တိုက်ပွဲသတင်း

ရွှေကူမှာ စစ်ကောင်စီစစ်ကြောင်းကို မြို့လှကာကွယ်ရေးတပ်ကတိုက်ခိုက် စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံး

ရွှေကူမြို့နယ် ကျောက်ကြီးရွာကနေ ဆင်တပ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးလောက်ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ မြို့လှကာကွယ်ရေးတပ်ကနေ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ မနေ့က မနက်ပိုင်း ၄ နာရီဝန်းကျင်မှာ ကျောက်ကြီးရွာကနေ ရွှေပဒေသာရွာကို အရင်ဝင်ရောက်လာခဲ့ပြီး ရွှေပဒေသာရွာမှာ ချက်ပြုတ်စားသောက်ပြီးနောက် ညနေ ၅နာရီဝန်းကျင်မှာ ဆင်တပ်ရာဘက်ကို ဆက်ပြီးစစ်ကြောင်းထိုးလာချိန် မြို့လှကာကွယ်ရေးတပ်က ဗိုလ်မိုးကြိုး ဦးစီးတဲ့အဖွဲ့ကနေ ဆင်တပ်ရွာမရောက်ခင် လမ်းခုလတ်တစ်နေရာမှာ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့က ရိက္ခာတင်သင်္ဘောတက်လာမယ့် လမ်းကြောင်းတစ်လျှောက် လမ်းကြောင်းရှင်းချင်တဲ့သဘော နယ်မြေရှင်လင်းရေးပုံစံနဲ့စစ်ကြောင်းထိုးလာတာ မိုင်း ၂ ကြိမ်ဆွဲခံလိုက်ရတော့ မနေ့သူတို့တော်တော်လေး အထိနာသွားတယ်” လို့ မြို့လှကာကွယ်ရေးတပ်က တာဝန်ရှိသူကပြောပါတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့စစ်ကောင်စီတပ် စစ်ကြောင်းတွေကတော့ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀ တပ်ရင်းမှူးကိုကိုနိူင်ဦးဆောင်တဲ့အဖွဲ့နဲ့ ခမရ ၄၁၅  တပ်ရင်းမှူး ထွန်းရန်နိုင် ဒုတပ်ရင်းမှူး အောင်လင်းထွန်းအဖွဲ့ဖြစ်ပြီး အင်အား ၁၀၀ လောက်ရှိတဲ့စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မိုင်းဆွဲခံလိုက်ရတဲ့နောက် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေကိုတော့ မနေ့ကညနေပိုင်း ၆နာရီလောက်မှာ ချောစက်လှေတွေနဲ့ရွှေကူဘက်ကမ်းကို သယ်ယူသွားတဲ့အပြင် မနေ့ညအထိ ဆင်တပ်ရွာထဲမှာဘဲဆက်ရှိနေသေးတဲ့အပြင် စစ်ရေးလှုပ်ရှားမှုတွေလည်း ပုံမှန်ရှိနေသးတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တိုက်ပွားတဲ့နေရာနဲ့နီးတဲ့ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ကိုလည်း ကာကွယ်ရေးတပ်ဘက်က သတိပေးပြောဆိုပါတယ်။

“အဓိကတော့ ပြည်သူတွေကိုပဲ မှာချင်တယ် စစ်ကြောင်းနဲ့အနဲဆုံး ၂မိုင်းလောက် ခွာပြီး နေစေချင်တယ်။  စစ်ကြောင်းတွေက တခါတစ်လေ ရမ်းသမ်းပစ်နေရင် ပြည်သူတွေ အတွက်စိုးရိမ်စရာအနေထားတစ်ခုမှာရှိနေနိုင်တယ်  ထိခိုက်မှာလည်းစိုးရိမ်ရတဲ့ အနေ ထားကြောင့်ပါ” လို့ မြို့လှကာကွယ်ရေးတပ်က ပြောပါတယ်။

မနေ့က ဆင်တပ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလ ရွှေကူမြို့နယ် ရေလဲရွာက အိမ်ခြေ ၄၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်းကျေးရွာတွေဟာ စစ်တပ်ရဲ့မကြာခနထိုးစစ်ဆင်ခံရမှု၊နေအိမ်မီးရှို့ခံရမှုအများဆုံးကြုံတွေ့နေကြရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလတစ်လတာထဲမှာ မီးရှို့ခံရတဲ့နေအိမ်ပေါင်း ၉၅၆ အိမ်ထိရှိလာပြီဖြစ်ပါတယ်။

ဒ့ါအပြင် စစ်ကောင်စီတပ်တွေက ရွှေကူအရှေ့ဘက်ခြမ်းရွာဒေသခံတွေကို စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်မှာ ဖမ်းဆီးခေါ်ဆောင်တာတွေလည်းရှိတယ်လို့ သိရပါတယ်။

“ စစ်ကြောင်းနဲ့တိုးရင်တော့ ဖမ်းခံရတာဘဲ သေချာတယ် ဟိုနေ့ကလည်း စီသောင်ရွာက ဖမ်းခံရတာရှိတယ် ဒါပေမယ့် ညပိုင်းမှာပြန်လွတ်လာတယ်” လို့ပြောပါတယ်။

ဒေသခံတွေပြောတာကတော့ စစ်ကောင်စီတပ်ဟာ ရွှေကူမြို့အရှေ့ဘက်ခြမ်းရွာတွေကို ခုလိုစစ်ကြောင်းထိုးဝင်ရောက်လာတာဟာ ကာကွယ်ရေးတပ်ဖွဲ့တွေကို နှိပ်နှင်းချင်တဲ့အတွက် ဝင်ရောက်လာတာဖြစ်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

Show More

Related Articles

Back to top button