သတင်းသတင်းဆောင်းပါး

KIO ဌာနချုပ်ကို ပိတ်ဆို့ထားတဲ့ စစ်ကောင်စီတပ်အားလုံးကို တိုက်ထုတ်မယ့် စစ်ဆင်ရေး

ကချင်ပြည်နယ် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို လုံခြုံရေးအရ ခြိမ်းခြောက်နေတဲ့ တပ်စခန်းအားလုံးကို ဖယ်ရှားဖို့ KIA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ၅ ရက်နေ့မြောက်နေ့အထိ တပ်စခန်းပေါင်း ၂၀ ကျော်ကို သိမ်းပိုက်ထားပြီလို့ သိရပါတယ်။

တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ် ရက္ခိုင့်တပ်တော် AA အပါအဝင် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ KPDF ၊ ကျောင်းသားတပ်မတော် ABSDF နဲ့ NUG လက်အောက်ခံ PDF တပ်ရင်းတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကတော့ မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ်  ၊ ဝိုင်းမော်မြို့နယ် အောင်မြေ ၁ ကျေးရွာကနေ မိုးမောက်မြို့အနီးထိ တပ်စခန်းကြီး ဒါဇင်ကျော်ရှိပြီး တပ်စခန်းငယ် အများအပြားရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက စစ်ဆင်ရေးစတင်တဲ့ ပထမရက်မှာ KNG ကို ဖြေဆိုထားပါတယ်။

၅ ရက်မြောက်နေ့အထိ သိမ်းပိုက်ထားတဲ့ လိုင်ဇာမြို့အနီးက အရေးပါတဲ့ တပ်စခန်းတွေကတော့ ဒေါ့ဖုန်းယန်မြို့တွင်း အခြေစိုက် ခလရ ၁၄၂ ၊ အင်တပ်ဘွမ် (Ntap Bum)၊ ရဟတ်ယာဉ်ကွင်းပါတဲ့ ရှဒါန်ပါ (Shadan Pa)၊ လိုင်ဇာမြို့အနီး ဖွန်းပရန်ဘွမ် (Hpun Pyen Bum) မဆင်ကောင့် (Masen Kawng)၊ လိုင်ဇာမြို့ကို ခြိမ်းခြောက်နေတဲ့ ခယာဘွမ် တို့ဖြစ်ပါတယ်။

ခယာဘွမ် အနီးက ဘွမ်ရေဘွမ်ကိုတော့ ထိုးစစ်ဆင်နေဆဲဖြစ်ပြီး သူ့ရဲ့ ကာကင်း စခန်းတွေကိုတော့ သိမ်းပိုက်ထားပြီလို့ သိရပါတယ်။

ဒါ့အပြင် မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်က မလိ (Mali) စခန်း၊ အောက်မြေ ၁ ကျေးရွာ Nlung Hka ပြည်သူ့စစ်စခန်း တို့ကိုလည်း သိမ်းပိုက်ထားပြီလို့ သိရပါတယ်။

စစ်ဆင်ရေး ဒုတိယရက် မတ်လ ၈ ရက်နေ့မှာတော့ ဒေါ့ဖုန်းယန်မြို့တွင်း အခြေစိုက် ခလရ-၁၄၂ (Hkang Kai Bum) စခန်းကို ထပ်ပြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ခလရ ၁၄၂ တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်တပ်ဘက်က ပထမဆုံး အလံဖြူထောင် လက်နက်ချခဲ့ပြီး တပ်တွင်းမိသားစု၊ ရဲ တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။

တစ်ဆက်တည်း စစ်ဆင်ရေး ဒုတိယနေ့တစ်ရက်တည်းမှာပဲ စစ်ကောင်စီ လက်အောက်ခံ  ဦးရွှေမင်း ပြည်သူ့အဖွဲ့ အခြေစိုက်ထားတဲ့ ဝိုင်းမော်မြို့နယ် အောင်မြေ(၁) ကျေးရွာ အင်လုန်ခ (Nlung Hka) ပြည်သူ့စစ်တပ်စခန်းကို သိမ်းပိုက်ပြီး မီးရှို့လိုက်ပါတယ်။ ဒါ့အပြင် ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း လည်း မတ်လ ၇ ရက်၊ ပထမနေ့မှာ တိုက်ခိုက်ခံရပြီး သေဆုံးသွားပါတယ်။

ဦးရွှေမင်း ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် လီဆူလူမျိုးစုတချို့ဟာ မိမိတို့နဲ့ ခံယူချက်ချင်းကွဲပြားပေမဲ့ သွေးချင်းညီအကိုတွေ ဖြစ်တာကြောင့် အရေးယူတာမျိုးမရှိပဲ နိုင်ငံရေးနဲ့စစ်ရေးတွေမှာ ဝင်ရောက်စွက်ဖက် ခြင်းမလုပ်တော့ပါ ဆိုတဲ့ ဝန်ခံကတိတွေနဲ့ ပြန်လွှတ်ပေးနေတယ်လို့ သိရပေမယ့် KNG က အသေးစိတ်တော့ အတည်မပြုနိုင်သေးပါဘူး။

ခယာဘွမ်တောင်ကုန်းစခန်းကိုတော့ စစ်ဆင်ရေး ၃ ရက်မြောက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ခယာဘွမ်အနီးက ဘွမ်ရေဘွမ် စခန်းကိုတော့ စစ်ဆင်ရေး ၅ ရက်မြောက်အထိ တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

အဲ့ဒီတောင်ကုန်းတွေပေါ် အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ အခိုင်အမာ ဗျူဟာမြောက်တဲ့ တပ်စခန်းကြီးတွေ ဖြစ်သလို KIO ဌာနချုပ်ရှိရာ လိုင်ဇာနဲ့ အနီးတစ်ဝှိုက်ဒေသကို ခြိမ်းခြောက်နေတဲ့ စခန်းဖြစ်တယ်လို့ သိရပါတယ်။

“ဒီစခန်းတွေက အရမ်းကိုအရေးပါတဲ့စခန်းတွေပါ လူထုတွေအတွက် အန္တရာယ်ပေးနေတဲ့ တောင်ကုန်း တွေပါ ခယာမှာဆိုရင် လက်နက်ကြီး ၄ လက် လောက်ချထားတယ်လို့သိရတယ်ဆိုတော့ တောက်လျှောက် မုန်လိုင်ခက်နဲ့ လိုင်ဇာဘက်တွေကို တောက်လျှောက်ပစ်နေတာ နှစ်ချီပြီ လိုင်ဇာမှာရှိတဲ့ အသက်တွေ အများကြီးလည်းဆုံးခဲ့ရပြီ အထူး သဖြင့် မနှစ်ကဖြစ်တဲ့ မုန်လိုင်ခက် စစ်ရှောင်စခန်းဖြစ်စဥ်တွေ ဒီစခန်းတွေက အမြဲတမ်းပြည်သူတွေကို ပြဿနာပေးနေတဲ့ တောင်ကုန်းတွေဖြစ်တယ်။ အထူးသဖြင့် ခယာတောင်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေကလည်း KIA ရော သူ့ရဲ့ မဟာမိတ်တပ်တွေရောရှိတဲ့ စခန်းတွေကို ပြဿနာပေးနေတယ် တောက်လျှောက် ပေါ့နော်” လို့ စစ်ရေးအခြေနေနဲ့ မြေပြင်အခြေနေသိရှိတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အရပ်သား ၂၉ ယောက် အထိ သေဆုံးခဲ့ရတဲ့ မုန်လိုင်ခက်ရွာ တိုက်ခိုက်ခံရမှုဖြစ်စဥ်တွေနဲ့ ဒီတပ်စခန်း ကုန်းတွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကပဲ လိုင်ဇာအနီးနေထိုင်တဲ့ရွာတွေက ဒေသခံတွေရဲ့ အသက် ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။

လူဦးရေအားဖြင့် ၅၀၀ ဝန်းကျင်လောက်နေထိုင်တဲ့ မုန်လိုင်ခက်ရွာ တိုက်ခိုက်ခံရမှုမှာ ကလေးငယ်အပါအဝင် ၂၉ ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့နားက ဗိုလ်လောင်းသင်တန်းကျောင်း ပစ်ခတ်ခံရချိန် ဗိုလ်လောင်း ၂၃ ယောက်သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

စစ်ရှောင် နှင့် အရပ်သားထိခိုက်သေဆုံးမှု

မတ်လ ၇ ရက်နေ့က လိုင်ဇာမြို့ ထဲ လက်နက်ကြီးကျလို့ ဝေကျိုင်ရပ်ကွက်က သားအမိနှစ်ယောက် လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အဲဒီနေ့ကပဲ မုန်လိုင်ခက်မှာလည်း လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ လိုင်ဇာတစ်ဖက်ခြမ်း တရုတ်နိုင်ငံဖက်ကို ကျရောက်တဲ့အတွက် တရုတ်နိုင်ငံဖက်က ပြည်သူတွေကို တရုတ်အစိုးရက ရင်ကျန်းမြို့အနီးအထိ နေရာပြောင်းရွေ့ထားတယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ် အောင်မြေ ၂ အနီးတိုက်ပွဲမှာ အောင်မြေ ၂ ဒေသခံတွေကို စစ်တပ်က လူသားဒိုင်းအဖြစ် အသုံးပြုနေပြီး ထွက်ခွာခွင့်ကို ပိတ်ထားတယ်လို့ သိရပါတယ်။

မတ်လ ၈ ရက်နေ့ကစပြီး ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေကို ရွာထဲကနေ ထွက်လာလို့မရအောင် ရွာအဝင်ထွက် အားလုံးကို ဝါးလုံးတန်း ပိတ်ဆို့ထားတာဖြစ်ပြီး မတ်လ ၁၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ ဒေသခံပြည်သူတွေကို ကယ်ထုတ်ဖို့ ညှိနှိုင်းလို့ မရတဲ့ အခြေအနေဖြစ်တယ်လို့ ညှိနှိုင်း ကူညီပေးနေတဲ့ တာဝန်ရှိသူ တစ်ယောက်က KNG ကိုပြောပါတယ်။

“ဒေသခံတွေ ထွက်ချင်တာက ရွာထဲမှာ အစားအသောက်ခက်တယ်။ ကလေးတွေ ဒုက္ခရောက်နေတယ်။ ရွာထဲမှာ သေဆုံး သူတွေလည်း ရှိနေတယ်။ သေဆုံးတဲ့သူတွေကိုတောင် ရွာခြံဝင်းနေရာတွေမှာ မြေမြှုပ်သဂြိုလ်ခိုင်းတယ်။ ဘယ်လိုမှထွက်လို့ မရဘူး။ မြောက်ပိုင်းဘက်ကလည်း လက်နက်ကြီးပစ်တယ်။ လေကြောင်းနဲ့လည်း ဗုံးလာကျဲတယ်။ ဒရုန်းနဲ့လည်း ပစ်ခံရတယ်။ မြေပြင်မှာလည်း ပစ်ခတ်နေကြတော့ ရွာသားတွေကကြောက်ပြီးအကုန်ထွက်ချင်ကြတယ် ဒါကြောင့် အကုန်ထွက်နိုင်ဖို့ ကြိုးစားနေကြတာ ဟုတ်တယ်”

ဒေါ့ဖုန်းယန်နဲ့ မြို့သစ်ကြား ကျေးရွာပေါင်း ၂၀ လောက်က ဒေသခံ ၅၀၀၀ ကျော်ကလည်း ဗန်းမော်မြို့နဲ့ မိုးမောက်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

စစ်ဆင်ရေး လားရာ

ပထမဆုံး ကချင်တော်လှန်ရေးအတွက် လိုအပ်တဲ့ငွေကြေးကို လားရှိုးမြို့ အစိုးရဘဏ်ကို တိုက်ခိုက်ခဲ့တဲ့ ၁၉၆၁ ခုနှစ် မတ်လ ၇ ရက်နေ့ရက်စွဲ နဲ့ အခုတစ်ခေါက် စစ်ဆင်ရေးကလဲ မတ်လ ၇ ရက်နေ့ဖြစ်တာကြောင့် စစ်ဆင်ရေးကို ‘၀၃၀၇’ စသဖြင့် လူမှုကွန်ရက်ပေါ်မှာ အမျိုးမျိုး ခေါ်ဆို ရေးသားနေကြတာတွေ့ရပါတယ်။

KIA ကတော့ စစ်ဆင်ရေးနာမည်ကို တရားဝင်ပြောဆို ထုတ်ပြန်ခြင်းမရှိပေမယ့် ဒီ စစ်ဆင်ရေးဟာ ကချင်ပြည်နယ်အတွင်း က စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို ရှင်းလင်းဖို့ဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောပါတယ်။

“ကချင်ပြည်နယ်အားလုံးက စစ်တပ်တွေကို နိုင်သလောက် ဖယ်ရှားဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အောင်မြင်ဖို့ဆို လူထုပါဝင်ဖို့ လိုအပ်ပါတယ်။” လို့ ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်ပြီး အာဏာသိမ်းပြီးချိန် ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG နဲ့ အတူပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင် ပေးခဲ့ပါတယ်။

ဒါကြောင့် လက်ရှိ စစ်ဆင်ရေးမှာလည်း KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင် NUG လက်အောက် ကာကွယ်ရေးတပ်ဖွဲ့တွေပါ ပါဝင်တယ်လို့  မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

ကချင် ဝါရင့် နိုင်ငံရေး လေ့လာသုံးသပ်တစ်ဦးပြောတာက “KIA ရဲ့ ထိုးစစ်ဆင်တာက ကချင်ပြည်နယ် လွတ်မြောက်ဖို့ ဆိုတာထက် တစ်ခြားတိုင်းနဲ့ ပြည်နယ်တွေရဲ့ ဖြစ်နေတဲ့စစ်ရေးကို တစ်ဖက်တစ်လှမ်းကနေ ကူညီနေတယ်လို့ပဲ မြင်မိပါတယ်။” လို့ သုံးသပ်ပါတယ်။

ကချင်ပြည်နယ်ထဲမှာတော့ KIA နဲ့ မဟာမိတ်တွေဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလကစ မြစ်ကြီးနား-ဗန်းမော် လမ်းပိုင်းမှာ ရှိတဲ့ လိုင်လွမ် အောင်ဂျာတပ်စခန်းနဲ့ ရွှေကူမြို့နယ်က ငဘတ်ကြီး တပ်စခန်းတွေကို စတင်သိမ်းပိုက်ခဲ့သလို ၂၀၂၄ နှစ်ဆန်းပိုင်းမှာတော့ မံစီမြို့နယ် နဲ့ ဖားကန့်မြို့နယ်ထဲက ကျေးရွာနဲ့ တပ်စခန်းအများအပြားကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ပါတယ်။

မတ်လ ပထမအပတ်အထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ဖားကန့်ဒေသက ဝှေခါတပ်စခန်း၊ မံစီမြို့နယ်ထဲက စီခမ်းကြီး တပ်စခန်း၊ မန်ဝိန်းကြီးတပ်စခန်းတွေ အပါ အဝင် မဂျီဂုန် လို အရေးပါတဲ့ တပ်စခန်းကြီး တွေ သိမ်းယူ နိုင်ခဲ့တာပါ။

ဒါ့အပြင် KIA နဲ့ PDF တွေပူးပေါင်းပြီးတိုက်ခိုက်တာဟာ ကချင်ဒေသတွင်းက တပ်စခန်းတွေတင် မဟုတ်ပဲ စစ်ကိုင်းနဲ့ ကချင်အစပ်က ခရိုင်အဆင့်ရှိတဲ့ ကောလင်းမြို့၊ ရှမ်းမြောက်နဲ့ ကချင်အစပ်က မဘိမ်းမြို့တွေကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Show More

Related Articles

Back to top button