သတင်း

ပူတာအို အင်ခါဂါးရွာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်း အပြီးတိုင်ဆုတ်ခွာ

ပူတာအိုခရိုင် အင်ခါဂါးရွာမှာတပ်စွဲတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုအပြီးရုတ်သိမ်း ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရပါတယ်။

KIA တပ်မဟာ ၁ တပ်ရင်း ၇ နယ်မြေ အင်ခါဂါးရွာက စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းတပ်စွဲတဲ့ အဲ့ဒီစခန်းဟာ ဒီဇင်ဘာ ၁၉ ရက်မနေ့က မနက်ပိုင်းမှာပဲ အပြီးဆုတ်ခွာ ရုပ်သိမ်းသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်နေသူတွေထံကနေ သိရပါတယ်။

သတင်းမှန်တယ်။ မနေ့က ၁၉ ရက်မနက်ပိုင်းမှာတဲ့။ တိုက်စရာတောင်မလိုဘူး။ တိုက်ခါနီးထွက်ပြေးသွားတာလို့လာပြောတယ်ဟု ပူတာအိုဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်နေသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီတပ်စခန်းဟာ ၁၀ စုနှစ်ကြာ ပုံမှန်စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းပြီး တပ်စွဲနေထိုင်တဲ့ တပ်စခန်းတစ်ခုဖြစ်ကြောင်းသူက ပြောပါတယ်။

အင်ခါဂါးရွာဟာ ပူတာအိုအထက် မချမ်းဘော့ကနေ မလိခဖြစ်တစ်လျှောက် စက်လှေနဲ့ ၁ နာရီခန့်ကြာသွားရပြီး ဖြစ်ဘေးမှာ တပ်ချနေတဲ့ ရှေ့တန်းစခန်းဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ပူတာအိုဘက်သာမကာ KIA တပ်မဟာ ၃ တပ်ရင်း ၂၇ နယ်မြေ မံစီမြို့နယ် မံ၀ိန်းကြီးဘက်လည်း နိုဝင်ဘာနဲ့ ဒီဇင်ဘာ ၂ လအတွင်း စစ်ကောင်စီတပ်စခန်း စုစုပေါင်း ၅ ခုထက်မနည်း တပ်ဆုတ် ရုပ်သိမ်းသွားကြောင်း ဆက်လက်သိရပါတယ်။

ကျနော်တိတိကျကျသိတာတော့ ၄ ခုရှိတယ်။ အခြားရှိသေးတယ်လို့တော့ ကြားပေမဲ့ သေချာအတည်မပြုနိုင်သေးဘူးပေါ့။ ဒီတလောလည်း တစ်ခုထပ်ကြားသေးတယ် ၅ ခုလောက်တော့ သေချာပြီပြောလို့ရတယ်။ အခုရုပ်သိမ်းသွားတဲ့စခန်းတွေက စစ်တပ်ရဲ့ ရှေ့တန်းစခန်းငယ်တွေပေါ့။ စခန်းတစ်ခုချင်းစီမှာ အင်အားလည်း အများကြီးမရှိတော့ အင်အားကြီးတဲ့ဘက် အားလုံးစုပေါင်းသွားတာပေါ့။လို့ မံဝိန်းကြီးဒေသခံတစ်ဦးပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းက အင်အား ၃၀ ခန့်ရှိတဲ့ ပင်လုံတပ်စခန်းက ဦးစွာ ရုပ်သိမ်းသွားတာဖြစ်ပြီး နောက်ပိုင်း ဒီဇင်ဘာ ၁၀ ရက်နေ့က မံဝိန်းကြီးအနီးက ရှေ့တန်းစခန်းအပါအဝင် ကျောက်ဖျာ၊ ဖုန်ကြော စတဲ့နေရာတွေမှာ တပ်စွဲတဲ့ စခန်းတွေ ရုပ်သိမ်းသွားကြောင်း သိရပါတယ်။

အဲ့ဒီတပ်စခန်းတွေဟာ ၂၀၁၂ နှစ်ဆန်းပိုင်းကစပြီး စတင်အထိုင်ချခဲ့ကြတာဖြစ်ပြီး မံဝိန်းကြီးတပ်ရင်းထဲအများပိုင်း ဆုတ်ဝင်သွားတာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးနဲ့ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် ကျေးရွာတွေမှာ စစ်ရေးတင်းမာလျက်ရှိနေတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button