
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံကျေးရွာစစ်တပ်ကုန်းကနေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီစစ်ကြောင်း လမ်းခုလတ်မှာ KIA ပူးပေါင်းတပ်တွေဘက်က ၂ ကြိမ် တိတိတိုက်ခိုက်လိုက်ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ ဖားကန့် KPDF အဖွဲ့တွေဆီကနေ သိရပါတယ်။
တာမခံကျေးရွာမှာထိုင်ထားတဲ့ အင်အား ၇၀ ကျော်ပါတဲ့ ခမရ ၁၁၉ တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၂၆ ရက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာတဲ့အတွက် မတ်လ ၉ ရက်နေ့မှာတော့ တာမခန်ကနေ ဆိုင်းတောင်ဘက်ကိုတပ်ဆုတ်ထွက်ပြေးလာချိန် စောင့်ကြိုတိုက်ခိုက်တာဖြစ်တယ်လို့ KPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။
“တာမခန်ကနေထွက်ပြေးသွားတဲ့စစ်ကြောင်းဟုတ်တယ် သူတို့က ပြေးလမ်းဖွင့်ပေးပါပြောလို့ ပြေးပေါက်တစ်ပေါက်ဖွင့်ပေးလိုက်တာ အဲ့လမ်းအတိုင်းဆိုင်းတောင်ဘက်ကိုပြေးသွားကြတာ လမ်းမှာကျွန်တော်တို့ ဒီဘက်ကကြားဖြတ်တိုက်ခိုက်ရေးအဖွဲ့တွေရှိတယ်လေ သူတို့နဲ့ထိတွေ့တိုက်ပွဲ ဖြစ်တာပေါ့မနေ့ကတစ်ကြိမ်ဒီနေ့မနက်တစ်ကြိမ်မှာ”လို့ သူကပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ မတ်လ ၉ ရက်နေ့ မနက် ၇ နာရီ ခွဲအချိန်မှာ တာမခန်ကနေ တောလမ်းအတိုင်းဆုတ်ခွာထွက်ပြေးသွားတာဖြစ်ပြီး မတ်လ ၁၀ ရက်နေ့မွန်းလွဲ ၂ နာရီအချိန်မှာ ကသိုဏ်းတောင်ကိုရောက်ခါနီး လမ်းခုလတ်မှာ KIA၊KPDF ပူးပေါင်းတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ပစ်ခတ်မှု ၂ နာရီ နီးပါးကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွင်း စစ်တပ်ဘက်အထိအခိုက်များတာကြောင့် မနေ့ည ကသိုဏ်းတောင်အနီး တောထဲမှာလညအိပ်တပ်စွဲခဲ့ကြပြီးနောက် ဒီကနေ့မနက် ဆိုင်းတောင်ဘက်ကနေ ကား ၅ စီးနဲ့လာကြိုချိန် နမ့်မှော်ရွာနားမှာနောက်ထပ်တစ်ကြိမ်တိုက်ခိုက်လိုက်တာကြောင့် စစ်ကောင်စီတပ်ရဲ့ ကားတစ်စီးပျက်စီးပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိသွားတယ်လို့ ဖားကန့် KPDF ကနေသိရပါတယ်။
“သူတို့ကိုဆိုင်းတောင်ကနေလာကြိုပုံရတယ် စစ်ကားတော့မဟုတ်ဘူး အရပ်သားတွေသုံးတဲ့ကားတွေနဲ့လာကြိုတာ ကားတစ်စီးထိခိုက်ပျက်စီးသွားတယ် လက်နက်ခဲယမ်း တွေလည်းသိမ်းဆည်းရမိပါတယ် စစ်သားတွေလည်းအရှင်ဖမ်းမိထားတာရှိတယ် မြေပြင်သတင်းအတိအကျကတော့မရနိုင်သေးဘူးဗျ လုပ်ငန်းတွေမပြီးပြတ်သေးဘူးမြေပြင်မှာဆောင်ရွက်နေကြတုန်းပါ”လို့ အထက်မှာဖော်ပြခဲ့တဲ့ KPDF တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
KIA၊KPDF တွေတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ကားတစ်စီးထဲကနေ ၆၀မမ၊ ၄၀ မမ တွေနဲ့အတူလက်နက်ငယ်အချို့သိမ်းဆည်းရမိပြီး အဲ့ကားပေါ်ကနေ စစ်သားအချို့အရှင်ဖမ်းမိထားပြီးသတင်းအသေးစိတ်ကိုအတည်ပြုနေ ဆဲ ဖြစ်ပါတယ်။ လွတ်မြောက်သွားတဲ့ကား ၄ စီးကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တာကြောင့် ဆိုင်းတောင်ဘက် ဒီနေ့ နေ့လည်ပိုင်းအထိ ပတ်ခတ်သံတွေကြားနေရဆဲလို့ဒေသခံတွေကဆိုပါတယ်။
ဒ့ါအပြင် မနေ့က စစ်ကောင်စီစစ်ကြောင်း ကသိုဏ်းတောင်မှာတိုက်ခိုက်ခံရချိန် ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေ အကြိမ်ပေါင်းများစွာယမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဆိုင်းအောင်ရွာထဲက ဘုန်းကြီးကျောင်းမှာတစ်လုံးကျရောက်ပေါက်ကွဲ ပြီးအရပ်သားထိခိုက်သေဆုံးတာတွေရှိသွားတယ်လို့ ဖားကန့်မြို့နေအမျိုးသားတစ်ဦးကပြောပါတယ်။
“တိုက်ပွဲ ဖြစ်တော့မနေ့ကလက်နက်ကြီးတွေအတော်ထုတယ် ဆိုင်းအောင်ရွာထဲက ဘုန်းကြီးကျောင်းမှာတစ်လုံးကျတယ်အဲ့မှာအလှူလုပ်ဖို့ထမင်းချက်နေတဲ့လူတွေရှိတဲ့ မီးဖိုချောင်ထဲကျတာတစ်ယောက်ကပွဲချင်းပြီး ၂ယောက်က ဒဏ်ရာရတယ် တစ်ယောက်ပါးစပ်ပြဲသွားတယ်”လို့ အထက်ဖော်ပြပါအရပ်သားတစ်ဦးကပြောပါတယ်။
တာမခံကျေးရွာစစ်တပ်ကုန်းကို KIA၊KPDF မဟာမိတ်ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၂၆ ရက်နေ့ကနေစပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ်လ ၉ ရက်နေ့ စစ်ကောင်စီ စစ်သားတွေတပ်ဆုတ်ထွက်ပြေးသွားတာကြောင့်လက်ရှိတာမခံကို KIA၊KPDF တွေထိန်းချုပ်ထားတာဖြစ်ပါတယ်။
By – Zaw Zaw