လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဝိုင်းမော်မှာ ရှမ်း လူငယ် ၃ ယောက် ဦးရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုခံရ၊ တစ်ဦးပြင်းထန်ဒဏ်ရာရရှိ

ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာနားမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ဟာ ဂိတ်နေရာမှာ ဖြတ်ကျော်လာတဲ့  ရှမ်းလူငယ် ၃ ဦးကို သေနတ်ပစ်ခတ်လိုက်တဲ့အတွက် လူငယ်တစ်ဦး ပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇူလိုင် ၂၃ ရက်နေ့ ည ၇ နာရီဝန်းကျင်လောက်မှာ ရွှေညောင်ပင်ကျေးရွာ ရပ်ကွက် ၂ မှာရှိတဲ့ ရှမ်းလူငယ် ၃ ယောက်က ဝိုင်းမော်မြို့ဘက် ဆိုင်ကယ်တစ်စီးနဲ့ မောင်းနင်းလာစဉ် ပြည်သူ့စစ်နေရာမှာ သေနတ် ၃ ကြိမ်ထက်နည်း ပစ်ခတ်ခံလိုက်ရတယ်လို့ အောင်မြေ (၁) ဒေသခံတစ်ယောက်က KNG ကို အခုလိုပြောပါတယ်။

“ပစ်ခတ်ခံရတဲ့ လူငယ်က ၃ ယောက်ဟုတ်တယ်။ ရွှေညောင်ပင်ကနေ ဝိုင်းမော်ဘက်ကိုလာတာ ဂိတ်ပိတ်ထားတော့ ပိတ်ထားတဲ့ဝါးတန်ကို သွားဆွဲဖွင့်လိုက်ကြတယ်လို့ပြောတယ်။ အဲ့မှာ ပြည်သူ့စစ်တွေက ဘယ်သူတွေလဲဆိုပြီး အောက်လိုက်တော့ လူငယ် ၃ ယောက်က ထွက်ပြေးသွားတယ်လို့ပြောတယ်။ နောက်ကနေ သေနတ်နဲ့လှမ်းပစ်တာ တစ်ယောက်ရဲ့ ခြေထောက်မှာထိသွားတာ။ ကျန် ၂ ယောက်က ဘာမှမဖြစ်ဘူးလို့ပြောတယ်”လို့ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ရှမ်းငယ် ၃ ယောက်မှာ ရွှေညောင်ပင် ရပ်ကွက် ၃ မှာနေထိုင်ကြသူများဖြစ်ကြပြီးတော့ လူငယ် ၃ ယောက်ရဲ့ အချက်အလက်ကို အသေးစိတ်မသိရပေမယ့် အသက် ၂၀ ကျော်အထက်ရှိသူများသာ ဖြစ်ကြတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

ဝိုင်းမော်ဒေသဟာ လက်ရှိအချိန်မှာ နယ်မြေတည်ငြိမ်တဲ့ ဒေသတစ်ခုဖြစ်တဲ့အတွက် ပြည်သူလူထုကို လက်နက်အင်အားနဲ့ ပစ်ခတ်မှုခြိမ်းခြောက်မှုများကြောင့် အသက်အန္တရာယ်လုံးခြုံမှုမရှိတဲ့ အခြေအနေမှာ ရောက်ရှိနေကြတယ်လို့ အောင်မြင် (၁) ဒေသခံက အခုလို ဆက်ပြောပါတယ်။

“သူတို့ဘက်နေ အဲ့လို လက်နက်ကိုပြီးတော့ လမ်းပိတ်တာတို့၊ ပစ်ခတ်တာတွေလုပ်နေတော့ ကျနော်တို့အတွက် လုံးခြုံမှုမရှိဘူး။ အရင်တုန်းက ဆို ဘယ်သူ့ကိုမှကြောက်စရာလည်းမလိုဘူး။ လွတ်လွတ်လပ်လပ်သွားလာလို့ရတယ်။ အခုက အရမ်းခက်သွားတယ် ဖျားနာလို့ ခဏတဖြုတ်သွားလာမယ်ဆိုရင်တောင် သွားလာလို့မရဘူး”လို့ဆက်ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ လူငယ် ၃ ယောက်အနက် တစ်ယောက်မှာ ဒူးခေါင်းတစ်ဖက် ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီပြည်သူ့စစ်ဂိတ်မှာ မနက် ၇ ကနေ ည ၆ နာရီခွဲအထိ အချိန်အကန့်အသတ်နဲ့သာ သွားလာခွင့်ရရှိနေပြီး သတ်မှတ်ထားတဲ့ အချိန်ကျော်လွန်ပြီး သွားသူများက ဂိတ်ဖြတ်ကျော်ခ ပေးဆောင်ပြီးတော့ သွားလာခွင့်ရရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတ်မှတ်ထားတဲ့အချိန် ကျော်လွန်ပြီး သွားလာသူများကို ကားတစ်စီး ၃ သောင်းအထက်နဲ့ လူတစ်ယောက်မှာ ၅ ထောင်အထက် တောင်းခံနေတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဝိုင်းမော်ဒေသမှာ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ ရွှေညောင်ပင်၊ အောင်မြေသစ်၊ ဝူယန် စတဲ့နေရာတွေမှာ စစ်တပ်ဂိတ်နေရာချထားပြီးတော့ စစ်ရေးလှုပ်ရှားမှုများ ပုံမှန်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button