တိုက်ပွဲသတင်း

နန့်မွန်းမှာ တပ်သားသစ်စုဆောင်းနေတဲ့ ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရ

အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့တစ်ဖွဲ့က တပ်သားသစ်စုဆောင်းရေး လုပ်နေတဲ့ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့က နန့်မွန်းမြို့ထဲကို ငမျိုးဆိုတဲ့ အမျိုးသားတစ်ယောက်ဦးဆောင်မှုနဲ့ ဒေသခံ ရှမ်းနီလူငယ်တွေ ကို ‘ရှမ်းနီပြည်နယ်ရရှိရေးအတွက် ပြည်သူ့စစ်လုပ်ရမယ်’ ဆိုပြီး နန့်မွန် ရပ်ကွက် (၂) မှာရှိတဲ့ ဓမ္မာရုံမှာ တပ်သားသစ်စုဆောင်းရေး လုပ်နေချိန် ဇန်နဝါရီလ ၂၃ ရက် ည ၉ နာရီလောက်မှာ ဒရုန်းနဲ့ ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခံလိုက်ရတယ်လို့ နန့်မွန်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကို ပြောပါတယ်။

“သူတို့က ဒီရက်ပိုင်းအတွင်းမှာပဲ အခုလို ပြည်သူ့စစ်တပ်သားစုဆောင်းတာတွေ၊ စည်းရုံးရေးလိုက်လုပ်နေကြတာ ဖြစ်တယ်။ မနေ့ညမှာဆို နန့်မွန်းဓမ္မာရုံမှာ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေက အစည်းအဝေးခေါ်လုပ်နေလို့ KIA က ဒရုန်းနဲ့ အရင်သွားပစ်လိုက်တာ။ အဲ့ထဲမှာသေဆုံးမှုရှိတယ်လို့လည်း ကြားတယ်” လို့ ပြောပါတယ်။

ဓမ္မာရုံ ဒရုန်းနဲ့ တိုက်ခိုက်ခံမှုမှာ ၄ ယောက်ထက်မနည်း သေဆုံးမှုရှိခဲ့တယ်လို့ KIA နီးစပ်သူ နန့်မွန်း ဒေသခံ တစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ ဓမ္မာရုံအနီးတဝိုက်မှာ ယခင်ကတည်းက နန့်မွန်းမှာတပ်စွဲနေထိုင်တဲ့ ရှမ်းနီ ဌာနေ ပြည်သူ့စစ်အဖွဲ့ရှိနေပြီး အဲဒီတပ်ကိုလည်း KIA က တိုက်ခိုက်ခဲ့တယ်လို့ နန့်မွန်းဒေသခံက ဆိုပါတယ်။

ဒါကြောင့် မနေ့ ည ၉ နာရီလောက်ကနေ ဒီကနေ့ မနက်ပိုင်း ၁ နာရီဝန်းကျင်လောက်အထိ ပြည်သူ့စစ်တပ် စခန်း အနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

နန့်မွန်မြို့အတွင်းမှာ ပြည်သူ့စစ်တပ်ဖွဲ့ နဲ့ KIA တို့ တိုက်ပွဲပြင်းထန်လာတဲ့အတွက် ဒေသခံထက်ဝက်ခန့်က ဟိုပင်၊ လုံးတုံနဲ့ မိုင်းနောင် နေရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ နောက်ထပ် နန့်မွန် ဒေသခံတစ်ယောက်က အခုလို ပြောပါတယ်။

“မနေ့ည ကနေ တိုက်ပွဲတွေဖြစ်လို့ ဒေသခံပြည်သူတွေက ထွက်ပြေးတိမ်းရှောင်နေကြပြီ။ ကချင်ရပ်ကွက်ပိုင်းဆို အကုန်လုံး ရှောင်သွားကြပြီ။ ရှမ်း၊ ဗမာတစ်ချို့တွေလည်း ပါတယ်။ ဆိုင်ကယ်နဲ့ ထွက်တဲ့သူတွေ ထွက်၊ ကားနဲ့ ထွက်တဲ့သူတွေ ထွက် နောင်မွန်မြို့တစ်ခုလုံးက တိတ်ဆိတ်သွားပြီ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီပြည်သူ့စစ်အဖွဲ့ဟာ နောင်မွန်မြို့ထဲမှာရှိတဲ့ ကချင်လူမျိုးတွေကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေရှိနေတဲ့အတွက် ကချင်ရပ်ကွက်မှာ နေထိုင်ကြတဲ့ဒေသခံ အများဆုံး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ရက်ပိုင်းအတွင်း နန့်မွန်မြို့ထဲကို ဝင်ရောက်လာတဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်ကြောင်း ပြောဆိုကာ စည်းရုံးရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button