လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

အရပ်သားပြည်သူ ၉ ဦး သတ်ဖြတ်ခံရတဲ့အမှု တစ်နှစ်ပြည့်သွားတဲ့အထိ တရားမျှမှုမရရှိသေး

သတ်ဖြတ်ခံရတဲ့ တစ်နှစ်ပြည့် ဆုတောင်းပွဲပြုလုပ်

ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာမှာ အရပ်သားပြည်သူ ၉ ယောက် မတရားသတ်ဖြတ်ခံခဲ့ရတဲ့အမှု တစ်နှစ်ပြည့်သွားပြီဖြစ်ပေမယ့် အမှုမှန်ပေါ်ပေါက်မှုမရှိသေးတဲ့အပြင် စစ်ဆေးမှုကို ရပ်ဆိုင်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။

အရပ်သား ၉ ယောက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့အတွက် အဓိကတာဝန်ရှိတဲ့ KIO/KIA အနေနဲ့ KIO လိုင်ဇာဌာနချုပ်မှာ တရားရုံးဖွင့်လှစ်ပြီး အမှုစစ်ဆေးတာတွေ စတင်လုပ်ဆောင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ် ဇွန်လိုင်လလောက်မှာ ပြန်လည်ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

လဝါးကျေးရွာမှာ အရပ်သား ပြည်သူ ၉ ယောက် သတ်ဖြတ်ခံရတဲ့ အမှုဟာ ဒီလ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ တစ်နှစ်ပြည့်သွားပြီဖြစ်ပါတယ်။

ဒါပေမယ့် တစ်နှစ်ပြည့်သွားတဲ့အထိ KIO/KIA အနေနဲ့ အမှုမှန်ပေါ်ပေါက်အောင် လုပ်ဆောင်ပေးတာမရှိသေးသလို သတ်ဖြတ်ခံရတဲ့ မိသားစုတွေကိုလည်း တာဝန်ယူတစ်စုံတစ်ရာမရှိသေးဘူးလို့ အမှုမှန်ပေါ်ပေါက်လာအောင် ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူ တစ်ယောက်က KNG ကိုပြောပါတယ်။

ဒီအချိန်အထိ KIO/KIA ဘက်နေ တာဝန်ယူပေးတာဘာတစ်ခုမှမရှိသေးဘူး။ အဓိက သတ်ဖြတ်ခံရတဲ့ မိသားစုတွေ ကိုလည်း KIA ဘက်ကနေ တစ်စုံတစ်ရာ လာရောက်ပြောဆို မေတ္တာရပ်ခံတာလည်း သတ်ဖြတ်ခံရတဲ့ နေ့ကစပြီး ဒီကနေ့အထိ တစ်ခါမှမရှိသေးဘူး။ ကျနော်တို့က ဒီအမှုကို အမြန်ပြီးချင်ပြီလို့ပြောပါတယ်။

၂၀၂၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူ ၉ ယောက်ရဲ့ တစ်နှစ်ပြည့် ဆုတောင်းပွဲပြုလုပ်ခဲ့

KIO/KIA ဘက်ကနေ ပြီးခဲ့တဲ့ နှစ်မှာ တရားရုံးဖွင့်ပြီး အမှုစစ်ဆေးနေတဲ့ အချိန် KIO ဌာနချုပ် လိုင်ဇာဒေသအနီးတဝိုက် တိုက်ပွဲဒေသဖြစ်ပွားလာတာကြောင့် အမှုကို ဆက်လက်မစစ်ဆေးဘဲ ရပ်ဆိုင်းပြီး ပြန်လည်အကြောင်းကြား ပြောဆိုလာမယ်လို့ KIO ဘက်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ‌ပေမယ့် တစ်နှစ်ပြည့်သွားတဲ့အထိ ပြန်လည်အကြောင်းလာတာမရှိပဲ အမှုကြန့်ကြာနေဆဲဖြစ်ပြီးတော့ ခုလိုအမှုကြန့်ကြာနေတာဟာ KIA ဘက်ကနေ မလိုအပ်ဘဲ တရားရုံးတွေဖွင့်ပြီး လုပ်ဆောင်နေတာကြောင့်ဖြစ်တယ်လို့ သူကဆက်ဆိုပါတယ်။

အမှန်တော့ ဒီအမှုက ပြီးသင်နေတာကြာပြီး အခုကဘယ်လိုဖြစ်နေလဲဆိုတော့ အချိန်ကို မကြာကြာအောင် ဆွဲဆန့်နေတယ်လို့ မြင်တယ်။ တကယ်ပဲ နိုင်ငံရေးကြောင့်လဲပါမှာပေါ့။ ဒါပေမယ့် ကျနော်တို့ဖြစ်ချင်တာက သီသန့် တရားရုံးဖွင့်ပြီး လုပ်နေစရာမလိုတော့ဘူး။ ဘာလို့ဆိုတော့ ကျူးလွန်တဲ့ သူတွေက KIA တွေပဲ လုပ်တာဖြစ်တယ်။ ဘယ်သူလုပ်တယ် တစ်ခါတည်း စစ်ဆေးဖြေရှင်လိုက်ရင် ပြီးသွားမယ့် ကစ္စ။ အခုလို ပိုပြီးကြာနေတာလို့ပြောပါတယ်။

အရပ်သား ပြည်သူ ၉ ယောက် သတ်ဖြတ်ခံရတဲ့ တစ်နှစ်ပြည့် ဆုတောင်းပွဲအခမ်းအနား တက်ရောက်ခဲ့ပြည်သူလူထုများ

အရပ်သား ပြည်သူ ၉ ဦး သတ်ဖြတ်ခံရတဲ့ တစ်နှစ်ပြည့်သွားတဲ့အထိ KIO/KIA ဘက်ကနေ သတ်ဖြတ်ထားတဲ့ အရုပ်အလောင်းကို သွားရောက်ထုတ်ယူပေးမှုနဲ့ KIO ဗဟိုဌာနမှာ တရားရုံးဖွင့်ပြီး တရားလိုဘက်က စတင်စစ်ဆေးတဲ့ အဆင့်အထိသာလုပ်ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။

အခုလို တစ်နှစ်ပြည့်သွားတဲ့အထိ အမှုကို အမြန်ပြီးပြတ်သွားတဲ့အထိ လုပ်ဆောင်ပေးနိုင်ခြင်းမရှိတဲ့ အပေါ်မှာ အလွန်စိတ်မကောင်းဖြစ်ရတယ်လို့ သတ်ဖြတ်ခံရတဲ့ ၉ ယောက်ထဲက ဦးလော်ဒေးယောဟန် ရဲ့ ဇနီးဖြစ်သူက အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

တစ်နှစ်ပြည့်သွားတဲ့ အထိ ဘာမပြစ်မှမရှိတဲ့ သူတွေကို သတ်ဖြတ်လိုက်ပြီးတော့ ဘာတစ်ခုမှ လုပ်ဆောင်ပေးတာမရှိသေးတာကို အံ့ဩလို့မဆို ဖြစ်နေပါတယ်။ ဘာဖြစ်လို့အခုချိန်အထိ အဖြေမပေးနိုင်တာလဲ။ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေကိုလည်း အလေးအနက်မထား လုပ်တယ်လို့ပဲမြင်ပါတယ်။ တကယ်လိုအပ်နေတာက တရားမျှတမှုပါပဲ အမြန်လဲပြီးဆုံးချင်ပြီလို့ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီးတော့ အမြန်ဆုံးအမှုမှန်ပေါ်ပေါက်ဖို့အတွက်လည်း ပြည်သူလူထုတွေအနေနဲ့လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့လည်း မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာလည်း အရပ်သားပြည်သူ ၉ ယောက်သတ်ဖြတ်ခံရတဲ့ တစ်နှစ်ပြည့် ခွန်အားယူ ဆုတောင်းပွဲအခမ်းအနားကို နမ္မတီးမြို့ လမ်းခွကျေးရွာမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အရပ်သားပြည်သူ ၉ ယောက် သတ်ဖြတ်ခံလိုက်ရတဲ့ အမှုဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ သတ်ဖြတ်ခံရတဲ့ ၉ ယောက်ဟာ လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာမှာရှိတဲ့ စိုက်ခင်းတစ်ခုမှာ ရှိနေကြတဲ့ အချိန် ည ၈ နာရီလောက်မှာ KIA နဲ့ PDF တပ်ဖွဲ့တွေက ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်တာဖြစ်ပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ သူတွေကတော့ ၄၇ နှစ် ဦးလော်ဒေးယောဟန်၊ အသက် ၄၉ နှစ် ဦးကျော်စိုး၊ အသက် ၅၆ နှစ် ဦးလဇွပ်တူးလွမ့်၊ အသက် ၃၅ နှစ် လဇွမ်ထွယ့်ရှောင်၊ အသက် ၂၈ နှစ် ဖော်မာခေါန်ဘူ၊ အသက် ၂၈ နှစ် အင်ဒေါင်ထုနန်၊ အသက် ၂၇ နှစ် ထွန်းယုံ၊ အသက် ၅၀ နှစ်အရွယ် မြင့်ထွေးနဲ့ ဖိုးလေးတို့ဖြစ်ကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button