လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

NLD လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းနေအိမ်မီးရှို့ခံရ

ဗန်းမော်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီပြည်နယ်လွှတ်တော်အမတ် ဦးဇော်သင်းရဲ့နေအိမ် မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ၂၄ ရက်နေ့ ဒီကနေ့ မနက် ၁ နာရီလောက်မှာလူတစ်စုကနေပြီး ဓာတ်ဆီလောင်း မီးရှို့သွားတာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

အိမ်သာကနေ ဓာတ်ဆီလောင်းပြီး မီးရှို့သွားတာပေါ့နော် မနက် ၂ နာရီခွဲလောက်မှာတော့ မီးသတ်ကား ၃ စီးရောက်လာတယ်။ အိမ်တွေက ပြာဖြစ်နေပြီလို့ပြောပါတယ်။

မီးရှို့ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းရဲ့ နေအိမ်ဟာ ဗန်းမော်မြို့ နောင်ခိုရပ်ကွက် ရွှေကျီးနားဘုရားသွားတဲ့လမ်းမှာတည်ရှိတာဖြစ်ပြီးတော့ စစ်တပ် စကခ ၂၁ နဲ့ လည်းနီးတယ်လို့ ဆိုပါတယ်။

အဲဒီ နေအိမ်ကို ၂၀၂၂ ခုနှစ် မေလ ၂၄ ရက်နေ့ မှာ စစ်ကောင်စီတပ်က လာရောက်ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။

ဦးဇော်သင်းဟာ ၂၀၁၅ ခုနှစ် ဗန်းမော်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော်‌နေရာကနေကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာလည်းထပ်ပြီး အနိုင်ရရှိထားသူဖြစ်ပါတယ်။

ဗန်းမော်မှာ ခုလို ချိတ်ပိတ်ခံထားရတဲ့နေအိမ် မီးရှို့ခံရတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး မည်သူမည်ဝါလာရောက်မီးရှို့သွားလဲဆိုတာ တိတိကျကျမသိရသလို ချိတ်ပိတ်ထားတဲ့ နောက်ထပ်နေအိမ်တွေလည်း အလားတူဖြစ်လာမှာစိုးရိမ်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းသိမ်းလိုက်တဲ့ စစ်ကောင်စီတပ်တွေဟာ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့နေအိမ်တွေအပါအဝင် စစ်အာဏာရှင်ကို နည်းအမျိုးမျိုးဆန့်ကျင်ကြတဲ့ ပြည်သူတွေရဲ့ နေအိမ်ကို ချိတ်ပိတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေဆဲလည်းဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button