ်ကြောင်းကြောင့် ခင်ဦးနယ်ကရွာသစ်၊မူးသာ၊သက်ပေး၊အင်းပတ်၊ ချမ်းသာကုန်း၊ညောင်ပင်ခြံ၊နဲ့ဆည်ကြီးရွာကကလေးငယ်၊ကိုယ်ဝန်ဆောင်နဲ့သက်ကြီးရွယ်အို ဒေသခံ ၅ထောင်ကျော်ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း လက်နက်ကြီးတွေပစ်ခတ် မူကြောင့် ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတွေ၊အကာအကွယ်ရှိတဲ့နေရာတွေမှာ ခိုလှုံဖို့ နဲ့ ကာကွယ်ရေးတပ်တွေဘက်က သတင်းထုတ်ပြန် တာတွေနားစွင့်ကြဖို့ စစ်ဘေးရှောင်ကူညီနေသူများက ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးပဋိပက္ခနှင့်တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာအရပ်သား သေဆုံးသူ ၂၄၀၀ကျော် ရှိတယ်လို့ ပြီးခဲ့တဲ့ ဇွန်၂၆ရက်နေ့က မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျု(ISP Myanmar)ကထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button