တိုက်ပွဲသတင်း

ဆွမ်ပရာဘွမ် စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်

မြစ်ကြီးနား- ဆွမ်ပရာဘွမ် ကားလမ်းမပေါ်ရှိ ဒရူချောင်း ( Daru Hka) စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA/ KPF ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရမိသလို အရာခံဗိုလ်တစ်ဦးကိုလည်း ဖမ်းဆီးရမိထားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။

စက်တင်ဘာ ၂၀ ဒီမနက် ၇ နာရီခွဲလောက်မှာ ဒရူချောင်း(Daru Hka)စစ်တပ်စခန်းကို သွားရောက်ခိုက်ခဲ့ပြီး ၁၀ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ဒရူချောင်း စစ်တပ်စခန်းကို ၇ နာရီခွဲလောက်ကနေ တိုက်ခိုက်တယ်။ ၁၀ နာရီခွဲလောက်ဆို သိမ်းလိုက်နိုင်ပြီ။ စစ်တပ်ဘက်က ၁၀ ဦးကျော် ထိခိုက်သေဆုံးမှုရှိတယ်။ လက်နက်အများပြားသိမ်းဆည်းရခဲ့တယ်။ ပြီးတော့ အရှင်လည်းတစ်ယောက် ဖမ်းဆီးရမိတယ်”လို့ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားကနေ ၇၇ မိုင်ခန့် အကွာအဝေးမှာ တည်ရှိတဲ့ အဲ့ဒီ ဒရူချောင်းစစ်တပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီး စစ်တပ်ဘက်က ၁၀ ဦးသေဆုံးကြောင်းနဲ့ လက်နက်ပစ္စည်းအမြောက်အများ သိမ်းဆည်းရမိခဲ့သလို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားများလည်း ရှိကြောင်း သူကပြောပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က အရာခံဗိုလ်အဆင့်ရှိသူ တစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း KIA/KPF ဘက်က ပြောပါတယ်။

တိုက်ပွဲအတွင်း KIA/KPF ဘက်က ၁ ဦး သေဆုံးပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက်သိရှိရပါတယ်။

တိုက်ပွဲဖြစ်ပွားစဉ် အဲ့ဒီနေရာတဝိုက် စစ်တပ်ဘက်က လေယာဉ်နဲ့ လာရောက်ပျံဝဲတာရှိပေမဲ့ ပစ်ခတ်တာတော့ မရှိဘူးလို့ ဒေသခံတွေဆီကနေတစ်ဆင့် သိရှိရပါတယ်။

“အဲ့ဒီတပ်စခန်းက ပြည်သူ့စစ်လည်း မထိုင်ဘူး။ စစ်တပ်သီးသန့်ထိုင်တဲ့ စခန်းဖြစ်တယ်။  အထဲမှာ အင်အားဘယ်လောက်ထိ ထိုင်တယ်ဆိုတာတော့ အတိအကျမသိဘူး။ အခုလေယာဉ် နဲ့ ထပ်လာပစ်မလား မလာဘူးလား အခြေအနေစောင့်ကြည့်နေတယ်။”ဟုသူက ဆက်ပြောပါတယ်။

ဒရူချောင်းမှာ ထိုင်တဲ့ စစ်တပ်စခန်းဟာ  မြစ်ကြီးနား-ပူတာအို လမ်းမပေါ် လမ်းသွားလမ်းလာ ခရီးသွားကားများနဲ့ ခရီးသွားပြည်သူတွေကို ပုံမှန် စစ်ဆေးပြီး အခွန်ကောက်ခံတာတွေ၊ ခြိမ်းခြောက်တာတွေ ပြုလုပ်လျက်ရှိတဲ့ စစ်တပ်စခန်း တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button