စစ်ရေးသတင်း

ကန်ပိုင်တည်မြို့မှာ တိုက်ပွဲတွေမဖော်ဆောင်ဖို့ ဒေသအတွင်း လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းနေ

ဆဒုံးမြို့တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်လိုက်ပြီးနောက် ကန်ပိုင်တည်မြို့မှာ တိုက်ပွဲဖော်ဆောင်တာတွေမလုပ်ပေးဖို့ ဒေသအတွင်းမှာရှိတဲ့ လက်နက်အဖွဲ့ကြား ညှိနှိုင်းဆောင်ရွက် တာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကန်ပိုင်တည်မြို့ဟာ ဌာနေပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ နေရာယူထားတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့တစ်ခုဖြစ်ပြီး လက်ရှိမှာ KIA ရဲ့ စစ်ဆင်ရေးက ကန်ပိုင်တည်မြို့ဘက်ကို ဦးတည်လာနေတာကြောင့် လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ကန်ပိုင်တည် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အခုပုံစံနဲ့ဆိုရင် တိုက်ပွဲက ဖြစ်လာနိုင်ခြေရှိတယ်။ ဒါပေမယ့် ဒီမှာက အရင်ကတည်းကနေ နယ်ခြား၊ ပြည်သူ့စစ်ဆိုပြီး နေလာခဲ့ကြတယ်ဆိုတော့ လူကြီးပိုင်းတွေက ဆွေးနွေးနေကြတယ်လို့ပြောကြတယ်။ ဆွေးနွေးနေကြတယ်လို့ ပြောတဲ့အထဲမှာက အဓိကတော့ တိုက်ပွဲတွေမဖြစ်အောင် ဆွေးနွေးနေကြတယ်လို့ပဲထင်နေကြတယ်လို့ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရက ပြည်သူ့စစ်နဲ့ နယ်ခြာစောင့်တပ်တွေက တိုက်ပွဲမဖော်ဆောင်ပေးဖို့ KIA ကိုညှိနှိုင်းပြောဆိုနေတယ်လို့ သိရပြီး အဲဒီဆွေးနွေးမှုမှာ တရုတ်အစိုးရလည်း ပါဝင်နိုင်တယ်လို့ ပြောဆိုနေကြပေမယ့် KNG အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

လက်ရှိမှာ ဒေသအတွင်း လက်နက်ကိုင်အချင်းအချင်း ဆွေးနွေးနေကြတယ်လို့သာ သိရှိရပြီးတော့ ကန်ပိုင်တည်မြို့ပေါ်မှာ တိုက်ပွဲမဖြစ်ပွားဖို့ ဘယ်လိုပုံစံနဲ့ ညှိနှိုင်းဆွေးနေကြတယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးပါဘူး။

ဇွန်လ ၁၁ ရက်နေ့မှာ KIA တပ်တွေက ဝိုင်းမော်ကနေ ဆဒုံး – ကန်ပိုင်တည်သွားလမ်း တစ်ကြောမှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်၊ ဘွမ့်တောင်ပြည်သူ့စစ်စခန်း၊ လဖိုင်ပြည်သူ့စစ်စခန်းနဲ့ ဆဒုံးဗျူဟာကုန်း စတဲ့ ဗျူဟာမြောက်တပ်စခန်းတွေကို တစ်ရက်ထဲမှာပဲ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

KIA ပူပေါင်းတပ်တွေက လက်ရှိမှာ ဆဒုံးမြို့အကျော် ကန်ပိုင်တည်မြို့နဲ့ ၁၀ မိုင်ကျော်လောက်အကွာနားမှာရှိတဲ့ ဝေမော(We Maw)အထိ ရောက်ရှိပြီး နေရာယူထားပြီဖြစ်တာကြောင့် ကန်ပိုင်တည်မြို့ကို သိမ်းပိုက်ဖို့ ဒေသခံပြည်သူတွေကြားမှာ ပြောဆိုနေကြတာဖြစ်ပါတယ်။

ဒါကြောင့် ကန်ပိုင်တည်ဒေသခံပြည်သူတွေက မြို့တွင်းတိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် နယ်စပ်ခြံစည်းရိုးကပ်ယက် လှိုင်ဂူရှိတဲ့အနီးတဝိုက်မှာ ယာယီတဲတွေ ဆောက်လုပ်ပြီး တိမ်းရှောင်ကြဖို့ စီစဉ်ထားကြတယ်လို့ ကန်ပိုင်တည်ဒေသခံ အမျိုးသားက ဆက်ဆိုပါတယ်။

ပြည်သူတွေတစ်ချို့ကျတော့ နယ်စပ်နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်။ လှိုင်ဂူပေါ်နားမှာ ယာယီတဲတွေထိုးပြီး တစ်ချို့ဆိုရင် သွားတောင် သွားအိပ်နေကြပြီ။ ရွာမှာဆိုရင်လည်း  နာရီနောက်ပိုင်းဆို အပြင်အထွက်ခိုင်းတော့ဘူးလို့ပြောပါတယ်။

ကန်ပိုင်တည်မြို့တွင်း အစိုးရ ဌာနရုံးစိုက်ရာနေရာ

တိုက်ပွဲတွေဖြစ်လာမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံ အိမ်ခြေ ၁၀၀ ကျော်လောက်က တိမ်းရှောင်ဖို့ သတ်မှတ်ထားတဲ့ နေရာမှာ ယာယီတဲတွေ ဆောင်လုပ်ထားတာတွေ၊ နောက်ပြီး မြို့တွင်းမှာလည်း  နာရီနောက်ပိုင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားတယ်လို့သိရပါတယ်။

ကန်ပိုင်တည်ဒေသဟာ လက်နက်ကိုင်  ဖွဲ့လောက်ရှိတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့တစ်ခုဖြစ်တာကြောင့် လက်နက်ကိုင်အချင်းချင်းကြား တိုက်ပွဲတွေ ဖော်ဆောင်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ဝိုင်းမော်ကနေ ဆဒုံးမြို့အထိ KIA ပူးပေါင်းတပ်တွေက အပြီးသတ်ထိန်းချုပ်လိုက်ပြီး လက်ရှိမှာ စစ်ကောင်စီတပ်တွေရှိတဲ့ ကန်ပိုင်တည်မြို့တစ်ခုသာ ကျန်ရှိနေပြီဖြစ်တာကြောင့် KIA က ကန်ပိုင်တည်မြို့ကိုပါ ထိန်းချုပ်လာနိုင်တယ်လို့ စစ်ရေးသိကျွမ်းတဲ့ ဝိုင်းဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောဆိုလာပါတယ်။

ဘာပဲဖြစ်ဖြစ် ဆဒုံးအထိတောင် သိမ်းထားပြီဆိုတော့ ကန်ပိုင်တည်ကတော့ ဖြစ်လာမယ်လို့ ထင်တယ်။ ပြီးရင် KIA ရဲ့ စစ်ဆင်ရေးကလည်း ကန်ပိုင်တည်အထိ ပါမယ်လို့ထင်တယ်။ ပြီးရင် အဲမှာရှိတဲ့ နယ်ကြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်တွေကလည်း ကန်ပိုင်တည်ကို မထိပေးဖို့ တောင်းဆိုထားတာတွေလည်းကြားနေရတယ်။ ဒါပေမယ့် KIA သဘောက လိုအပ်ရင်တော့ လုပ်မှာပဲလို့ပြောပါတယ်။

ဇွန်လ ၁၁ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲမှာ ဝိုင်းမော်ကနေ ဆဒုံးမြို့အထိ စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်း  ခုလောက်နဲ့ ရဲစခန်းအပါ ရှေ့တန်း တပ်စခန်းငယ် ၁၀ ခုကျော်လောက်ကို KIA က သိမ်းပိုက်လိုက်နိုင်တာလည်းဖြစ်ပါတယ်။

၂၀၂၀ မတ်လ ကိုဗစ်ကာလအတွင်း ကန်ပိုက်တည်ရှိ လက်မှတ်ပြုလုပ်ပေးနေသည့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက တပ်ချနေထိုင်ထားတဲ့ တပ်စခန်းနေရာတွေကို တပ်စွန့်ခွာ ထွက်ပြေးသွားကြတာများပြီး ကန်ပိုင်တည်အနီးတဝိုက်မှာရှိတဲ့ နယ်ခြားစောင့်တပ်တွေကလည်း အများပိုင်းက တပ်စွန့်ခွာပြီး မြို့ထဲကို ဝင်သွားကြတယ်လို့ သိရပါတယ်။

ဒါကြောင့် KIA က တပ်စခန်း ၁၀ ခုကျော်လောက်ကို ထိခိုက်မှုအနည်းဆုံးနဲ့ သိမ်းပိုက်ယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။

KIA တပ်တွေ သိမ်းပိုက်ရရှိထားတဲ့ ဆဒုံးဗျူဟာကုန်းအပါ အဲဒီတပ်စခန်းနေရာတွေမှာ နေရာယူထားပြီး ရှင်းလင်းရေးတွေ လုပ်ဆောင်နေသေးတယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုအခုလိုပြောပါတယ်။

ဟုတ်ကဲ့ ဆဒုံးဗျူဟာကုန်းကိုတော့ မနေ့က သိမ်းပိုက်လိုက်တာဖြစ်တယ်။ ဒီနေ့က မြေပြင်တိုက်ပွဲတွေကတော့ ဘာမှ မကြားရသေးဘူး။ မနေ့က သိမ်းထားပြီဖြစ်တဲ့ ဗျူဟာကုန်းနဲ့ တပ်စခန်းတွေမှာက KIA တပ်တွေ နေရာယူထားပြီဖြစ်တယ်။ မနေ့ကအထိတော့ တပ်စခန်းတွေ ထိန်းချုပ်လိုက်ပြီးတော့ ဒီကနေ့ မြို့တွင်းနေရာတွေမှာက လိုအပ်တဲ့နေရာတွေမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာလည်း နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကို KIA တပ်တွေ အပြီးသတ်ထိန်းချုပ်လိုက်တာ ဖြစ်ပြီး လက်ရှိမှာ KIO ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီလည်းဖြစ်ပါတယ်။

ဒါကြောင့် KIA/KIO တပ်တွေက ကချင်ပြည်ရဲ့ မြစ်ကြီးနားမြို့ကို ဆက်သွယ်ထားပြီး စီးပွားရေးအရ အလွန်အရေးပါတဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေး စခန်းကို ပြန်လည်ထိန်းချုပ်ဖို့ရန်အတွက်လည်း ကြိုးစားနေတာလည်းဖြစ်တယ်လို့ ပြည်သူတွေက သုံးသပ်နေကြတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button