တိုက်ပွဲသတင်း

နမ့်ဖတ်ကာ ဒေသခံများအနေနဲ့ ခွင့်ပြုချက်ရမှသာ နေရပ်ပြန်လာဖို့  KIA ပြောဆို

နမ့်ဖတ်ကာ တိုက်ပွဲမှာ နေအိမ် ၁၀၀ ကျော်ပျက်စီးမှုရှိခဲ့

ရှမ်းမြောက် နမ်ဖတ်ကာမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်ဖို့လိုအပ်သေးတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ခွင့်ပြုချက်ရမှသာ ဒေသခံစစ်ရှောင်ပြည်သူတွေ နေအိမ်ပြန်လာကြဖို့ KIA ဘက်ကပြောဆိုထားတယ်လို့ဒေသခံတွေပြောပါတယ်။

KIA  တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့ နမ့်ဖတ်ကာမှာ စစ်တပ်ဘက်ကတိုက်ပွဲမဖြစ်ခင်ကတည်းက တပ်စခန်းပတ်ပတ်လည်နဲ့နေရာတော်တော်များများမှာ မိုင်းထောင်ထားတာတွေရှိတာကြောင့် KIA ဘက်က ရွာသားတွေကို အဝင်အထွက်ခွင့်မပြုသေးတာဖြစ်တယ်လို့ သိရပါတယ်။

ဘေးပတ်ဝန်းကျင် မိုင်းထောင်ထားတာတွေ အများကြီးရှိသေးတယ်။ KIA ဘက်က အဲ့ဒါတွေကို ရှင်းလင်းရေးပြုလုပ်ရအုံးမယ်လို့ပြောတယ်။ ပြီးတော့ ရွာသားတွေကိုလည်း လုံး၀အဝင်အထွက်ခွင့်မပြုသေးကြောင်းပြောတယ်။ ဒါကြောင့် ရွာသားတွေလည်း KIA ဘက်က ဝင်လာတော့ ဝင်လာလို့ရပြီဆိုမှ ဝင်လာကြရအောင်လို့ ပြောချင်တယ်။ အိမ်တွေ အများကြီး ပျက်စီးသွားတော့ KIA ဘက်က အဲ့လိုအပျက်အစီးတွေကို ရှင်းလင်းရေးလုပ်ဆောင်အုံးမယ်ပေါ့။ သူတို့ ခွင့်ပြုမှ ဝင်လာကြဖို့ ရွာသားတွေကို အကြောင်းကြားထားခိုင်းတာဖြစ်တယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကမှ နမ့်ဖတ်ကာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၉ရက်နေ့ကစပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ တစ်လနီပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ (၂၄ရက်နေ့မနက်မှာတော့ အပြီးစီးသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ 

နမ်ဖတ်ကာ .. (၁၂၃စစ်တပ်ကို လက်မလွတ်ရေးအတွက် စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ အပြင်းအထန်ခုခံခဲ့ပေမဲ့ တပ်ရင်းမှူးနဲ့ကျန်ရှိတဲ့တပ်သားတစ်ချို့တပ်ဆုတ်ခွာထွက်ပြေးသွားတာကြောင့် အပြီးဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေပြောပါတယ်။

နမ့်ဖတ်ကာစခန်းသိမ်းတိုက်ပွဲဟာ KIA အတွက် အကျိုးမြတ်ကြီးတစ်ခုဖြစ်သလို ရှမ်းမြောက် ကွတ်ခိုင်အထက်ဘက်အချက်အချာကြတဲ့ နေရာတစ်ခုကို KIA ဘက်က ရရှိလိုက်ခြင်းဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။

ဒီရှမ်းမြောက်အထက်ဘက် မြို့အဆင့်ရှိ ရွာကြီးကို KIA ဘက်က ပထမဆုံးသိမ်းပိုက်ခြင်းတယ်။ ဒီနေရာဟာ အားလုံးအတွက် အရမ်းအရေးကြီးတဲ့နေရာတစ်ခုဖြစ်တာကြောင့် KIA အတွက် အကျိုးမြတ်ကြီးတစ်ခုဖြစ်တယ်။ တရုတ်နယ်စပ် မူဆယ် – ၁၀၅ မိုင် – နမ့်ခမ်း အားလုံးက နမ့်ဖတ်ကာမှာ လာဆုံတယ်။ ဆိုတော့ တရုတ်နယ်စပ်က ဖြတ်လာသမျှအားလုံး နမ့်ဖတ်ကာမှာ လာဆုံတာဖြစ်တာကြောင့် အဝင်အထွက် အားလုံးအတွက် အလွန်အရေးပါတဲ့နေရာကို KIA သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ မြင်ပါတယ်ဟုနမ့်ဖတ်ကာဒေသခံက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့သလို  KIA ဘက်ကလည်း ထိခိုက် သေဆုံးမှုများတယ်လို့ ဒေသခံတွေပြောပါတယ်။ 

ဒါ့အပြင် နမ်ဖတ်ကာတိုက်ပွဲအတွင်း နေအိမ် ၁၀၀ ကျော်ပျက်စီးခဲ့ပြီး ပြည်သူတွေ ထိခိုက်မှုနဲ့ အရပ်သားထိခိုက်သေဆုံးမှုစုစုပေါင်း ၃၀ ခန့်ရှိတယ်လို့ သိရတယ်။ 

အခုချိန် နမ်ဖတ်ကာ ဒေသခံပြည်သူတွေက တောတောင်တွေထဲ၊ နီးစပ်ရာကျေးရွာတွေမှာ ဆက်လက်ရှောင်တိမ်းနေရဆဲဖြစ်ပြီး နမ်ဖတ်ကာတိုက်ပွဲပြီးစီးပြီ ဖြစ်ပေမယ့် စိတ်ချရတဲ့အခြေအနေတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

နမ့်ဖတ်ကာဒေသကို ထိန်းချူပ်ဖို့အတွက် ဒေသခံပြည်သူတွေနဲ့ KIA ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားပြီး အုပ်ချူပ်ရေးယန္တရားလည်ပတ်သွားဖို့ စီစဉ်နေဆဲဖြစ်သလို KIA ခွင့်ပြုမှသာ ဒေသခံပြည်သူတွေလည်း နေရပ်ပြန်လို့ရမဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button