စစ်ရေးသတင်း

ဝိုင်းမော်မြို့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ လုံခြုံတဲ့နေရာပြင်ဆင်ထားဖို့လိုတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

ကချင်ပြည်နယ် ဝိုင်းမော်မြို့နဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာတွေပြင်ဆင်ထားဖို့လိုတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ  ရက်နေ့လောက်ကစပြီး မြစ်ကြီးနားဘက်ကနေပစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေဟာ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားတွေနေတဲ့နေရာတွေမှာကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားသေဆုံးမှုမြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ပြီးလုံခြုံတဲ့နေပြင်ဆင်ထားဖို့ လိုတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။

အဓိကကတော့ စကစဘက်က ရန်သူရှိမရှိဘာမှနားမလည်ဘူး ပြည်သူလူထုရှိတဲ့ဘက်မှာပဲ ရမ်းပစ်နေတာ အဲ့တာကိုတော့ကျနော်တို့ဂရုစိုက်ဖို့လိုပါတယ်။ တိုက်ပွဲမရှိဘူး KIA တွေမရှိဘူးဆိုပြီးမှ ကိုယ့်ရဲ့ နေရာတွေ ရပ်ကွက်တွေကလုံခြုံတာမဟုတ်ဘူးအဲ့တာကိုကျနော်ပြောလိုပါတယ်။ ဒါ့ကြောင့် လုံခြုံတဲ့နေရာတွေတော့ ပြင်ဆင်ထားဖို့ကတော့ လိုတယ်လို့ပြောလိုပါတယ်။လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေအတွင်း ကျေးရွာရပ်ကွက်တွေမှာရှိတဲ့ ဘာသာရေးအဆောက်အဦးနဲ့စာသင်ကျောင်းတွေမှာ စစ်ရှောင်တွေအနေနဲ့တိမ်းရှောင်နေကြပေမယ့် ဒီနေရာတွေကိုလည်း စစ်တပ်ကပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် လုံခြုံမှုမရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ခတ်ချိုရွာနဲ့ သိမ်ကြီးစုရွာမှာ ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ နှစ်ရက်ဆက်တိုက်အရပ်သားသေဆုံးမှုတွေရှိခဲ့ပြီး လက်နက်ကြီးကျခဲ့တဲ့နေရာတွေနဲ့ ဝိုင်းမော်မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲကြီးကြီးမားမားဖြစ်တာမရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူကဆက် ပြောပါ တယ်။

ဝိုင်းမော်မြို့ရဲ့ပတ်ဝန်းကျင်မှာကတော့တိုက်ပွဲတွေကမရှိပါဘူး ဒါပေမဲ့ စကစဘက်ကတော့ သူတို့ လုံခြုံ ရေး မြှင့်ပြီးမှတစ်ခါတစ်ရံ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေတော့ရှိပါတယ်။ နောက်တစ်ခုက သူတို့ မပခ ဘက်က နေ လက်နက်ကြီးနဲ့ပစ်တာတွေရှိတယ်။ ပြီးတော့ဒရုန်းနဲ့လေကြောင်းတွေရောပေါ့။ မြေပြင်တိုက်ပွဲကြီးကြီး ကျယ်ကျယ်ကတော့မရှိပါဘူးလို့ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကိုပါသိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် ခတ်ချိုရွာက အရပ်သား ၁၀  ဦး၊  ဝိုင်းမော်မြို့ သိမ်ကြီးစုက တစ်ဦး၊ လမြန်ရွာက ဒေသခံတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ တစ်လအတွင်း လက်နက်ကြီးကျည်ကြောင့် သေဆုံးသူ ၁၂ ဦးနဲ့ ကျည်ထိမှန်သေဆုံးတဲ့အရပ်သား ၂၀ ကျော်အထိရှိလာပြီဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲကြောင့်ပဲ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားသောင်းနဲ့ချီ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်ထဲက ဘေးလွှတ်ရာနေရာတွေမှာတိမ်းရှောင်နေကြရတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ဝိုင်းမော်မြို့အထိ KIA ပူးပေါင်းတပ်ဘက်က စစ်ရေးခြိမ်းခြောက်လာလို့ စစ်ရေးပြင်ဆင်မှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button