တိုက်ပွဲသတင်း

ရွှေကူမြို့ဘက်ကိုတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရ

ကချင်ပြည်နယ် ရွှေကူမြို့နယ် တောပုန်းကျေးရွာကနေ မြို့ဘက်ကိုတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့ ရွှေကူကာကွယ်ရေးတပ်ကနေ သိရပါတယ်။

ဒီကနေ့ ဇူလိုင် ၂၀ ရက်နေ့ မနက် ၉နာရီလောက်မှာ ရွှေကူမြို့အောက်ဘက် တောပုန်းကျေးရွာကနေ ရွှေကူမြို့တွင်းဘက်ကိုတက်လာတဲ့ အင်အား ၁၀၀ လောက်ရှိတဲ့စစ်ကြောင်းကို တောပုန်းရွာကနေ မြောက်ရွာကြားကလမ်းခုလတ်တစ်နေရာမှာ ရွှေကူPDF က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူ PDF နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“အဲ့စစ်ကြောင်းက မြစ်တစ်ဖက်ကမ်းကျောက်ကြီးဘက်ကနေ မနက် ၄ နာရီလောက်ကတည်းက တောပုန်းဘက်ကိုလာတာ တောပုန်းကနေမှတဆင့် ရွှေကူမြို့ကို တက်လာတဲ့ချိန်မှာ တောပုန်းနဲ့ မြောက်ရွာကြားမှာ တိုက်ခိုက်ခံလိုက်ရတာ”လို့ ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းက ခလရ ၁၀ စစ်ကြောင်း ဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်ကျော်ကတည်းက ကျောက်ကြီးကျေးရွာဘက်ကို စစ်ကြောင်း ထိုးခဲ့ ပြီး ရွှေကူမြို့တွင်းတပ်ကိုပြန်ဝင်လာတဲ့ချိန် တိုက်ခိုက်ခံရတာလို့သိရပါတယ်။

“ဆွဲမိုင်းတော့မဟုတ်ဘူး ဒရုန်းနဲ့ချတာ သူတို့ကားလမ်းမပေါ်ရောက်နေတဲ့ချိန် ဗုံးသီး ၂လုံးနဲ့ချတာ အသေအပျောက်ကတော့သေချာပေါက်ရှိတယ်ဗျ အတိအကျတော့မသိရသေးဘူး”လို့ ရွှေကူPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ နေ့လည် ၁၂ နာရီခွဲ လောက်မှာတော့ ရွှေကူ သဘော်ဆိပ်ကိုပြန်ရောက်နေပြီး စစ်ကြောင်းထပ်ထိုးဖို့ပြင်ဆင်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။

ဒီနေ့တိုက်ခိုက်ခံရတာနဲ့ပတ်သတ်ကြီး သေဆုံးထိခိုက်မှုကိုအတည်ပြုနေဆဲ ဖြစ်ပါတယ်။ ရွှေကူ PDF က ယခုလအတွင်းစစ်ကောင်စီတပ်နဲ့ရုံးတွေကို ဒရုန်းနဲ့တိုက်ခိုက်တာမျိုး ခပ်စိပ်စိပ်ပြုလုပ်လာနေတာဖြစ်ပြီး မနေ့ကလည်း စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးတိုက်ခိုက်မှု ၂ကြိမ် ၊ဇူလိုင် ၁၈ ရက်နေ့က ရွှေကူရဲစခန်းတိုက်ခိုက်မှုတစ်ကြိမ်တို့ပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

Show More

Related Articles

Back to top button