သတင်းအင်တာဗျူး

၂၀၂၄ ခုနှစ် ကချင်ဒေသမှာ စစ်ရေး နိုင်ငံရေး ဘယ်လိုပြောင်းလဲ လာနိုင်မလဲ

ကချင်နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးနဲ့ တွေ့ဆုံမေးမြန်းခြင်း

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ခဲ့သည့် ၁၀ ၂၇ စစ်ဆင်ရေးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရှမ်း၊ ကချင်၊ စစ်ကိုင်း စသည့်နေရာများမှ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များသည် စစ်ကောင်စီတပ်ရဲ့ တပ်စခန်းများ နှင့် ဗျူဟာမြောက်နေရာတွေကို စခန်းသိမ်းတိုက်ပွဲအဖြစ် တိုက်ပွဲများ ဖော်ဆောင်လျက် ရှိနေသည်။

ယခုရက်ပိုင်းအတွင်းမှာပင် ကချင်နှင့် ရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကနေ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဇန်နဝါရီလအတွင်းမှာပင် စစ်ကောင်စီတပ်စခန်း ၆ ခု ထက်မနည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိတွင်လည်း ကချင်ပြည်နယ်အတွင်း ဖားကန့်၊ ဝိုင်းမော်၊ မိုးညှင်းနှင့် ဗန်းမော် စသည့် ဒေသများတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား စစ်ရေးတင်းမာမှုနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး အဆိုပါဒေသများရှိ ဒေသခံပြည်သူများသည်လည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရသည်။

အခုလို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် နေရာဒေသအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် ၂၀၂၄ ခုနှစ် အတွင်း ကချင်ပြည်နယ်၏ နိုင်ငံရေးအခြေအနေမှာလည်း အဆိုးဆုံးဖြစ်လာမယ်လို့ သုံးသပ်ပြောဆိုနေကြသလို မြို့သိမ်း တိုက်ပွဲများအထိ ဖြစ်လာနိုင်တယ်လို့ ဒေသခံပြည်သူတွေက သုံးသပ်ပြောဆိုနေကြသည်။

ယခု ၂၀၂၄ ခုနှစ်ထဲ ကချင်ပြည်နယ်ရဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေက ဘယ်လောက်ထိ ဖြစ်လာနိုင်လဲ။ တကယ်ပဲ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်မလား။ ကချင်ပြည်နယ်မှ ကချင်နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ကချင်အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိမှာ ကချင်ဒေသတစ်ခုလုံး တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားနေတာတွေ့ရပါတယ်။ ဘယ်လောက် အခြေအနေထိ ဖြစ်လာနိုင်ချေရှိပါလဲ။

ဖြေ။ ။ ဘယ်လောက်ဖြစ်လာနိုင်မလဲဆိုတော့ အခုဖြစ်နေတဲ့တိုက်ပွဲတွေက စစ်ကောင်စီတပ်ဘက်ကနေ တိုက်ခိုက်နေတာမျိုးတော့ မဟုတ်ဘူး။ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်တဲ့အတွက် သူတို့တိုက်ခိုက်တဲ့နေရာမှာက ပိုပြီးပြင်းထန်လာမယ်လို့ထင်တယ်။ ဒါ့ကြောင့် ကချင်ဒေသတစ်ခုတည်း မဟုတ်ပါဘူး။ တခြား တိုင်းနဲ့ ဒေသတွေမှာလည်း ပြင်းထန်လာဖို့ပဲ တွေ့ရပါတယ်။

မေး။ ။ ဒီ ၂၀၂၄ မှာက မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာမယ်ဆိုပြီးတော့လည်း ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။ တကယ်ပဲ ဖြစ်လာဖို့ရှိလား။ တကယ်လို့ ဖြစ်လာရင်ရော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မလား။

ဖြေ။ ။ ဒီဟာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အာဆီယံတွေလည်း ဒီဟာနဲ့ပတ်သက်ပြီး ကြိုးစား လုပ်ဆောင်နေတာ တွေ့ရတယ်။ ပြီးရင် တရုတ်ကလည်း ဘယ်လောက်ထိ ကြားဝင်နေပေးမလဲ။ ဒါတွေနဲ့လည်း သက်ဆိုင်မယ်လို့ ထင်ပါတယ်။ နောက်တခုအရေးကြီးတာက စစ်တပ်ကလည်း ဘယ်လောက်ထိ လုပ်ပေးနိုင်မလဲ။ NUG ဘက်ကလည်း အရင်ကတည်းက ငြိမ်းချမ်းရေးပြောဆိုဖို့ လမ်းဖွင့်ထားတယ်။ ဒါ့ကြောင့် စစ်တပ်ဘက်ကနေ နှိမ့်ချပြီး အရပ်သားအစိုးရကို လမ်းဖွင့်ပြောဆိုတာမျိုး ရှိလာရင်တော့ ငြိမ်းချမ်းရေးဆွေးနွေး ပြောဆိုတာမျိုး ဖြစ်လာနိုင်ပါတယ်။

မေး။ ။ အဲ့လိုမျိုး ဆွေးနွေးပြောဆိုတာမျိုး ရှိလာမယ်ဆိုရင်ရော ပြည်သူလူထုတွေရဲ့ တုန့်ပြန်မှုက ဘယ်လို ဖြစ်လာနိုင်ပါလဲ။

ဖြေ။ ။ ဘာပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးပြီဆိုကတည်းက ပြည်သူလူထုတွေက ဝေဖန်ပြောဆိုလာဖို့က ရှိလာမှာပဲ။ ဘာလို့လဲဆိုတော့ အရမ်းဆိုးသွမ်းတဲ့သူတွေနဲ့ တွေ့ဆုံတာဖြစ်တဲ့အတွက် ပြောဆိုကြမှာပဲ။ ဒါပေမယ့် ဒီလို တွေ့ဆုံမှုကလည်း အရေးကြီးတဲ့ အဖြေတစ်ခုက ရှိရမယ်လို့ ထင်တယ်။ ပြောရမယ်ဆိုရင် အားလုံးလက်ခံနိုင်တဲ့ အဖြေတစ်ခုပေါ့။ ဥပမာ – ပြောရမယ်ဆိုရင် အရပ်သားအစိုးရကို အာဏာပြန်အပ်တာတို့၊ စစ်တပ်က လက်နက်ကိုင်အဖွဲ့တွေ တောင်းဆိုနေတဲ့အရာတွေ တိကျတဲ့အဖြေတစ်ခုပေးရင်ပေါ့။

မေး။ ။ ဒီနိုင်ငံရေးအကျပ်အတည်းကာလမှာ KIA ရဲ့ လှုပ်ရှားမှုက ၁၀ ၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ တိုက်ပွဲတွေ ဖော်ဆောင်တာတို့ လုပ်ဆောင်လာတာတွေ့ရတယ်။ KIA အပေါ်မှာရော ဘယ်လိုသုံးသပ်မိပါလဲ။

ဖြေ။ ။ ၁၀ ၂၇ စစ်ဆင်ရေး မတိုင်ခင်အထိတော့ KIA က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပံ့ပိုးကူညီ ပေးနေတာဖြစ်တယ်။ အဓိကတော့ မကွေး၊ စစ်ကိုင်း၊ မန္တလေး ဒီလိုအရေးကြီးတဲ့နေရာတွေမှာ အင်အားဖြည့်တင်း ပေးတာဖြစ်တဲ့အတွက် ကချင်ပြည်နယ်မှာ တိုက်ပွဲဖော်ဆောင်လိုက်ရင်က အင်အားနည်းသွားတာတွေ ဖြစ်နိုင်ပါတယ်။ ပြီးရင် ၁၀ ၂၇ တိုက်ပွဲဖြစ်ပွားတဲ့ နောက်ပိုင်းမှာလည်း ရှမ်းမြောက်ဘက်မှာ ကချင်ဒေသတချို့ကို စွန့်လွတ်လိုက်ရတဲ့ အခြေအနေတွေလည်း ဖြစ်လာတယ်။ ဒါ့ကြောင့် KIA ဘက်ကလည်း အဲဒီဘက်ကို ပြန်ပြီးအင်အားဖြည့် လုပ်ဆောင်လာတယ်လို့ မြင်တယ်။ အခုကတော့ မိုးမိတ်၊ မဘိမ်း ၊ မန်ဝန်းကြီး ဒီနေရာတွေမှာ သိသိသာသာ လုပ်ဆောင်လာတယ်လို့ မြင်ပါတယ်။ ဒါ့ကြောင့် တဆက်ပြီးတဆက် ဖြစ်လာမယ်လို့ ထင်ပါတယ်။

မေး။ ။ အဲ့လိုဆိုရင် ကချင်ပြည်နယ်ရဲ့နိုင်ငံရေးအခြေအနေက ဘယ်လောက်ထိ ဖြစ်လာနိုင်ပါလဲ။ ဒေသခံပြည်သူလူထုတွေရော ဘယ်လောက်ထိ ပြင်ဆင်ထားဖို့လိုအပ်လဲ။

ဖြေ။ ။ ကချင်ပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေကို သုံးသပ်ကြည့်မယ်ဆိုရင်တော့ တခြားပြည်နယ်တွေလို ပြင်းထန်တဲ့ မြို့သိမ်းတိုက်ပွဲတွေက ဖြစ်လာဖို့က မရှိနိုင်သေးဘူးလို့ ထင်ပါတယ်။ တိုက်ပွဲဖြစ်မယ့်နေရာတွေက မြို့နဲ့ဝေးတဲ့ ကျေးလက်ဒေသတွေမှာက ဖြစ်ဖို့ကများပါတယ်။ ပြောချင်တာက စစ်တပ်စခန်းရှိတဲ့နေရာတွေ ဒီလိုစခန်းတွေကတော့ သိမ်းပိုက်တိုက်ပွဲတွေက ဖြစ်နိုင်ပါတယ်။ မြစ်ကြီးနာ၊ ဗန်းမော် ဒီလို မြို့တွင်း နေရာတွေမှာက ဝင်ရောက်တိုက်ခိုက်တာမျိုးတော့ အရိပ်အယောင် မတွေ့ရသေးဘူး။

မေး။ ။ တကယ်လို့ မြို့နေရာတွေမှာ ဖြစ်လာမယ်ဆိုရင်ရော ဘယ်လိုနေရာတွေမှာ ဖြစ်လာနိုင်မလဲ။

ဖြေ။ ။ ဖြစ်နိုင်ချေရှိတဲ့ နေရာတွေကတော့ ဗန်းမော်လမ်း ဒေါ့ဖုန်းယန်၊ ဆွမ်ပရာဘွမ့်၊ ကားမိုင်း အဲ့လိုမျိုး မြို့သေးနေရာတွေမှာက ဖြစ်လာနိုင်ပါတယ်။ စစ်တပ်က အရမ်းကြီး ခိုင်ခိုင်မာမာနဲ့ လုပ်ထားတဲ့နေရာတွေလည်း မဟုတ်ဘူးလေ။ မြို့ကြီးတွေကိုတော့ ဝင်ဖို့မဖြစ်နိုင်သေးဘူး။

မေး။ ။ KIA ဘက်ကလည်း ဒီနိုင်ငံရေးအခြေအနေမှာ ဘယ်လောက်ထိ လုပ်ဆောင်သွားဖို့ ရှိနေလဲ။ သူ့ရဲ့ ပန်းတိုင်က ဘယ်လောက်ထိရှိနေလဲလို့ ပြောလို့ရနိုင်ပါလဲ။ ဘယ်လို အပြောင်းအလဲထိ လုပ်နိုင်လဲ။

ဖြေ။ ။ နိုင်ငံရေးအဖြေဆိုတာက တစ်နိုင်ငံလုံးနဲ့ဆက်စပ်ပြီး သွားနေတာဖြစ်တဲ့အတွက် တခြားသူတွေရဲ့ ပြောင်းလဲမှုပေါ်မှာလည်း မူတည်မယ်ထင်ပါတယ်။ ဥပမာ – NUG နဲ့ လက်တွဲပြီး စစ်ရေးလှုပ်ရှားတာတွေကြောင့် ပြောင်းလဲမှုလည်း ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် KIA ရဲ့ လုပ်ဆောင်မှုက ဘယ်လောက်ထိ လုပ်ဆောင်နိုင်မလဲ ဆိုတာထက် တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လက်တွဲညီညီနဲ့ စစ်တပ်ကို အမြစ်ပြတ် ချေမှုန်းနိုင်မလဲ အရမ်းမူတည်ပါတယ်။

မေး။ ။ ဒါဆိုရင် အခုအားလုံးမျှော်လင့်နေကြတဲ့ ငြိမ်းချမ်းရေးက လက်နက်ကိုင်တော်လှန်မှ ဖြစ်နိုင်မလား။ ဒါမှမဟုတ် စားပွဲပေါ်ဆွေးနွေးမှ ဖြစ်လာနိုင်မလား။

ဖြေ။ ။ ဒီဟာနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးဂွန်မော်ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ BBC အင်တာဗျူးမှာလည်း ပြောပြီးသွားပြီ ဖြစ်တယ်။ တရက်တော့ စားပွဲပေါ်မှာ ပြောဆိုလာရမယ်ဆိုတာက KIO/KIA မှာလည်း ရှိနေတယ်။ ပြောရမယ်ဆိုရင်တော့ စစ်တပ်ကို အကုန်လုံးအမြစ်ပြတ် ချေမှုန်းနိုင်တဲ့တနေ့ဆိုတဲ့ လောဂျစ်ရှိတယ်။ ဒါကလည်း ၁၀ ၂၇ မတိုင်ခင်ကတည်းက ရှိနေတဲ့လောဂျစ်ပါ။ ဒါပေမယ့် နောက်ပိုင်း မြို့သိမ်းတိုက်ပွဲတွေ အများအပြား ရှိလာရင်တော့ တမျိုးပြန်ဖြစ်လာနိုင်တယ်ပေါ့လေ။

မေး။ ။ နောက်ဆုံးအနေနဲ့ ကချင်ပြည်နယ်ရဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေကို ဆရာအနေနဲ့ ဖြည့်စွက်ပြီး ဘာများထပ်ပြောပြချင်တာရှိပါလဲ။

ဖြေ။ ။ ဟုတ်၊ ကျနော်တို့အားလုံး တခုပြင်ဆင်ထားရမှာက ပြင်လည်းပြင်ဆင်ထားပြီလို့ ထင်တယ်။ ဥပမာ – ကချင်ပြည်နယ်က စစ်တပ်တွေအားလုံး လက်နက်ချပြီး ဆုတ်ခွာသွားပြီဆိုပါတော့ အဲ့ဒီအချိန်ကျရင် ပြည်သူလူထုကို Public Service တခါတည်း တည်ဆောက်ပေးဖို့ရန် ကြိုတင်ပြင်ဆင်ရမယ် ဖြစ်တယ်။ အဲဒီလို တည်ဆောက်တဲ့အခါမှာ ဘယ်သူ့ကို ထည့်မယ်မထည့်ဘူး ဆိုတာကို သိရမယ်။ ဥပမာ – လက်ရှိ စစ်တပ် လက်အောက်မှာ ရှိနေတဲ့သူတွေကို ဘယ်လိုဆောင်ရွက်မယ်။ ဒါကြောင့် ဒီကိစ္စကိုတော့ KIO/KIA အစိုးရ အနေနဲ့ရော ပြည်သူလူထုတွေရော အရေးကြီးတဲ့ ပြင်ဆင်ချက်တစ်ခု ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button