တိုက်ပွဲသတင်း

ဟုမ္မလင်းမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကျေးရွာ ၂ရွာ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ကျေးရွာ ၂ရွာကပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 
 
ဟုမ္မလင်းမြို့နယ် လွှစင်ကျေးရွာမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်က သွားရောက်တိုက်ခိုက်ရာက‌နေ နှစ်ဖက်ထိ‌တွေ့ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဟုမ္မလင်းမြို့နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
 
”တိုက်ပွဲက မနက် ၃နာရီထဲကစဖြစ်တာ မနေ့က ညနေ ၄ နာရီလောက်ထိဖြစ်တယ်။ လက်နက်ကြီးတွေကော တိုက်ဆက်ပစ်နေတာ စစ်တပ်ဘက်က ။နားလိုက်ပစ်လိုက်ပါ့ ရွာသားတွေလည်းကြောက်လို့လန့်လို့ပြေးကြတာခုထိပြေးကြတုန်း ”လို့ သူကပြောပါတယ်။
 
ယနေ့ နေ့လည်ပိုင်းထိလွှစင်ကုန်းရွာကနေ စစ်သားတွေက လက်နက်ကြီးတွေ တစ်ဖက်သတ်ပစ်ခတ်မှုရှိနေပြီး စစ်ရေးမတည်ငြိမ်သေးတာကြောင့် နောင်ပိုအောင်ကျေးရွာနှင့်လွှစင်ကုန်းဒေသခံတွေက ထွက်ပြေးနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
 
”တိုက်ပွဲက နောင်ပိုအောင်ရွာမှာတော့မဖြစ်ဘူး တာပေမယ့်လွှစင်ကုန်းရွာနဲ့တစ်ဆက်တည်းဖြစ်နေတာ ပြေးရတာပေါ့ ဟုမ္မလင်းဘက်ကိုတော့နည်းနည်းပဲရောက်လာတယ် အများစုက အဲ့ဘက်ကရွာတွေထဲမှာပြေးကြတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ လွှစင်ကုန်းကျေးရွာထဲက စာသင်ကျောင်းနဲ့ဘုန်းတော်ကြီးကျောင်းမှာ ၂၀၂၂ ခုနှစ်ကတည်းကတပ်စွဲနေထားတာလို့သိရပါတယ်။
 
”စစ်သားတွေလွှစင်ကုန်းကနေလက်နက်ကြီး ပစ်လို့ နောင်ပိုအောင်ဆေးရုံရှေ့တစ်လုံးကျတယ် လူတော့မထိဘူးဆေးရုံမှန်တွေကွဲတယ်။ သူတို့တပ်စွဲတဲ့ လွှစင်ကုန်းဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းလည်းပျက်စီးသွားတယ်”လို့ အထက်မှာဖော်ပြတဲ့ ဟုမ္မလင်း မြို့နေ အမျိုးသမီး တစ်ဦးကပြောပါတယ်။
 
တိုက်ပွဲကြောင့် ဟုမ္မလင်း -နောင်ပိုအောင်-လွှစင်ကုန်းကားလမ်းကိုလည်း ဇူလိုင်လ ၂၃ ရက်နေ့မနက်ပိုင်းကတည်းက အသွားအလာခေတ္တပိတ်ထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
 
ဟုမ္မလင်းမြို့နဲ့ ၁၂ မိုင်ကျော်ဝေးတဲ့ လွှစင်ကုန်းကျေးရွာမှာ အိမ်ခြေ ၈၀ နှင့်နောင်ပိုအောင်ကျေးရွာမှာ အိမ်ခြေ ၁၀၀ နီးပါးရှိပြီး လူဦးရေ ၁၀၀၀ နီးပါးစစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။
 
Show More

Related Articles

Back to top button