သတင်း

တနိုင်းမှာ အမှိုက်ကားပုံမှန်မလာလို့ ဒေသခံတွေ အမှိုက်ပစ်ရန်အခက်အခဲဖြစ်နေ

ကချင်ပြည်နယ် တနိုင်းမြို့ပေါ်မှာ စည်ပင်ကအမှိုက်ကားတွေ ပုံမှန်မလာတာကြောင့် ဒေသခံတွေ အမှိုက်ပစ်ဖို့အခက်အခဲဖြစ်နေတယ် လို့သိရပါတယ်။

တနိုင်းမြို့ပေါ်မှာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး မြို့တွင်းအမှိုက်သိမ်းတဲ့ စည်ပင်ကားပုံမှန်အမှိုက်လာသိမ်းခြင်း မရှိတော့တဲ့အပြင် ဒေသခံတွေကို အမှိုက်စွန့်ပစ်ဖို့နေရာ သတ်မှတ်ပေးထားတာမျိုးမရှိတာကြောင့် ခုနောက်ပိုင်း ဒေသခံတွေ စွန့်ပစ်အမှိုက်ပစ်ဖို့အခက်အခဲ ဖြစ်လာနေတယ်လို့ တနိုင်းမြို့ပေါ်က အသက် ၃၄ နှစ်အရွယ်မိခင်တစ်ဦးက အခုလိုပြောပါတယ်။

”စည်ပင်အမှိုက်ကားကမရှိတာမဟုတ်ဘူးရှိတယ် တစ်စီးလားရှိတယ် အခုနောက်ပိုင်းမလာတော့တာ လာချင်တဲ့ခါ လာတယ်မလာချင်တဲ့ခါမလာဘူး ကျနော်တို့ကအမှိုက်ကိုအိမ်မှာပုံထားပြီး စောင့်နေရတာ ဘယ်ကိုသွား ပစ်လို့ပစ်ရမလဲမသိဘူးအမှိုက်ကပုံလို့နေပြီ ”လို့ အထက်ပါအမျိုးသမီးကပြောပါတယ်။

အရင်က စည်ပင်အမှိုက်ကားဟာ တစ်ပတ်ကို ၂ကြိမ် ပုံမှန်အမှိုက်သိမ်းလေ့ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ တစ်ပတ်တစ်ကြိမ်နဲ့ တစ်ခါတစ်ရံ နှစ်ပတ်တစ်ကြိမ်ခြားသာ လာသိမ်းတာကြောင့် မိသားစုများတဲ့အိမ်နှင့် အိမ်ခန်းငှားရမ်းထားသူတွေ၊ စားသောက်ဆိုင်နှင့် စျေးဆိုင်ဖွင့်ထားတဲ့လူတွေအတွက် အမှိုက်စွန့်ပစ်ဖို့ အခက်အခဲ ဖြစ်လာနေတယ်လို့သိရပါတယ်။

”တချို့လူများနဲ့အိမ်နဲ့ဆိုင်တို့ဘာတို့ဆိုရင် အမှိုက်က တစ်ရက်နှစ်ရက်နဲ့ဆိုပုံလာပြီလဲ အ့ကြောင့်အမှိုက်ကားမလာတော့ ဒီမြို့နဲ့ ဆိုကားနဲ့ ၁၅ မိနစ်လောက်မောင်းရတယ် တနိုင်းချောင်းတံတားအောက်ပေါ့ အဲ့မှာသွားပြစ် ကြတယ်။အဲ့အမှိုက်ပုံက ဟိုတလောရေကြီးတော့ပါသွားတယ်အခုပြန်စပစ်နေကြပြီအဲ့နားမှာ”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

Photo- တနိုင်းချောင်းဘေးစွန့်ပစ်ထားတဲ့အမှိုက်များ
Photo- တနိုင်းချောင်းဘေးစွန့်ပစ်ထားတဲ့အမှိုက်များ

အမှိုက်ကားမလာတာကြောင့် ဒေသခံတွေဟာ တနိုင်းမြို့နဲ့ ချောင်းတစ်ဖက်ကမ်းတံတား အောက်ဘက်မှာသွားရောက် အမှိုက်စွန့်ပစ်ကြ တာရှိသလိုအချို့လည်း ရပ်ကွက်ထဲကအဆင်ပြေတဲ့ နေရာတွေမှာစွန့်ပစ်နေကြတယ်လို့သိရပါတယ် တနိုင်းတံတားအောက်ဘက်မှာ စွန့်ပစ်ထားတဲ့ အမှိုက်ပုံရဲ့အညစ်အကြေးနဲ့ အနံ့အသက်ဆိုးတွေကြောင့် အမှိုက်ပုံဘေးမှာနေထိုင်သူတွေနဲ့ စိုက်ခင်းလုပ်ကိုင်သူတွေ ဝမ်းပျက်ဝမ်းလျော်၊မူးယစ်တာစတဲ့ ကျန်းမာ ရေးထိုက်ခိုက်လာသူတွေလည်းရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

”တကယ်လို့အမှိုက်ကားက အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တာမျိုးဆိုရင်လည်း အမှိုက်ပစ်မယ့်နေရာလေးကို မြို့နဲနည်းနည်း အလှမ်းဝေးတဲ့နေရာမှာစနစ်တကျလေးပေါ့အဲ့လိုလည်း လုပ်ပေးရင်ပိုကောင်းတာပေါ့”လို့ စားသောက်ဆိုင်ဝန်ထမ်းအမျိုးသမီးငယ်တစ်ဦးက KNG ကိုပြောပါတယ်။

Photo- တနိုင်းချောင်းဘေးစွန့်ပစ်ထားတဲ့အမှိုက်များ
Photo- တနိုင်းချောင်းဘေးစွန့်ပစ်ထားတဲ့အမှိုက်များ

ဒီကိစ္စနဲ့ပတ်သက်ပြီး တနိုင်းစည်ပင်သာယာရေးရုံးကို ဖုန်းဆက်သွယ်ပေမယ့် လက်ရှိချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။

စစ်ကောင်စီသာ အာဏာသိမ်းပြီးနောက် ၁ နှစ်ကျော်အကြာ ၂၀၂၂ ဧပြီလ ၃၀ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နောက်ထပ် ခရိုင် ၄၆ ခုကို ထပ်မံဖွဲ့စည်းလိုက်ကြောင်းကြေငြာခဲ့တဲ့အထဲမှာတနိုင်းမြို့နယ်လည်းပါဝင်ခဲ့ပါတယ် ဒါပေမယ့် ခရိုင်ဖွဲ့စည်းပြီး တစ်နှစ်ကျော်ကြာလာတဲ့အထိနိုင်းမြို့ဟာ သိသိသာသာပြောင်းလဲလာတဲ့ အချက်တစ်စုံတစ်ခုမျှ မရှိသေးဘူးလို့ဒေသခံတွေဆီကနေသိရပါတယ်။

Show More

Related Articles

Back to top button