ပူတာအို – နောင်မွန်ကားလမ်းပိုင်းပျက်စီးနေတဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်နဲ့ နောင်မွန်မြို့နယ်ကိုဆက်သွယ်ပေးထားတဲ့ ကားလမ်းပိုင်းမှာမြေပြိုနေတာကြောင့်ဒေသခံတွေသွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။
ပူတာအိုနဲ့ နောင်မွန်ကြား မချမ်းဘော့မြို့နယ်ထဲမှာရက်ပေါင်း ၂၀ အကြာ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် မချမ်းဘော့နယ်ထဲက အလန်ဂါးကျေးရွာနဲ့ ထန်ဂါးကျေးရွာကြားမှာရှိတဲ့ ကားလမ်းပိုင်းမြေပြိုနေတာလို့ ဆိုပါတယ်။
“တောင်တွေပြိုပြီးကားလမ်းဖုံသွားတာ ပေ ၁၀၀၊ ၂၀၀ လောက်ကိုဖုံးသွားတာ သုံးလေးနေရာလောက်ဖုံးသွားတာတော့ ဘယ်လို့မှသွားလာလို့မရဘူး။ ဆိုင်ကယ်လေးတောင်သွားလို့မရဘူးတဲ့ ခြေလျှင်ပဲသွားလို့ရတယ် ပြိုတာက အလန်ဂါးနဲ့ထန်ဂါးကြားမှာဟုတ်တယ်။ အဲ့နေရာကနှစ်တိုင်းလိုလိုပြိုတယ်ပြီးခဲ့တဲ့အပတ်ကပြိုတာ”လို့ ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
ကားလမ်းမြေပြိုသွားတဲ့နေရာဟာ အလန်ဂါးကျေးရွာနဲ့ ထန်ဂါးကျေးရွာကြားက ဒေသအခေါ် ( သုံးထပ်ကွေ့)နေရာမှာဖြစ်ပြီး ဇွန်လ ၁၅ ရက်နေ့နောက်ပိုင်းကတည်းက အသွားအလာပြတ်တောက်သွားတာလို့သိရပါတယ်။
အခုလိုနောင်မွန်– ပူတာအိုကားလမ်းမြေပြိုတာကြောင့်နောင်မွန်ဘက်ကိုကုန်စည်ကားတွေအဝင်ရပ်တန့်နေပြီး ကုန်စျေးတွေတက်နေသလို တစ်ချို့စားသောက်ကုန်တွေလည်းပြတ်လပ်နေတယ်လို့ နောက်ထပ် ဒေသခံအမျိုးသားက KNG ကိုဆက်ပြောပါတယ်။
“လောလောဆယ်ဟိုဘက်ကလည်းလာလို့မရသလိုဒီဘက်ကလည်းသွားလို့မရတော့ ဟိုမှာ(နောင်မွန်)က တော်တော်ခက်ခဲနေကြတယ်။ ဆန်ဆိုရင်လည်းတစ်အိတ်ကို ၃၇၀၀၀၀ လောက်ရှိတယ်။ဒါတောင်အိတ်ပြည့်မဟုတ်ဘူး ဒီဇယ်ကလည်းတစ်ဂါလံကိုတစ်သိန်းခွဲတဲ့ ဆန်၊ဆီ၊ဆားလောက်တော့ရှိသေးတယ်တဲ့တခြား ငပိ၊ငါးခြောက်လိုမျိုး စားသောက်ကုန်တွေကတော့မရှိသလောက်ဖြစ်နေပြီ”လို့ ပြောပါတယ်။
နောင်မွန်မြို့နယ်အတွက် စက်သုံးဆီ၊ အခြေခံစားသောက်ကုန်တွေနဲ့အခြားသောလူသုံးကုန် ပစ္စည်းတွေအတွက် ပူတာအိုဘက်ကနေသာ သယ်ယူရဝာာဖြစ်ပါတယ်။
သို့သော် လက်ရှိ ပူတာအိုမြို့နယ်ထဲမှာလည်းအ ခြေခံစားသောက်ကုန်တွေ လုံလောက်မှုမရှိတာကြောင့် ဒေသခံတွေ အဖက်ဖက်ကနေ ခက်ခဲနေကြတယ်လို့ သိရပါတယ်။
အခုလိုကားလမ်းပိုင်းပြတ်တောက်နေတာကြောင့်အခြေခံစားသောက်ကုန်တွေစျေးကြီးနေသလို ဒီဇယ်အဝင်မရှိတဲ့အတွက် လယ်ထွန်းဖို့စက်သုံးဆီအခက်အခဲတွေကြုံတွေ့နေတယ်လို့ဒေသခံတွေကဆိုပါတယ်။
နောင်မွန်– ပူတာအိုကားလမ်းပိုင်းဟာ မြေသားလမ်းဖြစ်တာကြောင့် နှစ်စဥ်မိုးရာသီကာလမှာ လမ်းပိုင်းမြေပြိုတာတွေမကြာခဏ ကြုံတွေ့လျက်ရှိပြီး ပြီးခဲ့တဲ့နှစ်ကလည်း လက်ရှိမြေပြိုသွားတဲ့အလန်ဂါးနဲ့ထန်ဂါးကြားမှာ မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
By – Zaw Zaw