သတင်း

အင်းတော်နယ်မှာ အရပ်သား ၆ ဦးအထိဖမ်းဆီးခံထားရ

စစ်တပ်က ဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံရသူ အရပ်သားပြည်သူ ၆ ဦးအထိရှိလာတယ်လို့ ဒေသခံတွေကပြောပါတယ်။

အင်းတော်မြို့နယ် တောင်ဘက်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ မိုးယို၊ နားခါ၊ နန့်ကင်၊ နတ်မဟုတ်ကြီးနဲ့ ကျော်ရွာစတဲ့ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၃ ရက်နေ့ကနေ ဒီကနေ့အထိ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေတာဖြစ်ပြီး စစ်ကြောင်းနဲ့ တိုးမိတဲ့ အရပ်သားတွေကိုလည်းဖမ်းဆီးသွားတယ်လို့ အင်းတော်မြို့နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

ဖမ်းခံရတာဒီရက်ပိုင်းထဲကို ၆ယောက်ရှိသွားပြီ ၄ယောက်ကတော့ နားခါရွာထဲက ၂ယောက် နတ်မဟုတ်ကြီးထဲက ၂ယောက်ပေါ့အဲ့လေးယောက်က ရွာထဲစစ်ကြောင်းဝင်တဲ့ခါစစ်ကြောင်းနဲ့တိုးလို့ဖမ်းခံရတာ ကျန်တဲ့နှစ်ယောက်ကတော့ အင်းတော်မြို့ထဲမှာဖမ်းခံရတာအားလုံးဆို ၆ ယောက်ပေါ့လို့ သူကပြောပါတယ်။

အဲ့ဒီဖမ်းဆီးခံရတဲ့ အရပ်သားတွေဟာ မနေ့က နတ်မဟုတ်ကြီးကျေးရွာထဲမှာဖမ်းဆီးခံရတဲ့ အမျိုးသား ၂ဦး၊ ၁၅ ရက်နေ့က ခါးနာရွာထဲမှာ ဖမ်းခံရတဲ့ အမျိုးသား ၂ဦး နဲ့ ၁၃ရက်နေ့က အင်းတော်မြို့တွင်းရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့မှာဖမ်းခံရတဲ့အမျိုးသား ၂ဦးတို့ဖြစ်တယ်လို့သိရပါတယ်။

ဖမ်းခံရတဲ့လူတွေကိုသူတို့က မျက်နှာမှာ အိတ်အမဲတွေနဲ့စွပ်ပြီးဖမ်းသွားတာ ဘယ်သူ ဘယ်ဝါတွေဆိုတာမသိရဘူး အသက် ၂၀ ကျော်တွေလည်းပါတယ် အခု စစ်တပ်ကုန်းက စစ်ကြောရေးမှာတဲ့လို့ အထက်မှာဖော်ပြခဲ့တဲ့အင်းတော်မြို့အမျိုးသားကပြောပါတယ်။

လက်ရှိအင်းတော်နယ်တောင်ပိုင်းမှာလှုပ်ရှားနေတဲ့အဲ့ဒီစစ်ကြောင်းဟာအင်းအား ၆၀ လောက်ရှိပြီး တပ်မ ၇၇ နှင့် တပ်မ ၈၈ ပူးပေါင်းထားတဲ့စစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်။

စစ်ကြောင်းကအဝေးကြီးကိုတော့မသွားဘူး အင်းတော်ပတ်လည် ၂မိုင် အကွာမှာပဲလှည့်နေတာ အဝေးကြီးလည်းမထွက်ရဲကြဘူးနဲ့တူတယ်ဒီနား ဒီနားပဲပတ်နေတာ သူတို့တွေရွာတွေထဲဝင်တော့ အနီးနားရွာတွေကစအားလုံးက တိမ်းနေရှောင်နေကြရတာရွာထဲနေလို့မရဘူးလို့ စစ်ဘေးရှောင်နေတဲ့အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အင်းတော်မြို့နယ်ထဲက ကျေးရွာတွေဘက်ကို ၂၀၂၃ ခုနှစ် မေလနောက်ပိုင်းကစပြီး စစ်ကြောင်းထိုးတာတွေ ခပ်ကျဲကျဲဖြစ်လာပြီးနောက် ယခုတစ်ကြိမ်ပြန်ပြီး ခပ်စိတ်စိတ်စစ်ကြောင်းပြန်ထိုးနေတာ ဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button