လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဟိုပင်မှာ လင်မယား နှစ်ယောက်သတ်ဖြတ်ခံရမှု KIO/KIA ဖြေရှင်းပေးနိုင်မှု မရှိသေး

KIA တပ်မဟာ ၈၊ တပ်ရင်း ၄၁ နယ်မြေမှာ KIA တပ်သားတစ်ဦး နဲ့ ဇနီးဖြစ်သူတို့ သတ်ဖြတ်ခံရတဲ့အမှုကို နှစ်ပတ်အတွင်း ဖြေရှင်းပေးဖို့တောင်းဆိုထားပေမယ့် တာဝန်ရှိတဲ့ KIO အနေနဲ့ ဖြေရှင်းပေးနိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် လဆန်းပိုင်းမှာ KIO တပ်မဟာ ၈ အရာရှိတွေက အမှုဖြေရှင်းပေးတော့မယ်ဆိုပြီး မိသားစုဝင်တွေကို အကြောင်းကြားခဲ့ပေမယ့် နှစ်ပတ်ကြာတဲ့အထိအမှုကို မဖြေရှင်းပဲ အကြောင်းပြချက်တွေနဲ့ ကြန့်ကြာစေခဲ့တယ်လို့ အမှုဆောင်ရွက်ပေးနေတဲ့ တာဝန်ရှိသူတစ်ယောက်က အခုလိုပြောပါတယ်။

အဲ့မှာဘာဖြစ်လဲဆိုတော့ KIA ရဲ့ တရားစီရင်မှုက လုံးဝအားမရဘူး။ လူမစုံဘူး စောင့်ရမယ့်သူတွေကြီးပဲ ဖြစ်နေတယ်။ ကျနော်တို့လိုချင်တာ အဲ့လိုမဟုတ်ဘူး ဒီဖြစ်စဉ်ဖြစ်သွားတဲ့အပေါ်မှာ ဘယ်သူက လုပ်တာဆိုတာထက် အဖြူအမဲ ရှင်းရှင်းလင်းလင်း ဖြစ်ချင်တာ ဟုတ်တယ်။ အခုချိန်အထိ ဒီဟာနဲ့ ပတ်သက်ပြီး ပြောဆိုပေးတာ မရှိသေးဘူးလို့ ပြောပါတယ်။

KIO ဘက်ကနေ ဒီအမှုနဲ့ပတ်သက်ပြီးတော့ သတ်ဖြတ်ခံရတဲ့ မိသားစုဝင်တွေကို လျော်ကြေးပေးဆောင်တာမျိုးနဲ့ပဲ အမှုကိုအပြီးသတ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

KIO အနေနဲ့ အမှုကို လျော်ကြေးပြီး အပြီးသတ်ချင်နေတာဟာ အဲဒီဒေသမှာ သဘာဝ အရင်းအမြစ်ကနေ ဝင်ငွေရရှိနေတဲ့အတွက် နောက်ဆက်တွဲပြဿနာတွေကို ရှောင်ရှားလိုတဲ့အတွက် ဖြစ်တယ်လို့ သုံးသပ်ပြောဆိုမှုလည်း ရှိနေပါတယ်။

သူတို့ရဲ့ အခြအနေကို ကြည့်ရင် ဒီအမှုစစ်လိုက်ရင် အဲဒီနယ်မြေမှာ တရုတ်နဲ့ နှစ်ရှည် သစ်ထုတ်လုပ်တာတွေ၊ ရွှေတူးဖော်တာတွေရှိနေတာ ဟုတ်တယ်။ အဲ့ဒါတွေအကုန်လုံးပေါ်သွားမှာစိုးလို့ ဒီအမှုကို ဖြစ်ရပ်မှ ဖုံးကွယ်ဖို့ ကြိုးစားနေကြတယ်။ ဘာလို့လဲဆိုတော့ KIO က အဲ့လို လုပ်စားနေလို့ပဲ သူတို့ရဲ့ နယ်မြေထဲမှာ သူစိမ်းတွေက အဝင်အထွက် လုပ်ခွင့်ရတာလေ။ သူတို့အထဲမှာ ဘယ်လိုတွေလုပ်စားနေကြတာကို သိသွားမှာစိုးနေကြတယ်လို့ ပြောပါတယ်။

KIA တပ်ရင်း ၄၁ နယ်မြေတဝိုက်မှာ KIO အရာရှိများနဲ့ တရုတ်လုပ်ငန်းရှင်များက နှစ်ရှည် သစ်ထုတ်လုပ်မှု၊ ရွှေ ပူးပေါင်း တူးဖော်နေစဉ် ပြစ်မှုကျူးလွန်သူဟာ အသက် ၄၀ နှစ်အရွယ်ရှိ တရုတ်လုပ်ငန်းရှင်တစ်ဦးရဲ့ အလုပ်သမားတစ်ယောက်ဖြစ်နေတဲ့အတွက် ဒီအမှုကို ဖုံးကွယ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြတာပါ။

ပြစ်မှု ကျူးလွန်ခဲ့တဲ့ ဦးကျော်ထွန်းဦးကို KIA က ဖမ်းဆီးနိုင်ခဲ့ပြီး သူကိုယ်တိုင် သတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့တယ်လို့ KIA နဲ့ နီးစပ်သူတွေက KNG ကိုပြောပါတယ်။

ဒါပေမယ့် ကျော်မိုးထွန်းဟာ KIA က ဖမ်းဆီးထားတဲ့ တစ်ပတ်လောက်အကြာမှာပဲ ဖမ်းဆီးထားတဲ့နေရာမှာ သူကိုယ်တိုင် ကြိုးဆွဲချ သေဆုံးသွားပြီဖြစ်တယ်လို့ အမှုမှန်ဖြေရှင်းပေးဖို့ တောင်းဆိုထားတဲ့ မိသားစုဝင်တွေကို ခေါ်ယူတွေ့ဆုံမှာ KIA ဘက်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တရားခံ ဦးကျော်ထွန်းဦးကို KIA က သတ်လိုက်တာမျိုးမဟုတ်ပဲ  သူကိုယ်တိုင် ဖမ်းဆီးထားရာကနေ ကြိုးဆွဲချသေဆုံးသွားတယ်လို့ ပြောဆိုလာတဲ့အပေါ်မှာ KIA ကို သံသယဖြစ်မိတယ်လို့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ဟိုပင်ဒေသခံ အမျိုးသားတစ်ယောက်က အခုလို ပြောပါတယ်။

သတ်ဖြတ်လိုက်တယ်လို့ ဝန်ခံထားတဲ့ ကျော်မိုးထွန်းက လင်မယား ၂ ယောက်ရဲ့ အလောင်းကို သဂြိုလ်ပြီး နောက်ရက်မှာ ကြိုးဆွဲချသေသွားတယ်လို့ KIA က ပြောလာတယ်။ ကျနော်တို့က ဖမ်းဆီးထားတာကနေ ကြိုးဆွဲချသေသွားတယ်ဆိုတော့ အဲ့ဒီအပေါ်မှာ အရမ်းကို သံသယဖြစ်နေပါတယ်။ ပြီးရင် အခုဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ သူတို့က ဘယ်လိုလုပ်ဆောင်ကြမလဲအသိဘူး” လို့ ပြောပါတယ်။

ဒါကြောင့် KIA တပ်ရင်း ၄၁ မှ တာဝန်ရှိသူတွေဟာ အမှုမှန်ဖြေရှင်းပေးဖို့အတွက် ကြိုးဆွဲချသေဆုံးသွားတဲ့ ဦးကျော်ထွန်းဦးနဲ့  ဆက်စပ်မှုရှိတဲ့ ကားသမား ၃ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အမှုကို အပြီးသတ်ရန် ပြစ်မှုကျူးလွန်သူရဲ့ တရုတ်လုပ်ငန်းရှင်ကို စောင့်ဆိုင်းနေကြတယ်လို့လည်း သိရပါတယ်။

အမှုမှန် ပေါ်ပေါက်ဖို့အတွက် ဟိုပင်ဒေသခံတွေက သတ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့ ဇွန်လကုန်ပိုင်း ၂ ပတ်အတွင်းမှာပဲ တာဝန်ရှိတဲ့ KIO/KIA ကိုတောင်းဆိုထားပေမယ့် အခု ဇူလိုင်လ တတိယအပတ်အထိ အမှုကို မဖြေရှင်းနိုင်ပဲ ကျန့်ကြာနေဆဲဖြစ်ပါတယ်။

KIA တပ်သားနဲ့ ဇနီးဖြစ်သူ အဓ္ဓမပြုကျင့်သတ်ဖြတ်ခံရမှုမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ KIA တပ်ရင်း ၄၁ ရဲ့ရှေ့တန်း ယာယီဆေးကုသတဲစခန်း တစ်နေရာမှာ သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး ဇွန် ၁၃ ရက်နေ့မှာ ဟိုပင်ဒေသခံတစ်ချို့က သွားရောက် မြေမြှုပ်သဂြိုလ်ပေးခဲ့ပါတယ်။

သတ်ဖြတ်ခံရသူ လင်မယား ၂ ယောက်မှာ အသက် ၃၀ နှစ်အရွယ်ရှိသူ ဦးမဒိန်ခေါယော် (Mading Hkaw Yaw) နဲ့ ဇနီးဖြစ်သူ မခေါကော့ဖန်(Jan Mahkaw Kaw Hpang) တို့ဖြစ်ကြပြီးတော့ အမျိုးသားဖြစ်သူမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၁ မှ တပ်သားတစ်ယောက်ဖြစ်ပါတယ်။

အလားတူ တနိုင်းလီဒိုလမ်းမပေါ် လဝါးကျေးရွာအုပ်စု မကောင်းတောင်ကျေးရွာမှာ အရပ်သား ပြည်သူ ၉ ယောက်ကို KIA နဲ့ PDF တပ်ဖွဲ့များ သတ်ဖြတ်လိုက်တဲ့ ၆ လလောက်ကြာကြာမြင့်လာပြီဖြစ်ပေမယ့် တာဝန်ရှိတဲ့ KIO/KIA အနေနဲ့ အမှုမှန်ဖြေရှင်းပေးနိုင်မှုမရှိသေးတဲ့အတွက် ပြည်သူလူထုက အမြန်ဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

Show More

Related Articles

Back to top button