သတင်း

မော်လူးမြို့မစျေး မီးလောင်မှု ဆိုင်ခန်းပေါင်း ၈၀ ကျော်ပျက်စီးဆုံးရှုံးမှုရှိခဲ့

NUG အစိုးရက ရက်ပေါင်း ၂၀ အတွင်း ပြန်လည်ဆောက်လုပ်ပေးမည်

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့က မြို့မစျေးတန်းမီးလောင်မှုမှာ ဆိုင်ခန်းပေါင်း ၈၀ ကျော်အထိမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထိန်း ချုပ်ထားတဲ့ မော်လူးမြို့ထဲက မြို့မစျေးတန်းဟာ မနေ့က ဇန်နဝါရီ ၂၃ရက်နေ့ မွန်းလွဲ ၄ နာရီ ၁၅ မိနစ်အချိန်မှာ ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုထဲမှာ ဆိုင်ခန်းပေါင်း ၈၀ ကျော်အထိပျက်ဆီးသွားတယ်လို့ မော်လူမြို့ခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

ကျွန်တော်တို့စစ်ဆေးတွေ့ရှိချက်အရတော့ ပေါ့ဆမီးကြောင့်လို့ထင်တယ်ဗျ။ စျေးထဲမှာ ထမင်းဟင်းချက်စားပြီးမှ ပလပ်ပေါက်မဖြုတ်မိပဲ ဝါယာလျော့ဖြစ်ပြီး အပူလွန်ကဲလို့မီးလောင်တာပါ။လောလောဆယ်မီးသတ်ကားကလည်းတစ်စီးထဲဆိုတော့ မလုံလောက်တာနဲ့မီးကအလယ်ကနေလောင်သွားတယ်လို့ အထက်ပါအမျိုးသားကပြောပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တာဟာ  ငါးတွေရောင်းတဲ့ ငါးတန်းကနေ စတင် မီးလောင်ကျွမ်းခဲ့တာလို့သိရပြီး အဲ့ဒီမီးလောင်မှုကြောင့် မော်လူးမြို့မစျေးမှာရှိတဲ့ ဆိုင်ခန်းပေါင်း ၁၀၀ ထဲက ၈၀ ကျော်မီးလောင်ပျက်ဆီးသွားတယ်လို့သိရပါတယ်။

မော်လူးမြို့မစျေးထဲမှာ ဆိုင်ခန်းနဲ့ ရောင်းတဲ့စျေးသည်တွေနဲ့ ပျံ့ကျစျေးသည်တွေအပါစုစုပေါင်းစျေးသည် ၁၄၀ ကျော်ရှိတာဖြစ်ပြီး လက်ရှိ ပျံ့ကျစျေးသည်တွေနဲ့ ကုန်စိမ်းသည်၊ ကုန်ခြောက်စတဲ့စျေးသည်တွေကိုတော့ အပြင်မှာ ယာယီစျေးသတ်မှတ်ပေးထားတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့မော်လူးမြို့နေအမျိုးသားကဆက်ပြောပါတယ်။

လောလောဆယ်ပျံ့ကျစျေးသည်တွေနဲ့သေးသေးမွှားမွှားလေးတွေရောင်းတဲ့စျေးသည်တွေအတွက်တော့ အခုလောင်သွားတဲ့စျေးတန်းရှေ့ကားလမ်းဘေးမှာ တစ်ဦးကိုငါးပေနှနှုန်းသတ်မှတ်ပေးထားတယ်အဲ့ ဆိုင်ခန်းကြီးကြီးမားမားတွေအတွက်တော့စောင့်ရအုံးမယ်လို့ အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။

မီးလောင်ပျက်စီးသွားတဲ့စျေးဆိုင်ခန်းတွေအတွက် အစားထိုးဆိုင်ခန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတာဝန်ယူတည်ဆောက်ပေးသွားမှာဖြစ်ပြီး ရက်ပေါင်း ၂၀ အတွင်းအပြီးအစီးတည်ဆောက်ပေးသွားဖို့ရှိကြောင်းသိရပါတယ်။

မော်လူးမြို့မှာရှိတဲ့ စစ်ကောင်စီရဲစခန်းကို KIAPDF ပူးပေါင်းတပ်တွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ရက်နေ့ မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြို့ကို NUG အစိုးရကထိန်းချုပ်ထားတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button