သတင်း

ကချင်မှာ မြို့နယ်အားလုံး ဖုန်းအင်တာနက်လိုင်းပြတ်တောက်နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်တစ်ချို့မှာ ဒီနေ့ကမနက် ၁၁ နာရီဝန်းကျင်ကစပြီး ဖုန်း၊အင်တာနက်လိုင်းအားလုံးပြတ်တောက်နေပါတယ်။

မတ်လ  ရက်နေ့ ဒီကနေ့မနက် ၁၁ နာရီထိ MPT,Ooreedoo,Telenor,Mytel  ဖုန်းအားလုံး ခေါ်ဆိုလို့ရခဲ့ပေမယ့် ၁၁ နာရီနောက်ပိုင်း ဖုန်း၊Wifi အင်တာနက်လိုင်းအားလုံးပြတ်တောက်နေတာကြောင့် ဆက်သွယ်လို့မရဘူးလို့ ချင်းမိုင်ရောက်နေတဲ့ မြစ်ကြီးနားဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

ဒီနေ့မနက်ထိ ကျနော်ဆက်လို့ရသေးတယ် ခုတစ်လုံးမှဆက်မရတော့ဘူးလို့ပြောပါတယ်။

ဒါ့အပြင် KNG သတင်းဌာနမှလည်း ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးကောင်း၊ ဖားကန့်၊ ဝိုင်းမော်၊ ပူတာအို၊ တနိုင်း၊  မိုးညှင်းအပါအဝင် ဗန်းမော်အစရှိတဲ့ မြို့နယ်က ဒေသခံတွေဆီကို  ဆက်သွယ်ခဲ့ပေမယ့် လက်ရှိသတင်းရေးနေတဲ့ နေ့လည် ၁၂ ခွဲအထိ ဆက်သွယ်လို့မရသေးပါဘူး။

ခုလို ဖုန်းအင်တာနက်ဖြတ်တောက်ခံလိုက်ရတာနဲ့ပတ်သက်ပြီး လိုင်ဇာဘက်ရောက်နေတဲ့ နိုင်ငံရေးလေ့လာသူတစ်ဦးသုံးသပ်တာကတော့ လက်ရှိ ကချင်စစ်ကိုင်းအစပ်ဒေသတစ်လျှောက် စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF   တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်တပ်အနေနဲ့ဖုန်းအင်တာနက်လိုင်းဖြတ်တောက်လိုက်တာဖြစ်နိုင်တယ်လို့ ခုလို သုံးသပ်ပြောဆိုပါတယ်။

ခုဖားကန့်မှာလည်း အကြီးအကျယ်ဖြစ်နေတာလေ စစ်တပ်ဘက်က အထိနာလာပြီဆို လုပ်နေကျဘဲကိုး အဲကြောင့် ကျနော့်အထင်ကတော့ ဒါတမင်ဖြတ်တာလို့ဘဲ ယူဆတယ်လို့ပြောပါတယ်။

ဒီလို ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်တာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဖုန်းအော်ပရေတာကို KNG ကို ဆက်သွယ်နေပေမယ့် လက်ရှိချိန်ထိ ဆက်သွယ်လို့မရသေးပါဘူ။

လက်ရှိ ကချင်ပြည်နယ်မှာ ဖားကန့် တာမခံစခန်းသိမ်းတိုက်ပွဲပြင်းထန်နေသလို ဒီကနေ့မနက်ပိုင်းကနေစပြီး မိုးကောင်းမြို့နယ်  မိုင်ဘက်မှာရှိတဲ့ကျေးရွာတွေကို စစ်တပ်က အတင်းအကြပ်ပြောင်းရွှေ့ခိုင်းတာတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ကြီးနား– မန္တလေးသွားလမ်းမပေါ်မှာရှိတဲ့ မိုးညှင်း၊မိုးကောင်းမြို့နယ်တွေမှာ စစ်တပ်က ဖေဖော်ဝါရီလ လဆန်းပိုင်းကနေ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့စစ်ကောင်စီတပ်သား အင်အားအများအပြား လာရောက်ပို့ဆောင်နေတယ်လို့ သိရပြီး မိုးညှင်းမြို့နယ် နန့်ခွင်နဲ့ပွင့်ဖြူကျေးရွာကြားမှာရှိတဲ့ ခမရ ၅၂၁ တပ်ရင်းမှာလည်း စစ်အင်အားဖြည့်နေတဲ့အပြင်  မနေ့ည သန်းခေါင်အထိ ဘတ်ဖိုးတွေနဲ့အရေးပေါ် ကတုတ်ကျင်းတူးနေတာတွေရှိခဲ့တယ်လို့ နန့်ခွင်ရွာသားတစ်ဦးက ဒီနေ့မနက် ဖုန်း၊ အင်တာနက်လိုင်း မပြတ်တောက်ခင် သတင်းပေးပို့ပါတယ်။

အလားတူဘဲ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ  ရက်နေ့ရွှေညောင်ပင် ၃၂၁ တပ်စခန်းပစ်ခံရပြီးနောက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဖားကန့်မြို့အပြင် မြို့နယ်တစ်ချို့မှာ ဖုန်း၊အင်တာနက်လိုင်း နှစ်ပတ် ဝန်းကျင်ဖြတ်တောက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button