မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မြစ်ဆုံအနီးတစ်ဝိုက်မှာ ရွှေမတူးကြဖို့ ဒေသခံတွေ ကန့်ကွက်

ဆိုင်းဘုတ်စိုက်ထူပြီး တားမြစ်တဲ့လှုပ်ရှားမှုကျင်းပခဲ့

မြစ်ဆုံအနီးကျေးရွာတွေမှာ ရွှေတူးဖို့မြေကွက်ဝယ်သူတွေများလာတာကြောင့် ဒေသခံတွေစိုးရိမ်ပြီးတားမြစ်ချက်ဆိုင်းဘုတ်တွေကို မြစ်နားတစ်လျှောက်နဲ့ ကျေးရွာတွေထဲ လိုက်လံကပ်တဲ့လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း  မြစ်ဆုံဒေသခံတွေဆီကနေ သိရပါတယ်။

မြစ်ဆုံဒေသဖြစ်တဲ့ ဝိုင်းမော်မြို့နယ် မလိယန်ကျေးရွာ၊ ခန်းပူကျေးရွာ နဲ့ အင်ဂန်းကျေးရွာတွေဟာ တစ်ဆက်တည်း ကပ်ရပ်တည်ရှိတဲ့ကျေးရွာတွေဖြစ်ပြီး ခုရက်ပိုင်း ရွှေတူးဖို့ရည်ရွယ်ချက်နဲ့ လုပ်ငန်းရှင်တစ်ချို့မြေကွက်ဝယ်ထားပြီး လုပ်ငန်းစဖို့ပြင်ဆင်နေတာတွေရှိတာကြောင့် ဇန်နဝါရီ ၂၃ ဒီနေ့မှာ ကျေးရွာနဲ့မြစ်ကမ်းဘေးတစ်လျှောက် ရွှေမတူးဖို့ တားမြစ်ချက်ဆိုင်းဘုတ်တွေ လိုက်ကပ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။  

 

ကျမတို့ ကျေးရွာဧရိယ မြစ်ကမ်းတစ်လျှောက်မှာ မြေကွက်ဝယ်တဲ့သူတွေက နေဖို့မဟုတ်ပဲ ရွှေတူးဖို့ ဝယ်တဲ့သူတွေပဲ များနေတယ်။ ဆိုတော့ လုပ်ငန်းစဖို့ပြင်ဆင်နေတာလည်းရှိတယ်။ ရွာဧရိယာဆိုတော့ ရွာသားတွေက အခုကတည်းကနေ စိုးရိမ်နေကြတယ်။ အဲ့ဒါစိုးရိမ်တာကြောင့်နဲ့ ရွာကိုကာကွယ်ချင်တဲ့စိတ်နဲ့ အခုလို လှုပ်ရှားမှု ပြုလုပ်ရတာဖြစ်တယ်။  လို့လှုပ်ရှားမှုမှာ ပါဝင်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။  

ဒီလှုပ်ရှားမှုကိုတော့ မြစ်ဆုံဒေသအမျိုးသမီးအဖွဲ့က ဦးဆောင်ပြီး မလိယန်၊ ခန်းပူ၊ အင်ဂန်း စတဲ့ ကျေးရွာ  ခုက ဒေသခံ ၁၀ ယောက်ကျော်ပါဝင် လှုပ်ရှားခဲ့ကြောင်း သိရပြီး အဓိက “ရွှေမတူးရ ဆိုင်းဘုတ်နဲ့ သစ်ပင်တွေစည်းကမ်းမဲ့ မခုတ်ဖို့၊ ဒေသမြေယာကိုကာကွယ်ကြဖို့ နဲ့ သဘာ၀ပတ်ဝန်းကျင်းကို ထိန်းသိမ်းကာကွယ်ဖို့ “ စတဲ့ အချက်တွေပါဝင်တဲ့ ဆိုင်းဘုတ်တွေကို ကျေးရွာထဲရှိ ချောင်းနားတွေမှာ သာမက သစ်ပင်ကြီးတွေနဲ့ မြစ်ကမ်းဘေးတစ်လျှောက်မှာ လိုက်လံကပ်ခဲ့ကြောင်း သိရပါတယ်။

မြစ်ဆုံနားတစ်ဝိုက် အဲ့ဒီဒေသတစ်လျှောက် ရွှေတူးဖော်မှုယန္တရားတချို့ကို လတ်တလောယာယီရပ်နားတာတွေရှိပေမဲ့ ကျေးရွာဧရိယာထဲအသစ်ဝယ်ယူထားကြတဲ့ မြေကွက်တွေမှာ ဇန်နဝါရီလကုန် ဖေဖော်ဝါရီလောက်ကစပြီး စက်ယန္တရားနဲ့ ရွှေတူးဖော်လာမဲ့ စီမံကိန်းတွေရှိတာကို ကြိုတင်သိရှိထားတာကြောင့် ကြိုတင်ကာကွယ်နေရခြင်းဖြစ်တယ်လို့ လှုပ်ရှားမှုမှာပါဝင်သူ ခန်းပူဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ကျနော်တို့ရွာတွေက ဧရိယာမြစ်ကမ်းဘေးမှာ တည်ရှိတဲ့ရွာတွေဖြစ်တာကြောင့် မြစ်ကမ်းဘေး အနီးတဝိုက်ရှေ့နှစ်တွေက ရွှေတူးဖော်လိုက်တာတွေလည်း ကုန်သလောက်ရှိပြီ။  ရွှေတူးဖော်မှုကြောင့် ဒေသပတ်ဝန်းကျင်တော်တော်လည်း ပျက်စီးသွားပြီ။ အခုဒီနှစ်ဆန်းမှာ ကျနော်တို့ရွာဧရိယာထဲ ယန္တရားကြီးနဲ့ ရွှေတူးဖို့ ပြင်ဆင်နေတဲ့ လုပ်ငန်းရှင်တွေရှိတယ်။ ဘယ်သူတွေ ဘယ်လုပ်ငန်းရှင်တွေဆိုတာတော့ မပြောတော့ဘူး။ ဒီလိုကြိုသိထားတာကြောင့်လည်း အခုလို လုပ်ရတာဖြစ်တယ်။ လို့ သူကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး မြစ်ဆုံဒေသတစ်လျှောက် ရွှေတူးဖော်မှုအရှိမြှင့်တက်လာပြီး သဘာ၀ပတ်ကျင်ထိခိုက်ပျက်စီးမှုလည်း စိုးရွားစွာဖြစ်ပွားခဲ့ပြီဖြစ်သလို ဒီနှစ်ကစပြီးလည်း ကျေးရွာဧရိယာထဲထိ ရွှေတူးဖော်မှုစီမံကိန်းတွေ ထပ်မံဝင်ရောက်လာမှာ ဒေသခံတွေ စိုးရိမ်နေကြတာလည်းဖြစ်တယ်လို့ ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button