တိုက်ပွဲသတင်း

ဝူယန်ပြည်သူ့စစ်တိုက်ခိုက်ခံရမှုကြောင့် တိုက်ပွဲပြင်းထန်ခဲ့

ဝိုင်းမော်မြို့နယ် ဝူယန်ပြည်သူ့စစ်တပ်စခန်းကို ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ဝူယန်ပြည်သူ့စစ်စခန်းတိုက်ခိုက်ခံရတာကြောင့် ခလရ ၅၈ တပ်ရင်းကို လုံခြုံရေးယူပေးနေတဲ့အဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

တိုက်ပွဲဖြစ်တာက ဝူယန်မှာဟုတ်တယ်။ ဝိုင်းမော် ခလရ ၅၈ တပ်ရင်း ကို လုံခြုံရေးယူပေးနေတဲ့ ကာကင်းအဖွဲ့တွေနဲ့ ဖြစ်တာဖြစ်တယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်အတွင်းမှာ မြစ်ကြီးနား မပခဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ပေးတယ်။ နောက် ရဟတ်ယာဉ်တွေနဲ့လည်း လာပစ်ပါတယ်လို့ပြောပါတယ်။

မနေ့ည ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်ကနေ ရဟတ်ယာဉ် ၂ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး ဝိုင်းမော် ခလရ ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကနေ လည်း လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

KIA ဘက်ကနေ ဝူယန်ပြည်သူ့စစ်စခန်းကို သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဝူယန်ကျေးရွာအနီး KIA ပူးပေါင်းတပ်တွေရှိနေတဲ့ နေရာဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ ထပ်မံလာရောက်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။

“KIA တပ်တွေလည်း ဝူယန်ကျေးရွာအနီးတဝိုက်မှာရှိနေကြတာဟုတ်တယ်။ မနေ့ကတော့ ၅၈ တပ်ရင်းဘက်ကနေ စစ်တပ်နဲ့ ပြည်သူ့စစ်တွေ တက်လာပြီး လာပစ်တယ်။ အဲတာကြောင့် ဝူယန်နဲ့ လမြန်ကြားမှာ တိုက်ပွဲတော်တော်ပြင်းထန်ခဲ့တယ်။ စစ်တပ်ဘက်ကလည်း လေယာဉ်တွေနဲ့ လာပစ်တယ်။ ပြီးရင် လက်နက်ကြီးတွေလည်း ပစ်ကြတယ်။ ည ၈ နာရီလောက်မှ အသံတွေက ပြန်ငြိမ်သွားတယ်လို့ပြောပါတယ်။

ဝိုင်းမော်ဒေသခံ သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ စစ်တပ်ဘက်က KIA တပ်တွေရှိတဲ့ နေရာဘက်ကို သွားရောက် မပစ်ခတ်မှီ KIA တပ်တွေက ဝူယန်ပြည်သူ့စစ်တပ်စခန်းကို သွားရောက်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန် စစ်ရေးတင်းမာမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ ခလရ ၅၈ တပ်ရင်းနဲ့ ဝူယန်ပြည်သူ့စစ် တပ်စခန်း ၂ ခုသာကျန်ရှိနေတာကြောင့် စစ်တပ်ဘက်လည်း လက်မလွတ်ရလေအောင် စစ်တပ်နဲ့ ပြည်သူ့စစ်အင်အား အများအပြားက ၅၈ တပ်ရင်းအနီးတဝိုက်မှာ ကာကင်းစခန်းချပြီး လုံခြုံရေးရယူထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခလရ ၅၈ တပ်ရင်းနဲ့ ဝူယန်ပြည်သူ့စစ်တပ်စခန်းကို လက်မလွတ်ရေးအတွက် စစ်တပ်ဘက်ကနေ စစ်အင်အားတိုးချဲ့ထားတဲ့ထဲမှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ မင်းဇေသန့်အဖွဲ့တွေလည်း ဒရုန်းစစ်ဆင်ရေးနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေတယ်လို့လည်း ဝိုင်းမော်ဒေသခံ သတင်းအရင်းအမြစ်တွေကပြောပါတယ်။

တဖက်မှာ KIA ပူးပေါင်းတပ်တွေကလည်း ဝူယန်၊ လမြန်၊ မုတ်ကျိတ် စတဲ့ ကျေးရွာအနီးတဝိုက်မှာ ရှိနေကြတာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ဝူယန်ပြည်သူ့စစ်စခန်းနဲ့ ခလရ ၅၈ တပ်ရင်းကို သိမ်းပိုက်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်တွေက ဇွန်လ ၁၁ ရက်နေ့မှာ ဝိုင်းမော်မြို့နယ်ထဲ စစ်တပ်စခန်းတွေကျန်ရှိနေသေးတဲ့ ဝိုင်းမော် နဲ့ ဆဒုံး – ကန်ပိုင်တည်သွားလမ်ပေါ်က စစ်တပ်စခန်းနဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို တစ်ခုမကျန် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ ဝိုင်းမော်မြို့နဲ့ အနီးဆုံးနေရာရှိနေတဲ့ ခလရ ၅၈ တပ်ရင်းနဲ့ ဝူယန်ပြည်သူ့စစ် တပ်စခန်း ၂ ခုသာ ကျန်ရှိနေတော့တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button